မလွတ်လပ်တဲ့ ကလေးငယ် (တတိယပိုင်း)

ပင်ဆီဗေးနီးယား အမျိုးသမီးကောလိပ်ကျောင်း တစ်ကျောင်းရဲ့ဆေးရုံက ထုတ်ဝေခဲ့တဲ့ "မိခင်လောင်းများ အတွက်လမ်းညွှန်"ဆိုတဲ့ စာအုပ်ကနေ နည်းနည်းထုတ်နုတ်ပြီး ကိုးကားပြချင်ပါတယ်။

"ကလေးငယ်၏လက်များကို မကွေးနိုင်အောင် ကတ်ထူပြား စွပ်ထားခြင်းဖြင့် လက်ချောင်းများကို ပါးစပ်နှင့်စုပ်ခြင်းအကျင့်အား တားဆီးနိုင်ပါသည်" တဲ့။

"လိင်အင်္ဂါနှင့် စအိုကို အထူးသန့်ရှင်းနေအောင် ကြပ်ကြပ်မတ်မတ် ဂရုစိုက်ပါ။ သို့ပါမှ မအီမသာဖြစ်ခြင်း ကင်းမည်။ ရောဂါကင်းမည်။ အကျင့်ဆိုးများ ကင်းမည်" တဲ့။

ကလေးသူငယ် ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့  ပတ်သက်ပြီး တလွဲတချော်နိုင်လှတဲ့ ဆရာဝန်များကို ကျွန်တော် အပြစ်တင်ချင်ပါတယ်။ ကလေးအမေအများစုက ဆရာဝန် စကားဟာ ဘုရားစကားနဲ့ အတူတူလို့ မှတ်နေကြပါတယ်။

လိင်အင်္ဂါကို လက်နဲ့ ဆော့ကစားရင် ကလေးကိုရိုက်ပြီး ဆုံးမရမယ်လို့ ဆရာဝန်ကပြောတဲ့အခါ သည်ပြောစကားဟာ ကလေးရဲ့ သဘာဝကို သိပ္ပံနည်းကျကျ နားလည်ပြီး ပြောတဲ့စကား မဟုတ်ပါဘူး။ အဲသည်ဆရာဝန်မှာရှိနေတဲ့ လိင်မှုကိစ္စဆိုင်ရာ အပြစ်ကနေလာတဲ့ စကားပဲ ဖြစ်ပါတယ်။ ဒါကို ကလေးအမေတွေက မသိကြဘူး။

အချိန်အတိအကျနဲ့ နို့တိုက်ရမယ်လို့  ညွှန်ကြားတဲ့အတွက်၊ လက်ကို ပါးစပ်နဲ့ စုပ်တာ ခွင့်မပြုရဘူးလို့  တားမြစ်ပိတ်ပင်တဲ့အတွက်၊ ကလေးတွေနဲ့ မကစားရဘူးလို့ ဟန့်တားတဲ့အတွက်၊ ကလေးငယ်ကို သူ့စိတ်ကူးနဲ့သူ လွတ်လွတ်လပ်လပ်လုပ်ခွင့်မပေးတဲ့အတွက် ဆရာဝန်တွေကို ကျွန်တော် အပြစ်တင် ပါတယ်။

ပြဿနာတက်နေတဲ့ ကလေးဆိုတာ သန့်ရှင်းရေးအတွက် ပြင်းပြင်းထန်ထန် ဖိအားပေးခံနေရတဲ့ ကလေးဖြစ်တယ်။ လိင်စိတ်ကို ဖိနှိပ်ချုပ်ချယ်ခံနေရတဲ့ကလေး ဖြစ်တယ်။

အကောင်းဆုံး ကလေးထိန်းနည်းဆိုတာ လူကြီးတွေကို အသက်သာဆုံးဖြစ်စေတဲ့နည်းလို့  လူကြီးတွေ ဘက်က ခံယူထားကြပါတယ်။ ဒါကြောင့် ကလေးတွေကို နာခံတတ်အောင်လုပ်ဖို့ ၊ ကျိုးနွံတတ်အောင်လုပ်ဖို့ ၊ ရိုသေလိုက်နာတတ်အောင်လုပ်ဖို့ ၊ ယဉ်ကျေးသိမ်မွေ့တတ်အောင်လုပ်ဖို့  အရေးကြီးနေတာပေါ့။

