ကျေးဇူးစကား၏အခြားမဲ့ကို ဆင်ခြင်မိခြင်း

သည်လထဲမှာ နိုင်ငံရေးအကျဉ်းသား အတော်များများလွတ်လာကြ၏။ လွှတ်ပေးလိုက်သည့်အထဲတွင် လူမျိုးစု ခေါင်းဆောင်၊ ကျောင်းသားခေါင်းဆောင်၊ သံဃာတော်တချို့နှင့်အတူ အခြားလူသိနည်းသည့် နိုင်/ကျဉ်းတွေလည်းပါ လာ၏။

လွှတ်ပေးလိုက်သည့်အပေါ် အမြင်တွေလည်း အထွေထွေအပြားပြားရှိ၏။ ထွေပြားလို့လည်းဖြစ်၏။ အပြစ် မဆိုသာ။ အမြင်ဆိုသည်က ပြောသူ၏နောက်ခံနှင့်ဆိုင်၏။ သံတမန်သည် သံခင်းတမန်ခင်း၊ ပညာရှင်သည် ပညာရှင် စကား၊ နိုင်ငံရေးသမားသည် နိုင်ငံရေးအရပြောကြမည်ဖြစ်၏။

ဤနေရာတွင် နယ်ပယ်ကိုသိခြင်း အရေးကြီးမည်ယူဆ ၏။ နိုင်ငံရေးသမားသည်လည်း တခါတရံတွင် သံခင်းတမန်ခင်းတွေ ဆိုရတတ်ပြန်၏။ သူ့နယ်ပယ်အလိုက် သူ့စကား သူပြောကြတာ ပြဿနာမဟုတ်။ ပြဿနာက လွှတ်ပေးသည့်ကိစ္စအပေါ် လူတချို့က ကိုယ်တိုင်ကျေးဇူးတင်ရုံနှင့် အားမရ။ အခြားသူတို့ကိုပါ ကျေးဇူးတင်ပေးစေချင်သည့်နှယ် ပြောသံဆိုသံတွေထွက်လာခြင်း။ ဦးသိန်းစိန်အစိုးရကို ကျေးဇူးမတင်လျှင် နိုင်ငံရေးအဝါးမဝသလိုလို၊ အဆိုးမြင်ဝါဒီလိုလို ယိုးကြတာတော့ မဟုတ်သေးဟုထင်၏။ ထို့ထက် ဆိုးသည်က ကျေးဇူးတင်စကားမဆိုသူအား ကျေးဇူးတရားနားမလည်သူ၊ ကျေးစွပ်တတ်သူနှယ် ပြောဆိုခြင်းပင်။

အခု နောက်ဆုံးအသုတ် မလွတ်ခင်တရက်ကပဲ ပုဒ်မ ၄၀၁ အပိုဒ် ၁ နှင့်စပ်၍ ဆောင်းပါးတပုဒ်ရေးဖြစ်၏။ သူတို့လွတ်သည့်နေ့မှာပဲ ဘလော့ဂ်ပေါ်တင်ဖြစ်၏။ တိုက်ဆိုင်မှုမဟုတ်။ တိုက်ဆိုင်အောင် တမင်လုပ်ယူရခြင်းဖြစ်၏။  ၄၀၁ ကိုသိသူတွေရှိသလို မသိသူတွေလည်းရှိ၏။ သိသူများမှာပင် တချို့ကဗူးလုံးနားမထွင်း ဖြစ်နေတာလေးတွေ လည်းရှိ၏။ ထို့ကြောင့် ထိုဆောင်းပါးရေးဖြစ်ခြင်းဖြစ်၏။

သည်တုန်းက (ဘယ်လိုပဲလွတ်လွတ်၊ လွတ်ဖို့သာအဓိက ဆိုတဲ့ အကောက်အယူနဲ့ပတ်သက်လို့တော့ လောလောဆယ်မှာ ဘာသဘောထားမှတ်ချက်မှ မပေးလိုသေးပါဘူး။ နောင်တော့ ပြောချင်ပါတယ်) ဆိုထားခဲ့ပြီး မပြောဖြစ်။ ပြောစရာမလိုလောက်တော့ဟု ထင်မိလိုက်တာလည်းပါ၏။ ခုတော့ ပြောစရာပေါ်လာ၏။ ပြောချင်လာ၏။ ထို့ကြောင့် ပြော၏။

