ကွမ်းယာဇာတ်လမ်းလေးတစ်ပုဒ်

https://4.bp.blogspot.com/--_bWfQwgGM4/VyzRWmMquBI/AAAAAAAAADo/N1NuXVSUQk43rhxHM9vhNnwBHfXYhWPjwCLcB/s1600/m_20160506_115120_174265.jpg

ကွမ်းစားခြင်းဟာ ကျန်းမာရေးရှုထောင့်ကပဲကြည့်ကြည့်၊ လူမှုရေးရှုထောင့်ကပဲကြည့်ကြည့် ကောင်းကျိုးထက် ဆိုးကျိုးက ပိုးများပါတယ်။ ကွမ်းစားခြင်းကြောင့် ခံတွင်း ကင်ဆာ၊ လည်ချောင်းကင်ဆာနဲ့ အခြားကင်ဆာ အမျိုးမျိုး ကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ကွမ်းစားပြီး ကွမ်းတံတွေးတွေကို စည်းမဲ့ကမ်းမဲ့ ထွေးကြတာလည်း မကောင်းတဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်။ ကွမ်းစားခြင်း ကြောင့် ဖြစ်ပေါ်လာတဲ့ဆိုးကျိုးတွေ စဉ်းစားမိရင်း ကွမ်းယာနဲ့ပတ်သက်တဲ့ ဝတ္ထုတိုလေးတစ်ပုဒ် ဖတ်ခဲ့ဖူးတာ လည်းခုထိအမှတ်ထင်ထင် ရှိနေပါ သေးတယ်။ ငွေတာရီ မဂ္ဂဇင်းမှာလို့ ထင်ပါတယ်။ ဝတ္ထုတိုရေးဆရာကိုမမှတ်မိ ပေမယ့် အကြောင်း အရာကတော့ ကောင်းကောင်းမှတ်
မိနေပါသေးတယ်။ ဝတ္ထုနာမည်က “ရှား၊ ထုံး၊ ကွမ်းသီး၊ ဆေး” ဖြစ်ပါတယ်။ ဝတ္ထုတိုလေးရဲ့ အကြောင်း အရာကဒီလိုပါ။ အသက် အရွယ်ကလည်း ငယ်ငယ်ရွယ်ရွယ်၊ ရုပ်ရည်ကလည်းသနား ကမား၊ သွက်လက် ချက်ချာ လှတဲ့ မနှင်းမှုံဆိုတဲ့ မိန်းမချောလေး တစ်ယောက်ဟာ မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ပုလဲငွေရောင် ရပ်ကွက်မှာကွမ်းယာရောင်းပါတယ်။ ရုပ်က လည်းချော၊ လက်ရာကလည်း ကောင်းဆိုတော့ မနှင်းမှုံရဲ့ ကွမ်းယာဆိုင်ကရောင်းအားဟာလက်မလည်နိုင်အောင် ပါပဲ။ ကွမ်းယာကို ကြိုက်လို့ ဝယ်စားကြ သူတွေရှိသလို၊ ပိုးကြေးပန်းကြေးလုပ်ချင်လို့ လာပြီးဝယ်စားကြသူတွေလည်းရှိပါတယ်။

မနှင်းမှုံရဲ့ကွမ်းယာဆိုင်ဟာ ဆိုင်ဖွင့်ချိန်ကနေ ဆိုင်ပိတ်ချိန်အထိ ဖောက်သည်တွေနဲ့ပြတ်တယ်လို့ကိုမရှိပါ ဘူး။ “လူသတင်းလူချင်းဆောင်၊ ပန်းသတင်းလေညင်း ဆောင်” ဆိုတာလိုပါပဲ။ ရပ်ကွက်ထဲကသူတွေတင် မဟုတ်ဘဲ တခြားရပ်ကွက်ကကိုကိုကာလသားတွေလည်းဆိုင်ကယ် နဲ့တစ်မျိုး၊ ကားနဲ့တစ်ဖုံလာပြီးအားပေးကြပါတယ်။ အဲဒီ အထဲမှာသူဌေးသားလူကုံထံတွေ၊ ပညာတတ်တွေတောင်ပါလိုက်ပါသေးတယ်။

တချို့က ကွမ်းယာဝယ်ရင်းမနှင်းမှုံကိုတည့်တည့် တစ်မျိုး၊ သွယ်ဝိုက်၍ တစ်ဖုံရည်းစားစကားပြောကြပါ သေးတယ်။ တချို့ကျတော့လည်း ကွမ်းယာမဟုတ်ဘဲ ဆေးလိပ်ဝယ်သောက်ပြီး မနှင်းမှုံအလှကိုမသိမသာ တစ်မျိုး၊ သိသိသာသာ တစ်မျိုးမျက်မှန်နက်ကြီးတွေတပ်ပြီး ကြည့်ကြပါသေးတယ်။ ခေတ်စကားနဲ့ ပြောရရင် တော့ လာလာပြီးတော့ ရှိုးကြတယ်ပေါ့။ ကွမ်းယာဆိုင်တွေက ဆေးလိပ်လည်းတွဲပြီး ရောင်းလေ့ရှိ တတ်ကြပါတယ်။ တချို့က ကွမ်းယာကိုကြိုက်လို့ဝယ်စားသူတွေ မဟုတ်ဘဲ မနှင်းမှုံရဲ့အချစ်ကိုဆွတ်ခူးဖို့ ကြိုးစားနေကြသူ တွေ ဖြစ်ပါတယ်။ မနှင်းမှုံကတော့ ဈေးသည်ပီပီပဲဈေးဝယ် သူအားလုံးနဲ့ အဆင်ပြေအောင် ဆက်ဆံပြောဆိုတတ်သူပါ။

