ငါ့အထဲမှာ ငါကိုရှာ

http://files.umwblogs.org/graphicnovel.umwblogs.org/files/2015/10/01165830/shutterstock_sample-phrases-for-creativity-and-innovation-on-your-performance-review-620x250.jpg

Creative, Creativity ဆိုတာကို မြန်မာလိုတော့ “တီထွင်ဖန်တီးနိုင်စွမ်း” “တီထွင်ဖန်တီးဉာဏ်” လို့ပြောကြပါ တယ်။

အမှန်တော့ စိတ်ကူးပါ။ အဲဒီစိတ်ကူးက ရိုးရိုး သာမန်စိတ်ကူးတော့ မဟုတ်ပါဘူး။ ကိုယ့်မှာရှိတဲ့ ကိုယ့် အတွင်းထဲမှာ ရှိနေတဲ့ စိတ်ကူး။ ကိုယ့်စိတ်ထဲမှာ ရှိနေတဲ့ “Original Ideas” လို့ လည်း အဘိဓာန်မှာ ပြဆိုတယ်။ Creativity လုပ်တယ်ဆိုတာ သူများစိတ်ကူးကို ခိုးပြီးတော့ လုပ်တာ မဟုတ်ဘူး။ ကိုယ်ပိုင် စိတ်ကူး၊ ကိုယ်ပိုင်အတွေးနဲ့ တစ်ခုခုကို ဖန်တီးတာ (create something) ကို ပြောတာပါ။

ကမ္ဘာပေါ်မှာ ပထမဆုံး ကိုယ်ပိုင်ဖန်တီးတွေးခေါ်မှုပညာကို သင်ကြားခဲ့သူ၊ တစ်နည်းပြောရရင် ကမ္ဘာ့ပထမဆုံး Creativity Teacher ဟာ လွန်ခဲ့တဲ့ ဘီစီ ၅၀၀ လောက်ကတည်းက ပေါ်ထွန်းခဲ့ပါတယ်။ သူကတော့ ဂရိ တွေးခေါ်ပညာရှင်ကြီး ဟေရာကလိုက်တပ်စ်ပေါ့။ အဲဒီခေတ်ကတည်းက သူပြောသွားခဲ့တဲ့ စကားတစ်ခွန်းဟာ Creativity အတွက် ကျော်ကြားသွားခဲ့တယ်။

“I search into myself” ဆိုတဲ့စကားပဲ

အရာရာဟာ ကိုယ့်ထံမှာ ရှိနေတယ်။ ကိုယ့်ကိုယ်ထဲမှာ ရှိနေတယ်။ ဒါကြောင့် အဝေးကြီးရှာစရာမလိုဘူး။ ကိုယ့်ကိုယ်ကိုယ် ဦးဆုံးရှာ၊ ကိုယ့်ကိုယ်ထဲမှာ ဦးဆုံးရှာကြည့်လိုက်။ လူတိုင်းက “ဆရာ” နောက်လိုက်တယ်။ ဆရာရှာတယ်။ ကိုယ့်ကိုယ်ထဲမှာ ပကတိအရှိတရားကို ရှာဖွေဖို့ မေ့နေကြတယ်။

ဟေရာကလိုက်တပ်စ် သင်ကြားသွားတဲ့ Creativity နည်းကို ကျွန်တော်တို့ ပြန်လည် သုံးသပ်သင့်ပါတယ်။

-       ခင်ဗျားမှာ ပညာတော့ ရှိရမယ်။ ပညာတော့ တတ်အောင် သင်ရမယ်။ ဒါပေမဲ့ တစ်ခါတစ်လေ ကိုယ် တတ်ထားတဲ့ ပညာဆိုတာကို မေ့ထားနိုင်ရမယ်။ ဘာကြောင့်လဲဆိုတော့ ခင်ဗျား သိထားတဲ့ ပညာဗဟုသုတလေးကို ကိုင်စွဲထားရင် အဖြေမှန်ကို ရောက်ချင်မှ ရောက်လိမ့်မယ်။ ဆိုလိုတာက ခင်ဗျားလက်ထဲမှာ တူတစ်ချောင်းပဲ ကိုင်ထားရင် အရာရာကို ခင်ဗျားက သံတွေလို့ပဲ မြင်နေမိလိမ့်မယ်။