တစ်နေ့က သုံးနှစ်အရွယ်ကလေးတစ်ယောက်ကို အမေလုပ်သူက ပန်းခြံထဲလာပို့ထားတာ တွေ့လိုက်ရတယ်။ ကလေးရဲ့ အ၀တ်အစားတွေက သစ်လွင်သန့်ရှင်းနေလိုက်တာ အစွန်းအကွက် အပေအကျံ ဘာမှမရှိဘူး။ မကြာခင်မှာဘဲ ကလေးငယ်ဟာ မြေကြီးကိုင်ပြီး ဆော့ပါတော့တယ်။ သည်တော့ အ၀တ်အစားတွေလည်း ညစ်ပတ်ပေကျံ ကုန်တော့တာပေါ့။

ဒါကိုမြင်လိုက်ရတဲ့ အမေလုပ်သူဟာ အိမ်ထဲက ဒရောသောပါးပြေးထွက်လာပြီး ကလေးကို ရိုက်ပါတယ်။ ပြီးတော့ အိမ်ထဲကို ဆွဲခေါ်သွားတယ်။ တော်တော်ကြာတော့ ကလေးကို ပြန်ပြီးခေါ်ထုတ်လာပြန်ရော။

အ၀တ်သစ် အစားသစ်နဲ့ ကလေးငယ်ဟာ မျက်ရည်လည်ရွဲနဲ့ ငိုလို့ပေါ့။ ဆယ်မိနစ်လောက်ကြာတယ် ဆိုရင်ပဲ ခုနကအတိုင်း ပြန်ဖြစ်ပြန်တယ်။ မြေကြီးနဲ့ ဆော့၊ အ၀တ်အစားတွေ ပေ။ အမေလုပ်သူ ကလည်း တခါပြေးထွက်လာ။ ကလေးကို ရိုက်။၊ အိမ်ထဲ ဆွဲခေါ်သွား။

"ကလေးက ခင်ဗျားကို တစ်သက်လုံးမုန်းသွားလိမ့်မယ်။ သည့်ထက်ဆိုးတာက ကလေးဟာ ဘ၀ကိုလည်း မုန်းသွားလိမ့်မယ်"လို့ အမေလုပ်သူကို ပြောဖို့ ကျနော် စဉ်းစားပါသေးတယ်။ ဒါပေမယ့် ကျွန်တော် ပြောတာတွေကို တလုံးမှ သူ နားလည်မှာမဟုတ်ဘူးလို့ သတိရလိုက်တာကြောင့် မပြောဖြစ် တော့ပါဘူး။

မြို့ထဲကိုသွားတဲ့အခါတိုင်း အသက်သုံးနှစ်လောက် ကလေးတစ်ယောက်ယောက် ခလုတ်တိုက်ပြီး လဲတာကို တွေ့ရတတ်ပါတယ်။ သည်အခါမှာ လိမ့်ကျရမလားဆိုပြီး အမေလုပ်သူက ရိုက်တာကို ကြောက်စရာကောင်းအောင် တွေ့ရစမြဲပါ။ ရထားစီးတဲ့အခါတိုင်းမှာလည်း အမေလုပ်သူက ကလေးကို "ပလက်ဖောင်းဘက် မထွက်နဲ့နော်၊ လက်မှတ်စစ်ကြီးက ဖမ်းမိသွားလိမ့်မယ်"လို့ ပြောနေသံကို ကျနော် ကြားရတတ်ပါတယ်။

ကလေးအများစုဟာ အလိမ်အညာစကားတွေနဲ့  ပညာမဲ့တဲ့ ပိတ်ပင်ဟန့်တားမှုတွေအောက်မှာ အမွေးမြူခံခဲ့ကြရတာပါ။

ကိုယ့်အိမ်မှာ ကလေးကို ကြင်ကြင်နာနာယုယုယယ ဆက်ဆံတတ်တဲ့ မိခင်တွေဟာလည်း လူရှေ့ သူရှေ့ရောက်ပြီဆိုရင် ကလေးတွေကို တဆူတည်းဆူ တရိုက်တည်းရိုက်နေကြတော့တာပဲ။ ပတ်ဝန်းကျင် အိမ်နီးချင်းတွေက အပြစ်ပြောမှာကို ကြောက်ကြတာကိုး။