အရင်ဆုံးဝေါဟာရအကြောင်း ပြောကြည့်မည်တွေး၏။ ကျနော်တို့ ထောင်ထဲရှိတုန်းက "နိုင်ငံရေးအကျဉ်းသား" (နိုင်/ကျဉ်း) နှင့် "ယုံကြည်ချက်ကြောင့်အကျဉ်းကျခံရသူ"(ယုံ/ကျဉ်း) ဟူ၍ ဝေါဟာရအနက်ပေါ် အငြင်းအခုံ ယခုလောက်မပြင်းသေး။ သို့နှင့်တိုင် ပြောတော့ပြောဖြစ်ကြ၏။ တချို့က နိုင်/ကျဉ်းဆိုသည်ကိုနှစ်ခြိုက်ပြီး တချို့က ယုံ/ကျဉ်းဆိုသည်ကို ဘဝင်ကျကြ၏။ နိုင်ငံတကာမှာပင် မည်သည့်အချက်အလက်၊ အခြေအနေနှင့်ကိုက်ညီမှ နိုင်/ကျဉ်းဖြစ်သည်ဟုသတ်မှတ်ရာ၌ မသိမသာကွဲလွဲတာတွေလည်းရှိနေ၏။

ထို့ထက် ပိုဆိုးသည်က ဗမာပြည်။ ဗမာ ပြည်တွင် ထိုသတ်မှတ်ချက်က ခုချိန်ထိသတ်သတ်မှတ်မှတ်မရှိ။ နိုင်ငံရေးကိစ္စတွင်ပါဝင်ပြီး အခြားပုဒ်မမျိုးစုံဖြင့် ထောင်ချခံထားရသူတွေလည်း တပုံကြီး။ နိုင်ငံရေးနှင့် မဆိုင်သော်လည်း ဆိုင်သယောင်ဆွဲထည့်လို့ရပြီး နိုင်/ကျဉ်းတွေ လွှတ်သည့်အခါ ရောင်တော်ပြန်လွတ်သူတွေလည်း အများကြီး။ ထားတော့။ ပြောရလျှင် များလိမ့်မည်။

ယုံ/ကျဉ်းနှင့်ပတ်သက်၍လည်း သတ်မှတ်ချက်တွေ တပုံတခေါင်း။ ထိုအထဲမှ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာ ခွင့်အဖွဲ့ကြီးကတော့ ယုံ/ကျဉ်းဆိုသည်မှာ --Amnesty International campaigns for the release of prisoners of conscience – people who have been jailed because of their political, religious or other conscientiously-held beliefs, ethnic origin, sex, color, language, national or social origin, economic status, birth, sexual orientation or other status -- ဟု ဆိုထား၏။

ထိုအထဲတွင် နိုင်ငံရေးကြောင့် ထောင်သွင်းအကျဉ်းချခံရသူလည်း အကြုံးဝင်၏။ ကျနော်က ရှေးနည်းနည်းဆန်သည်လား၊ သတင်းစာဆန်ဆန်ဝေါဟာရ အတီအထွင်အချို့ကို မနှစ်သက် တတ်တာလား၊ သံခင်းတမန်ခင်း ဆန်လွန်းသည်ကို ဘဝင်မကျတတ်တာလား ဘာလားညာလားတော့မပြောတတ်။ နိုင်/ကျဉ်းဆိုသည်ကိုသာ နှစ်ခြိုက်၏။ ပြောရလျှင် စာရှည်မှာစိုး၏။ ထားတော့။

ယခု ပြန်လွှတ်ပေးလိုက်သူများတွင် နိုင်ငံရေးလုပ်ပြီး၊ နိုင်ငံရေးစွဲချက်တွေနှင့် ထောင်ချခံရပြီးမှပြန်လွတ်လာသူ တွေချည်းမဟုတ်။ ရောင်တော်ပြန်တွေလည်းပါ၏။ ဤနေရာတွင် ရောင်တော်ပြန်တွေအကြောင်း ပြောလိုရင်းမဟုတ်။ နိုင်/ကျဉ်းတွေကိစ္စသာ ကွက်ပြောပါမည်။

နိုင်/ကျဉ်းတွေကိုဖမ်းစဉ်ကတည်းက နိုင်ငံရေးသမားလိုဖမ်းသည်မဟုတ်။ နိုင်ငံရေးသမားလို ဆက်ဆံသည်မဟုတ်။ စစ်ကြောရေးစခန်းနှင့်နှိပ်စက်ညှင်းပမ်းမှုများ ဘယ်သူမှမလွတ်။ အပြင်းနှင့် အပျော့သာကွာ၏။ တခါ ရုံးတင်တရားစွဲတော့ရော နိုင်ငံရေးနှင့်မဆိုင်သည့်ပုဒ်မတွေ တသီကြီးအပိုဆောင်းတပ်သေး ၏။