ကားနဲ့လာဝယ်လို့၊ ဆိုင်ကယ်နဲ့လာဝယ်လို့၊ စက်ဘီးနဲ့ လာဝယ်လို့၊ ဆိုက်ကားနဲ့လာဝယ်လို့၊ ခြေကျင်လာဝယ်လို့ ဆိုပြီးခွဲခြားဆက်ဆံမှုမရှိပါဘူး။ အားလုံးကိုရောင်းသူဝယ်သူ ဆက်ဆံရေးမျိုး၊ အလုပ်သဘောဆက်ဆံရေး မျိုးကလွဲပြီး ဘယ်သူ့ဘယ်သူကိုမှ မျက်နှာသာပေးဆက်ဆံတာမျိုးမရှိပါဘူး။
မနှင်းမှုံကိုယ်တိုင်လည်း မနက်တိုင်းဆိုင်ဖွင့်ဖို့လာရင် ဆိုက်ကားနဲ့ လာပါတယ်။ ညနေဆိုင်ပိတ်လို့ ပြန်ရင် လည်းဆိုက်ကားနဲ့ ပြန်ပါတယ်။ ဆိုင်အသွားအပြန်ကို လူပျိုကြီး ကိုကျော်မြင့်ရဲ့ ဆိုက်ကားကိုပဲစီးပါတယ်။
ကိုကျော်မြင့်က မနှင်းမှုံနဲ့တစ်ရပ်ကွက်တည်း ဖြစ်တဲ့အပြင် အိမ်နားနီးချင်းတွေပါ။ ကိုကျော်မြင့်က လည်းမနက်တိုင်း မနှင်းမှုံကို ကွမ်းယာဆိုင်လိုက်ပို့ပြီးမှသာ ဆိုက်ကားဂိတ် ကိုသွားပါတယ်။ မနှင်းမှုံကလည်း ကိုကျော်မြင့် အတွက် ကွမ်းယာတစ်ထုပ် ထည့်ပေးလိုက်ပါတယ်။ ကိုကျော်မြင့် ကလည်းမနှင်းမှုံဆီက ဆိုက်ကားခရယ်လို့ မယူပါဘူး။ ကိုကျော်မြင့်ဟာ ရှား၊ ထုံး၊ ကွမ်းသီး၊ ဆေးနဲ့ပဲအမြဲစားလေ့ရှိသူဖြစ်ပါတယ်။

ကိုကျော်မြင့်တစ်ယောက်လည်း ညနေအလုပ်သိမ်းလို့ အိမ်ပြန်မယ်ဆိုရင် မနှင်းမှုံရဲ့ ကွမ်းယာဆိုင်ဘက်က လှည့်ပြန်ပါတယ်။ မနှင်းမှုံကလည်း ကိုကျော်မြင့်ပြန်လာ ချိန်ကိုအမြဲပဲစောင့်ပြီးမှ ပြန်လေ့ရှိပါတယ်။ ကိုကျော်မြင့် အလုပ်သိမ်းလို့ပြန်လာချိန်အထိ မနှင်းမှုံရဲ့ကွမ်းယာဆိုင်က ဝယ်သူတွေနဲ့ စည်ကားနေတုန်းပါ။ မနှင်းမှုံဆီ ပိုးကြေး ပန်းကြေးနဲ့ လာနေကြသူတွေကို ကိုကျော်မြင့်တစ်ယောက် အတော်မျက်မှန်းတန်းမိနေပါပြီ။ အဲလိုမြင်ရတိုင်းလည်းဆိုက်ကားသမားကိုကျော်မြင့်ရဲ့ရင်ထဲမှာဘာမှန်းမသိတဲ့ ဝေဒနာကိုအောင့်သက်သက်နဲ့ ခံစားရပါတယ်။ ဒီလိုမျိုးခံစားနေရတဲ့ ဝေဒနာတွေ များလာတဲ့အခါ ကိုကျော်မြင့်တစ်ယောက် အလုပ်သိမ်း အိမ်အပြန်တစ်နေ့ မှာမနှင်းမှုံကိုရင်ဖွင့်လိုက်ပါတော့တယ်။ ဆိုင်ကိုမကြာခဏ လာပြီးမနှင်းမှုံကိုပိုးပန်းနေကြတဲ့ သူဌေးသားပညာတတ် တွေနဲ့ မနှင်းမှုံကိုစိတ်မချတော့ဘူးလို့ ပြောလိုက်ပါတယ်။