သည်လိုနဲ့ ကလေးသူငယ်များဟာ လူဖြစ်ပြီဆိုကတည်းက ကျွန်တော်တို့ရဲ့ အရူးလောကကြီးနဲ့ အံဝင် ခွင်ကျ ဖြစ်အောင် ပုံသွင်းတာ ခံနေရပါတော့တယ်။

ပင်လယ်ကမ်းခြေ မြို့တစ်မြို့မှာ ဟောပြောပွဲသွားလုပ်တုန်းက "မိခင်တွေအနေနဲ့ ကိုယ့်ကလေးအပေါ် မှာ အမုန်းတရားတွေ ပြသနေမိတာကို သဘောပေါက်ကြရဲ့လား" လို့ ကျနော်ပြောလိုက်တဲ့အခါ တုံ့ပြန်လိုက်ကြတာ ကြောက်ခမန်းလိလိပါပဲ။ အမျိုးသမီးတွေက ရိုင်းရိုင်းစိုင်းစိုင်း အော်ဟစ်ကြပါတယ်။

ညဦးပိုင်းရောက်ပြန်တော့ " ကိုယ်ကျင့်တရားနဲ့ ဘာသာရေး တိုးတက်ကောင်းမွန်အောင် မိမိနေအိမ်မှာ ဘယ်လို လုပ်ကြမလဲ"ဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး ကျွန်တော့်အယူအဆကို ပြောလိုက်တဲ့အခါကျ တော့လည်း ပရိသတ်ဟာ ရှူုးရှူးရှားရှား ဖြစ်ကုန်ကြတယ်။ ဒါမျိုး မကြုံဖူးတဲ့အတွက် ကျွန်တော် တုန်လှုပ်ခဲ့ပါတယ်။

ကျွန်တော်ဟာ ကိုယ်နဲ့ ယုံကြည်ချက်တူတဲ့ ပရိသတ်လောက်ကိုပဲ ဟောပြောခဲ့ဖူးတာပါ။ အဲသည်မှာ တွေ့ခဲ့ရတဲ့ ပရိသတ်ကတော့ "ကလေးစိတ်ပညာ" အကြောင်း လုံးဝမကြားဖူးတဲ့သူတွေ ဖြစ်နေ တာကိုး။

ကလေးတွေရဲ့ လွတ်လပ်မှုကိုဆန့်ကျင်ရင်း ကိုယ်ကိုယ်တိုင်ရဲ့ လွတ်လပ်မှုကိုပါ ပြန် ဆန့်ကျင်မိနေကြတဲ့ လူအများစုဟာ တော်တော်ခိုင်မာ အားကောင်းနေပါလားလို့ ကျွန်တော် သဘောပေါက်သွားခဲ့တယ်။

လူ့လောကအသိုင်းအ၀ိုင်းကြီးဟာ အနာရောဂါရနေပြီး ပျော်ရွှင်ချမ်းမြေ့ မှုလည်း ကင်းမဲ့နေပါတယ်။ သည်လို ဖြစ်နေရခြင်းဟာ လွတ်လပ်မှုကင်းမဲ့တဲ့ မိသားစုဘ၀မှာ အကြောင်းခံနေတယ်လို့ ပြောချင် ပါတယ်။ မုန်းတီးမှုတွေက ကလေးငယ်တွေကို ထုံထိုင်းအောင်လုပ်ပစ်ပါတယ်။ သည်လို လုပ်ပစ် တာဟာ ပုခက်နဲ့နေတဲ့ အရွယ်ကတည်းကပါ။

လူ့ဘ၀ကို ဆန့်ကျင်ငြင်းပယ်တဲ့ စိတ်ဝင်သွားအောင် ကလေးတွေကို လေ့ကျင့် သင်ကြားပေးနေကြ ပါတယ်။ ကလေးတွေရဲ့ ငယ် စဉ်ဘ၀ဟာ ငြင်းပယ်မှုတွေနဲ့ ပြည့်နေတဲ့ဘ၀ ဖြစ်နေလို့ ပါပဲ။ မဆူနဲ့၊ မလိမ်နဲ့၊ မခိုးနဲ့၊ လိင်ကိုမဆော့နဲ့။

