မှန်ကြည့်တတ်သလား

https://reverandandys.files.wordpress.com/2012/12/girl-looking-in-mirror.jpeg

ရုပ်ရှင်တစ်ကွက် ကြည့်လိုက်ရတယ်။ ရင်ထဲကို နင့်နေအောင်ဖြစ်သွားတယ်။

အသက် ၆ နှစ်အရွယ် ကလေးမလေးကို သူ့မိခင်က

“သမီးကြီးလာရင် ဘာဖြစ်ချင်သလဲ” လို့ မေးလိုက်တယ်။

ဒီမေးခွန်းက မိဘတိုင်း သားသမီးတွေကို မျှော်လင့်ချက်နဲ့ မေးလေ့ရှိတာပဲ။ ကလေးမလေးက သူ့အမေကို ဘယ်လို ပြန်ပြောသလဲ သိလား

“မေမေ မေးသင့်တာက ဖြစ်ချင်တာကို မမေးဘဲ … လုပ်ချင်တာကို မေးသင့်တာ”

ကျွန်တော် နားလည်အောင် ပြန်ပြီး ကြိုးစားရတယ်။

သူ့မိခင်က “to be” လို့ မေးလိုက်တာကို ကလေးက “to do” လို့ပြန်ပြီးတော့ တောင်းဆိုနေတာ။ ကလေးက

“မေမေတို့ဖြစ်ချင်တာ သမီး မဖြစ်ချင်ဘူး … သမီးလုပ်ချင်တာ ဆရာဝန် မဟုတ်ဘူး။ သမီးလုပ်ချင်တာ စကားပြန်” တဲ့။

ရုပ်ရှင်ကို ဆက်မကြည့်ဖြစ်တော့ဘူး။ အဲဒီတစ်ကွက်က ကျွန်တော့်ကို အတွေးတွေ အများကြီး ပေးနေပြီ။

တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်ဖတ်နေတဲ့ စာအုပ်ထဲက စာတစ်ကြောင်း ကလည်း

“မှန်ကြည့်တတ်သလား”

ဒီညတော့ အိပ်မရအောင် အတွေးတွေများရပြီ။

ကဲ … ကိုယ့်ကိုယ်ကိုယ်လည်း မေးကြည့် စမ်းပါဦး။ မှန်ကြည့် တတ်သလား။ မှန်ကို ဘာကြောင့် ကြည့်တာလဲ။

မှန်ကြည့်တာ ကိုယ်ပြုံးရင် သူပြန်ပြုံး … ကိုယ်မဲ့ရင် သူပြန်မဲ့တာလောက်ကို လိုချင်လို့လား

ငါလှသလား … အဆင်ပြေရဲ့လား … ချစ်စရာ ကောင်းပါ့မလား … ငါ့မှာ သူများတွေ လှောင်စရာ အပြစ်တွေ မရှိနိုင်ပါဘူးဆိုတာလောက်ကို သိချင်လို့ ကြည့်တာလား

မှန်ဘာကြောင့် ကြည့်သလဲ

မှန်ကိုတစ်ချက်လောက်ကြည့်ပြီးတော့ နောက် ၁၀ နှစ်၊ နောက် နှစ် ၂၀ ၊ နောက် ၃၀ … ၄၀ … ၅၀ … ၆၀ ကျော်ပြီးတော့ မြင်ကြည့်သလား

လူတွေက မှန်ကြည့်ရင် ပစ္စက္ခကိုပဲကြည့်တာ

ဆံပင်တွေ ဖြူကြည့်လိုက် … မျက်မှန်လေးတပ်ကြည့်လိုက် … ပါးပေါ်မှာ အရေးအကြောင်းလေးတွေ တင်ကြည့် လိုက်

ရင့်ကျက်အောင် မကြည့်တတ်ဘဲ အမြင်အတိုင်းသာယာနေသမျှ မှန်မကြည့်တတ်သေးဘူးတဲ့

မှန်ကြည့်တယ်ဆိုတာလည်း To be လား To do လား ကွဲပြားအောင် ခွဲခြားသင့်တယ်။

မှန်ထဲမှာ ဖြစ်ချင်တာကြောင့် ကြည့်နေတာလား

မှန်ထဲကြည့်ပြီး ဘာလုပ်ရတော့မယ်ဆိုတာ ဆင်ခြင်နိုင်အောင်ကြည့်တာလား

မှန်ဆိုတာ နေ့စဉ် ကျွန်တော်တို့ကို ခြောက်လှန့်နေတဲ့ ပုံရိပ်တစ်ခုပါ။

၂၂.၄.၂၀၁၇

Powered by Bullraider.com