မနှင်းမှုံကိုအထင်သေးလို့ အခုလိုပြောရတာမဟုတ်ဘူးလို့ လည်းစကားခံလိုက်ပါသေးတယ်။ ကိုကျော်မြင့်ရဲ့ ရင်ဖွင့်မှုကို မနှင်းမှုံကအခုလိုပဲတုံ့ပြန်လိုက်ပါတယ်။ “တချို့တွေက နှင်းမှုံကွမ်းယာဆိုင်လာတယ်။ ကွမ်းယာ ဝယ်စား တယ်။ လက်တစ်ဖက်ကလည်း ဆေးလိပ်ကိုင်ပြီးသောက်လိုက် သေးတယ်။ နှင်းမှုံကိုပိုးကြေး ပန်းကြေးလုပ်ဖို့ လာကြတယ်။ တစ်ချိန်တည်းမှာပဲလမ်းပေါ် ဖြတ်သွားဖြတ်လာရှိနေ ကြတဲ့ တခြားမိန်းကလေး တစ်ယောက်ကိုလည်းငေးမိ အောင်ငေးလိုက်သေးတယ်။

သူတို့ဟာကွမ်းစားရင်းဆေး လိပ်သောက်တတ်တယ်။ ဆေးလိပ်သောက်ရင်းကွမ်းစား တတ်တယ်။ တစ်ချိန်တည်းမှာ အရသာနှစ်မျိုးကိုခံစား တတ်သူတွေ ဖြစ်တယ်။ သူတို့ကို နှင်းမှုံ ဘယ်လိုယုံကြည် နိုင်မှာလဲ။ အလုပ်သဘောအရ သာဆက်ဆံပြောဆိုနေရ တာပါ။ စိတ်ချပါ ကိုကျော်မြင့်ရယ်လို့ ဆိုလိုက်ပါတယ်။

ဆင်ခြင်တုံတရားအပြည့်နဲ့ ရှင်းပြတာကို ကြားလိုက် ရတဲ့ ကိုကျော်မြင့်တစ်ယောက် မနှင်းမှုံကိုလေးစားမိရင်း လေးစားရင်း ဖြစ်သွားရပါတော့တယ်။ တစ်ချိန်တည်းမှာပဲ ရှားရယ်၊ ထုံးရယ်၊ ကွမ်းသီးရယ်၊ ဆေးရယ်ကိုပဲအမြဲတမ်း တစ်မျိုးတည်းစွဲစွဲမြဲမြဲစားသုံးနေတဲ့ ကိုကျော်မြင့်ကို ကျတော့ ရောလို့ သိလိုဇောနဲ့မနှင်းမှုံကို မေးခွန်းထုတ်လိုက်ပါတယ်။ သူရဲ့အဓိပ္ပာယ်ကတော့ တည်ကြည်တာ၊ ရိုးသားတာကို ပြတဲ့ သင်္ကေတပေါ့လို့ မနှင်းမှုံက ပြန်ဖြေလိုက်ပါတယ်။

ကွမ်းယာပုံပြင်လေးကတော့ ဒါပါပဲ။ သွားကိုက်လို့ ရှား၊ ထုံး၊ ကွမ်းသီး၊ ဆေးပါတဲ့ ကွမ်းယာလေးတစ်ယာစား မိရင်းက ဖတ်ခဲ့ဖူးတဲ့ဝတ္ထု လေးတစ်ပုဒ်ကိုသတိရမိလို့ ပြန်ပြီးဖောက်သည်ချလိုက်တာပါ။ ဒီဝတ္ထုလေးမှာပါတဲ့ ဇာတ်ကောင်တွေနဲ့ စရိုက်တွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကျော်လောက်ကဖြစ်ခဲ့တဲ့ အကြောင်းအရာလေးတွေပါ။

ဆက်စပ်တွေးမိတာကတော့ မနှင်းမှုံရဲ့ စဉ်းစားရွေးချယ် ပုံဟာဒီနေ့ဒီအချိန်ထိလည်းခေတ်မီနေဆဲပဲလို့ ယူဆမိပါ တယ်။ ကွမ်းယာဆိုင်ရှေ့ ဖြတ်လျှောက်မိတိုင်းလည်း မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ပုလဲငွေရောင် ရပ်ကွက် ကဆိုက်ကားဆရာကိုကျော်မြင့်နဲ့ ကွမ်းယာသည်မလေး မနှင်းမှုံတို့ရဲ့ဇာတ်လမ်းကိုသတိ တရဖြစ်နေမိ ပါတယ်။

ကျော်နိုင်တင့်
B.A (English)

ကြေးမုံသတင်းစာ (၁၉.၃.၂၀၁၇)

Powered by Bullraider.com