ဘ၀မှာ အနုတ်လက္ခဏာပြနေတဲ့ အရာအားလုံးကို လက်ခံလာအောင်လည်း ကလေးတွေကို သင်ကြား ပေးနေခဲ့တယ်။ သက်ကြီးရွယ်အိုတွေကို ရို သေရမယ်။ ဘာသာရေးကို ကိုင်းရှိုင်းရမယ်။ ဆရာတွေကို လေးစားရမယ်။ အဖေ့အမိန့်ကို နာခံရမယ်။ ဘာမှပြန်ပြီး မေးခွန်းမထုတ်နဲ့။ ပြောတဲ့ အတိုင်း လိုက်နာ၊ ခိုင်းတဲ့အတိုင်းလုပ်။

ရိုသေလေးစားဖို့ မထိုက်တာကို ရိုသေလေးစားနေတာဟာ ဂုဏ်သိက္ခာရှိတဲ့အလုပ် မဟုတ်ပါဘူး။ စိတ်ထဲမှာ တကယ်ကြောက် ရွံ့နေရတဲ့ ဖန်ဆင်းရှင်ကို ယုံကြည်မြတ်နိုးနေတာဟာလည်း ဂုဏ်သိက္ခာရှိတဲ့ အလုပ် မဟုတ်ဘူး။

မိသားစုကို အချုပ်အနှောင်ထဲထည့်နေတဲ့ လူတစ်ယောက်ရဲ့ အဖြစ် ဆိုးပုံက သူကိုယ်တိုင် ကျေးကျွန် ဘ၀မှာ ကျရောက်နေရတဲ့ အချက် ဖြစ်ပါ တယ်။ အကျဉ်းထောင်တစ်ခု အတွင်းမှာ ထောင်ဝန်ထမ်း ဟာလည်း အကျဉ်းထောင်မှာပဲ နေရတာ မဟုတ်ပါလား။

လူသားရဲ့ ကျွန် ဘ၀က မုန်းတီးမှုလက်အောက်မှာ ကျရောက်နေရတဲ့ ကျွန်ဘ၀ ဖြစ်ပါတယ်။ သူဟာ သူ့မိသားစုကို ဖိနှိပ်ပြီး သည်လိုဖိနှိပ်တဲ့အတွက်ကြောင့်ပဲ ကိုယ်ကိုယ်ကိုလည်း ပြန်ပြီး ဖိနှိပ်မိလျက်သား ဖြစ်နေရပါတယ်။ သူဖိနှိပ်ထားတဲ့ သားကောင်တွေကို အပြစ်ပေးနိုင်ဖို့အတွက် ရုံးတွေ၊ ထောင်တွေကို တည်ဆောက်နေရတယ်။

ကျွန်ခံနေရတဲ့ မိန်းမသားတွေဟာ သူတို့မွေးထားရတဲ့ သားတွေကို စစ်ပွဲထဲ ထည့်လိုက်ကြရတယ်။ သည်စစ်ပွဲကို ယောက်ျားသားတွေက ခုခံရေး စစ်ပွဲလို့ ခေါ်ကြတယ်။ ဒီမိုကရေစီစစ်ပွဲလို့ ခေါ်ကြတယ်။ စစ်ပွဲအားလုံးကို နိဂုံးချုပ်စေမဲ့ စစ်ပွဲလို့ ခေါ်ကြတယ်။

ပြဿနာရှုပ်တဲ့ကလေး မရှိ။ ပြဿနာ ရှုပ်တဲ့မိဘသာ ရှိနေတယ်။ ပြဿနာရှုပ်နေတဲ့ လောကကြီးသာ ရှိနေတယ်ဆိုရင် ပိုမှန်ပါမယ်။

တကယ်တော့ သည်လူ့လောကကြီးရဲ့ အတွင်းမှာ ချစ်ကြည် ရင်းနှီးမှုတွေ၊ မေတ္တာတရားတွေ အများကြီး ရှိနေပါသေးတယ်။ ဒါကြောင့် သည်က နေ့ ရှိနေကြတဲ့ မုန်းတီးရေးသမားတွေက သည် ကမ္ဘာကြီးကို မဖျက်ဆီး ပစ်ဘူးဆိုရင် ကလေးဘ၀တုန်းက အဖျက်ဆီးမခံခဲ့ရတဲ့ မျိုး ဆက်သစ်တွေဟာ ငြိမ်းငြိမ်း ချမ်းချမ်း လက်တွဲ နေထိုင်နိုင်ကြလိမ့်မယ်လို့ ကျွန်တော် ခိုင်ခိုင်မာမာယုံကြည်ပါတယ်။