တချို့မှာ ရှေ့နေငှားဖို့မဆိုနှင့် ကိုယ်တိုင်ထုချေလျှောက်လဲခွင့်ပင် မရကြ။ အကျဉ်းရုံးစစ်ဆေးအပြစ်ပေးခြင်းဆိုပြီး မမြင်ကွယ်ရာတွင် ထင်သလိုတရားစီရင်မှု။ ထောင်ထဲရောက်ပြန်တော့လည်း နိုင်/ကျဉ်းဟု တရားဝင်သတ်မှတ်ပြီး သီးခြားခံစားခွင့်ရပိုင်ခွင့်က မရှိသလောက်။

တခါ နိုင်/ကျဉ်းခြင်းအတူတူမှာတောင် နိုင်ငံရေးအရ အရေးပါမှုအလိုက် အဆင့်သတ်မှတ် ဆက်ဆံပြန်၏။ လွတ်ရက်စေ့ဖြင့် လွတ်သည့်တိုင်(ကျနော်တို့လွတ်သည့်အချိန်က) အပြင်ရောက် တော့လည်း လွတ်လွတ်ကျွတ်ကျွတ်မဟုတ်။ သတင်းပို့ရတာ၊ သန်းကောင်စာရင်းအစစ်ခံရတာ၊ လက်မှတ်သွားသွား ထိုးရတာတွေရှိသေး၏။ လွတ်ရက်စေ့မဟုတ်ပဲ နိုင်ငံရေးအမြတ်ထုတ်လို၍ လွှတ်သည့်အခါများတွင်လည်း နိုင်/ကျဉ်း တွေဆီက ရသမျှထပ်အမြတ်ထုတ်သေး၏။ ခံဝန်ထိုးခိုင်းခြင်း၊ ခြေချုပ်သဘောထားခြင်း၊ ၄၀၁ အပိုဒ် (၁) ဖြင့်လွှတ် ခြင်း။ စသည်များဖြစ်၏။ ယခုကား ၄၀၁ အပိုဒ်(၁)ဖြင့်လွှတ်ခြင်းဖြစ်၏။

ဆိုတော့ စဖမ်းစဉ်မှ လွှတ်ရသည့်တိုင်အောင် နိုင်/ကျဉ်းသည် နိုင်/ကျဉ်းအဖြစ် အသိအမှတ်အပြုမခံကြရ။ အသိအမှတ်မပြုကြ။ တည်ဆဲဥပဒေတခုခုကို ချိုးဖေါက်သဖြင့် အပြစ်ပေးခံထားရသူများဟုသာ တွင်တွင်ဆို၏။ ထိုသူများသည် တိုင်းပြည်မငြိမ်သက်အောင် ဆူပူလှုံ့ဆော်သူများ ဘာများညာများဟု အသမုတ်လည်းခံရပြန်၏။ ထိုအပြောအဆိုများ၊ အပြုအမူများ မဟုတ်မှန်ကြောင်း လူတိုင်းသိ၏။ လူထုရော နိုင်ငံတကာကပါ လက်မခံ။

ဒါ့ကြောင့် "သူတို့ဘာပြောပြော ကိုယ်မဟုတ်ပြီးတာပဲ၊ အချိန်တန်တော့လည်း လွှတ်ရတာပဲမဟုတ်လား" ဆိုပြီး နေလိုက်ရုံဖြင့် မလုံလောက်ဟုမြင်၏။ မုဒိန်းလူသတ်အား ထိုအမှုဖြင့်ဖမ်း၊ ထိုအမှုဖြင့်တရားစွဲ၊ ထိုစွဲချက်ဖြင့်ထောင်ချ၊ ပြန်လွတ်လျှင်လည်း ထိုအမှုစေ့သဖြင့်သာ လွှတ်ရ၊ လွတ်ရသည်ဖြစ်၏။ သို့မှသာ တော်တည့်မှန်ကန်မည်ဖြစ်၏။