-       မမျှော်လင့်တာတွေ အများကြီး ဖြစ်လာနိုင်တယ်ဆိုတာ သိထားရမယ်။ အဲဒီလို မထင်မှတ်တာတွေ ဖြစ်လာရင် မတုန်လှုပ်သွားရဘူး၊ မကြောက်ရွံ့သွားရဘူး။ ခေါင်းအေးအေးထားပြီး ကိုင်တွယ်ဖြေရှင်း နိုင်စွမ်းရှိရမယ်။

-       အလုပ်ကြိုးစားလုပ်သူတွေဖြစ်ရမယ်။ လိုအပ်ရင် ဘာမှမလုပ်ဘဲ တစ်နေကုန် ထိုင်ချင်လည်း ထိုင်နေ တာမျိုးတွေကို လုပ်ကောင်းလုပ်နိုင်တယ်။ ဒီကောင်တစ်နေကုန် ငုတ်တုတ်ထိုင်နေတာပဲဆိုပြီး အထင် သေးလို့မရဘူး။

-       သူအများကြီး တီထွင်မယ်၊ ဖန်တီးမယ်၊ ဘာလုပ်လုပ်၊ ကောင်းချင်မှလည်း ကောင်းမယ်၊ အောင်မြင် ချင်မှလည်း အောင်မြင်လိမ့်မယ်။ ဒါပေမဲ့ သူ့ကိုကြည့်လိုက်ရင် အမြဲတီထွင်နေတတ်တယ်။

-       တစ်ခုခုကို သူလည်းမြင်မယ်၊ ကိုယ်လည်းမြင်မယ်။ ဒါပေမဲ့ သူမြင်တာနဲ့ ကိုယ်မြင်တာ မတူဘူး။ လမ်းပေါ်က ငှက်ပျောခွံတစ်ခုကို ခင်ဗျားက အမှိုက်လို့ မြင်ပေမယ့် သူက ကော့ပျံနေတာလေးကြည့် ပြီး အနုပညာတစ်ခုလို့ ထင်ကောင်း ထင်နိုင်တယ်။

-       သူအရမ်းအောင်မြင်ချင်တယ်။ ဒါကြောင့် အောင်မြင်အောင် လျှောက်လုပ်နေတယ်ဆိုတာထက်၊ သူ့အောင်မြင်မှုကို မကျရှုံးသွားအောင် ဘယ်လိုဆက်ထိန်းရမယ်ဆိုတာကိုလည်း သူကြံဆောင် နေတတ်တယ်။

-       ဇွဲကောင်းတာ သူ့ကိုလိုက်မမီနိုင်ဘူး။ ဒါပေမဲ့ ထင်ရာမြင်ရာ မဟုတ်တဲ့နေရာမှာ ဇွဲကောင်းနေတာ မဟုတ်ဘူး။ မဟုတ်ဘူး၊ မမှန်ဘူးထင်ရင် ၁၀ နှစ်လောက်တည်ဆောက်ခဲ့တာကိုလည်း ၁၀ မိနစ်လောက်နဲ့ ဖျက်ချင်ရင် ဖျက်ပစ်လိုက်တယ်။

-       ကျွမ်းကျင်သူတွေ ပညာရှင်တွေပြောတာကို သူနားထောင်တတ်တယ်။ ဒါပေမဲ့ ယူချင်တာယူတယ်၊ လျစ်လျူရှုသင့်တာတွေ လှည့်မကြည့်ဘူး။

ကဲ … Creativity တွေ Creative Thinking တွေ သင်ချင်ပါတယ်၊ လေ့လာချင်ပါတယ်ဆိုတဲ့သူတွေမှာ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ကြည့်လိုက်ပါဦး။ ဟေရာကလိုက်တပ်စ်ပြောချင်တာတွေကို ဦးဆုံးသဘောပေါက် ပြီးပြီလားလို့။

၂၁.၄.၂၀၁၇

Powered by Bullraider.com