လက်ရှိအခြေအနေမှာတော့ တိုက်ပွဲက တစ်ဖက်သတ်ဖြစ်နေပါသေးတယ်။ မုန်းတီးရေး သမားတွေက ပညာရေး၊ ဘာသာရေး၊ တရားဥပဒေ၊ စစ်တပ်၊ အကျဉ်းထောင် အစစကို အပိုင်စီးထားပါတယ်။

လက်တဆုပ်စာ ပညာရေးသမားတွေကပဲ ကလေးတွေ လွတ်လွတ်လပ်လပ် ကြီးပြင်း ရှင်သန်ခွင့်ရဖို့ ကြိုးပမ်းနေကြ ပါတယ်။ ကလေးအများစုကတော့ ဘ၀ကို ငြင်းပယ်ဆန့်ကျင်သူတွေရဲ့ အပြစ်ဒဏ်ပေးခြင်း စနစ်နဲ့ ပုံသွင်းတာကို ခံနေကြရဆဲပါ။

ကွန်ဗင့်ကျောင်းတချို့က ကျောင်းသူလေးတွေဟာ ရေချိုးတဲ့အခါ မှာ ကိုယ့်ကိုယ်ကိုယ် လုံလုံခြုံခြုံ ၀တ်ပြီး ရေချိုးနေရတုန်း ရှိပါသေးတယ်။ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ့်ဘာသာ ပြန်မြင်နေရမှာစိုးလို့တဲ့။

ကိုယ့်လက်နဲ့ကိုယ် ကာမဂုဏ်ဖြေဖျောက်တာဟာ ရူးသွပ်စေတဲ့ အကုသိုလ်အလုပ်ကြီးဖြစ်တဲ့ အကြောင်း၊ သည်အကုသိုလ်အလုပ်ဟာ ကြောက်စရာကောင်းတဲ့ အကျိုးဆက်တွေကို ဖန်တီးပေးမှာ ဖြစ်တဲ့အကြောင်း မိဘ ဆရာ သမားတွေက ပြောနေကြပါတယ်။

အခုလောလောဆယ် ကာလအတွင်းမှာတင် ဆယ်လသားကလေးငယ်တစ်ယောက် ရေဆာလို့ ငိုတာကို ငိုရကောင်းလားဆိုပြီး အမေလုပ်သူက ရိုက်နှက်နေတာ ကျွန်တော် တွေ့ခဲ့ရတယ်။

သည်ကနေ့ အနေအထားက ရှင်သန်ခြင်းကို ယုံကြည်သူများ နဲ့ သေဆုံးခြင်းကို ယုံကြည်ကြသူများ အကြား ယှဉ်ပြိုင်ပွဲတစ်ရပ် ဖြစ်ပါတယ်။ သည်ပြိုင်ပွဲမှာ ဘယ်သူမှ ကြားနေလို့ မရပါဘူး။ ကြားနေခြင်းရဲ့ အဓိပ္ပာယ်က သေဆုံးခြင်းပဲ ဖြစ်နေတာကိုး။

ကျွန် တော်တို့ဟာ ဘက်နှစ်ဘက်ရှိတဲ့အနက် တဘက်ဘက်မှာ ရပ်ရပါလိမ့်မယ်။ သေဆုံးခြင်းဘက်က ပြဿနာရှုပ်နေတဲ့ ကလေးတွေ ဖန်တီးပေးပါတယ်။ ရှင်သန်ခြင်းဘက်က ကျန်းမာသန်စွမ်းတဲ့ ကလေးတွေ ဖန်တီးပေးပါတယ်။ ၊၊

မောင်သာမည

မူရင်း - Unfree Child by A.S.Neill

(အတွေးအမြင်စာစဉ်တွင် ထည့်သွင်းခဲ့ဖူးသော ဆောင်းပါးဖြစ်ပါသည်)

Powered by Bullraider.com

Notice: Undefined index: data in /home/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238