အလားတူပင် နိုင်/ကျဉ်းတွေအား နိုင်/ကျဉ်းတွေအဖြစ်သာ တရားဝင်ဖမ်းခဲ့ရမည်ဖြစ်၏။ နိုင်/ကျဉ်းတွေအဖြစ် ဥပဒေပါခံစားခွင့်တွေ တရားဝင်အပြည့်အဝ ပေးခဲ့ရမည်ဖြစ်၏။ နိုင်/ကျဉ်းတွေအဖြစ် တရားဝင်အသိအမှတ်ပြု ဆက်ဆံခဲ့ရမည်ဖြစ်၏။ နိုင်/ကျဉ်းတွေအဖြစ် တရားဝင်လက်ခံပြီး လွှတ်ပေးခဲ့ရမည်ဖြစ်၏။ ယခု ထိုသို့မဟုတ်။ တရားဝင်မှု ဘာတခုမျှ ဘယ်နေရာမှမှမရှိ။ "မရှိ/ရှိရှိ လွတ်ပြီးတာပဲ၊ လွှတ်ပေးတာပဲ ကျေးဇူးတင်ပါဦး" ဟုဆိုပြီး ခဲခဲကပ်ကပ်ပြောခြင်းမှာ ပင်းနေသလားဟုတောင် ထင်ချင်စရာဖြစ်နေ၏။

ကျနော့်အနေဖြင့် လွတ်လာသူများနှင့် သူတို့မိသားစုများအတွက် ဝမ်းသာ၏။ ပျော်ရွှင်၏။ ကျန်နေခဲ့သူများနှင့် သူတို့မိသားစုများအတွက် ဝမ်းနည်း၏။ စိတ်ထိခိုက်၏။ လွတ်သည့်တိုင် ထိုက်ထိုက်တန်တန်မဖြစ်ခဲ့ရမှုများအတွက် နာသာခံခက်ဖြစ်၏။ ကြေကြေကွဲကွဲ ဖြစ်၏။

တခါ လွတ်လာပြီးသည့်တိုင် ဗမာ့နိုင်ငံရေး၏ မည်သည့်အဆင့်များတွင် ထိုသူတို့ပါဝင်ခွင့် ရမည်/မရမည် ဆို သည်ကလည်းရှိသေး၏။ ၂၀၁၀ ရွေးကောက်ပွဲမှာပင်လျှင် "နိုင်ငံတော်ပုန်ကန်လို့"ဆိုကာ တချို့ကွင်းထဲပင် ပေးအဝင် မခံခဲ့ကြရ။ သူတို့ယုံကြည်ရာ နိုင်ငံရေးသဏ္ဍန်များတွင် သူတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်ခွင့်အာမခံချက်  ဘယ် အတိုင်းအတာထိရှိမည်လဲ။ ဒါလည်း အလွန်အရေးကြီးသည့်ကိစ္စဖြစ်၏။ လွတ်လာသော်လည်း နိုင်ငံရေးထဲဝင်မပါရ လုပ်မထားတော့ဟု မည်သူက ကံသေကံမ ပြောနိုင်မည်နည်း။

ဤသို့ဆိုလျှင် လွှတ်ခြင်း၌မည်သည့်အဓိပ္ဗါယ်ရှိမည် နည်း။ နောက်တခါ နိုင်ငံရေးလုပ်လို့ ထပ်မဖမ်းတော့ပါဟု မည်သူကရော တထစ်ချပြောနိုင်မည်နည်း။ ပြန်ဖမ်းလျှင် ရော နိုင်/ကျဉ်းတွေကို နိုင်/ကျဉ်းတွေအဖြစ် ဖမ်းတာ၊ ဆက်ဆံတာ၊ အသိအမှတ်ပြုတာ၊ ပြန်လွှတ်တာမျိုးရော ဖြစ်မှာ လား။ ဖမ်းလိုက် လွှတ်လိုက်သံသရာနှင့် ပြီးနေဦးမှာလား။ မေးစရာတွေ ရှိပါသေးသည်။ တွေးစရာတွေ များပါသေး သည်။ ရှေ့လျှောက်လုပ်စရာတွေ တပုံကြီးကျန်ပါသေးသည်။ ကျေးဇူးတင်ရန် လိုပါသေးသည်။

ကျနော်ကား ကျေးဇူးတင်လို့မရသေး။ ကျေးဇူးလည်း အတင်မစောချင်သေး။ ကျနော့်အဖို့ ကျေးဇူးတင်ချိန် မဟုတ်သေး။ မရောက်သေး။

မျိုးမြင့်ချို

ဇန်နဝါရီ ၃၁၊ ၂၀၁၂

(ပထမဆောင်းပါးကို ဤနေရာများတွင်ဖတ်နိုင်ပါသည်) http://www.naytthit.net/?p=23363
http://myo-myo-myintcho.blogspot.com/2012/01/blog-post_550.html

Powered by Bullraider.com

Notice: Undefined index: data in /home/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238