ပူလောင်နေသူများ

http://assets-cdn.ekantipur.com/images/third-party/miscellaneous/27032016081715f25b31263ffff9e2e7009ea3f679fac7-1000x0.jpg

ပါဠိစာပေကိုလေ့လာကြည့်ရင် “ဖရုသ်” ဆိုတာတွေ့ရလိမ့်မယ်။ “ကြမ်းတမ်းသော” “ဆဲရေးတိုင်းထွာသော” လို့ အဓိပ္ပာယ်ရပါတယ်။ များသောအားဖြင့် သိကြတာက “ဖရုဿဝါစာ” လို့ပေါ့။ “ဝါဆာ” ဆိုတာက “စကား” လို့ အနက်ရတော့ “ဖရုဿဝါဆာ” ဆိုတာ

“ကြမ်းတမ်းယုတ်မာစွာ ပြောဆိုသောစကား၊ ဆဲရေးတိုင်းထွာ ပြောဆိုသောစကား” လို့ အနက်ပြန်နိုင်ပါ လိမ့်မယ်။

မဃဒေဝထဲမှာ

“ယုတ်မာစကား၊ ဒေါသအားဖြင့်၊ ပြစ်မှား ချွတ်လွဲ၊ စွပ်စွဲ ဖရုသ်၊ ဆဲဆိုခုတ်သား၊ ကြမ်းကြုတ် ဝစန၊ နှုတ်ဓားမလည်း၊ သူများကိုယ်မှာ၊ အရာမရှိ၊ မိမိကိုယ်သာ၊ ဖြတ်တတ်စွာ၏” လို့ ဆိုထားပါတယ်။

ဒီခေတ်မှာ ဒါတွေကိုလည်း လေ့လာသင်ယူနိုင်အောင် ပြုစုပျိုးထောင်ပေးခြင်း မခံရလေတော့ ကိုယ့်နှုတ်က ဖရုဿဝါဆာ ပြောလိုက်တာဟာ ကိုယ့်လည်ပင်း ကိုယ်ပြန်ဖြတ်သလို ဖြစ်တတ်တယ်ဆိုတာလည်း နားလည် မယ့်ပုံ မပေါ်ဘူး။

ဗုဒ္ဓက

“အတုလ်

ဤကဲ့ရဲ့ခြင်းသည် ယခုသာမဟုတ်၊ ရှေး၌လည်းရှိ၏

ဆိတ်ဆိတ်နေသော သူကိုလည်း၊ ကဲ့ရဲ့ကုန်၏

များစွာ ပြောဟောသော သူကိုလည်း ကဲ့ရဲ့ကုန်၏

အတိုင်းအရှည်ဖြင့် ပြောဟောသော သူကိုလည်း ကဲ့ရဲ့ကုန်၏

အကဲ့ရဲ့ လွတ်သောသူသည်

လောက၌မရှိ”

ဘာလုပ်လုပ် ကဲ့ရဲ့နေကြမှာပဲ။ ဘာကြောင့်လဲဆိုတော့ ကိုယ်ကျိုးစီးပွားတွေနဲ့ ယှဉ်နေကြလို့။ ဖြစ်ချင်တာတွေ မဖြစ်ရတော့ ပူလောင်ပြီး မငြိမ်းချမ်းတော့ဘူး။ ဒါကြောင့် ပါးစပ်တွေက ဖရုဿဝါဆာတွေ လျှံထွက် အံထွက် လာတတ်ကြတယ်။ ရင်ထဲက ခံစားချက်တွေကို အံထုတ်ပြီးတော့ ကိုယ့်လည်ပင်း ကိုယ်ပြန်ဖြတ်နေကြတယ်။

ဗုဒ္ဓက ဟောခဲ့တာ ရှင်းရှင်းလေး

“ပညာရှိတို့သည် ကိုယ်ဖြင့် စောင့်စည်းကုန်၏

နှုတ်ဖြင့် စောင့်စည်းကုန်၏

စိတ်ဖြင့် စောင့်စည်းကုန်၏

ပညာရှိတို့သည် ကောင်းစွာ အလုံးစုံကို စောင့်စည်းသူများ ဖြစ်ကုန်၏”

ရှင်းရှင်းလေးပဲ ပညာမရှိတော့ ဘာတစ်မှကို စောင့်စည်းစရာ မလိုဘူးဆိုပြီး ကိုယ့်စကားနဲ့ ကိုယ့်လည်ပင်း ကိုယ်ပြန်ဖြတ်နေတာကို အားထုတ်ခြင်းနဲ့ပဲ အောင်နိုင်ဖို့ ကြိုးစားကြရမယ်။ ဒါကိုလည်း ဗုဒ္ဓက ကြိုမြင်လို့ ဟောပြီးသား

“အမျက်ထွက်သူကို အမျက်မထွက်ခြင်းဖြင့် အောင်ရာ၏

မကောင်းသူကို ကောင်းခြင်းဖြင့် အောင်ရာ၏

စေးနဲသူကို ပေးကမ်းခြင်းဖြင့် အောင်ရာ၏

မမှန်မကန်ပြောသူကို မှန်ကန်ခြင်းဖြင့် အောင်ရာ၏”

ဗုဒ္ဓရဲ့အတွေးအမြင်တွေဟာ ခေတ်တွေကို အများကြီးထင်ဟပ်နေတတ်ပါတယ်။ ဗုဒ္ဓဘာသာဝင်လို့ ကိုယ့်ကိုယ်ကိုယ် ထင်ထားရင် ဆင်ခြင်ကြည့်ထား အမှားမရှိနိုင်ပါဘူး။

(ရည်ညွှန်း - ဓမ္မပဒ၊ ကောဓဝဂ္ဂ)

၁၆.၄.၂၀၁၇

Powered by Bullraider.com