အတ္တ
- Details
- Category: အက်ဆေး
- Published on Tuesday, 21 February 2012 05:32
- Written by မြင့်ဇံ
- Hits: 933
သူ့ကိုရှာသည်၊ မတွေ့။
******
သို့သော် သူ့အတွက် လူတိုင်း လုပ်နေကြ၏။ သူကောင်းဖို့အတွက်၊ မြဲဖို့အတွက် နဖူးမှချွေး ခြေမကျအောင် ကြိုးစားသူက ကြိုးစား၊ မတရားနည်းဖြင့် လူတို့၏ ချွေးနည်း စာထဲမှ ခေါင်းပုံဖြတ်ကြသူက ဖြတ်ကြ၏။ သူ့အတွက်ကြောင့် ညီအစ်ကိုချင်း မုန်းတီးရသည်။ မိတ်ဆွေချင်းလည်း သတ်ဖြတ်ကြရသည်။ သွေးစက်တို့လည်း မြေဝယ်ကျခဲ့ရသည်။ မျက်ရည်တို့လည်း ဖြိုင်ဖြိုင် ကျခဲ့ရသည်။ အလွန် တန်ခိုးကြီးသူပါပေ။
*******
သူ၏ လိုအင်ဆန္ဒကို ဖြည့်ဆည်းရန် လူတို့ လှုပ်ရှားနေကြနေသည်။ မောပန်း နေရ၏။ သူ့ကြောင့် လောဘ၊ ဒေါသမီး တောက်လောင်ကြ ရသည်။ ပူပန်ကြရသည်။ ငိုကြွေးကြရသည်။ မချိတင်ကဲ ဖြစ်ကြရသည်။ သူသည် ရွှေ၊ ငွေ၊ ဥစ္စာ၊ စည်းစိမ် ကြီးမြတ်ခြင်းတို့ကို အလွန် မက်မောသည်။ အရာရာကို လိုချင်သည်။ သူသည် ဘယ်တော့မှ အလိုပြည့်သည် မရှိ။ သူ့ဆန္ဒများကား အတိုင်းမသတ်။ သူ့ဒေါသသည် အဆုံးမရှိ။ သူ့မိုက်မဲခြင်းကား ပြောမကုန်နိုင်။ သူ့ အကျိုးအတွက်ဆိုလျှင် သူ ဘာမဆို လုပ်မည်။
************
သူသည် သူ့ကိုယ်သူတပ်မက်၊ ချစ်ခင်၍ အားမရသေး၊ တစ်ပါးသောသူကို ချစ်ခင်တတ်၏၊ တပ်မက်မောတတ်၏။ ဤသို့ တစ်ပါးသူကို တပ်မက်ခြင်းသည် စင်စစ် အားဖြင့် မိမိကိုယ်ကို တပ်မက်ချစ်ခင်ခြင်း၏ လွန်ကဲမှုသာ။ စင်စစ်ကား သူသည် သူ့ကိုယ်သူကိုသာအချစ်ဆုံး။ ကြည့်လေ၊ ခံစားရလည်းသူ၊ စံစားရလည်းသူ၊ နာရ လည်း သူ၊ သေရလည်း သူပဲ မဟုတ်လော။ တခြား ‘သူ’ ကဝင်ပြီး ခံစား၊ စံစားပေးခြင်း မရှိ။
***************
သူ့အတွက်ကား လူတိုင်း အလုပ်လုပ်နေကြ၏။ သို့သော် သူဆိုသည်မှာ ဘယ်အရာဖြစ်သည်ကို မသိကြ။ ဘာကို `သူ’ ဟုခေါ်မည်နည်း။ စင်စစ်တော့ “သူ” ဆိုသည်မှာ စိတ်ဆိုသော အရာက စေပါးချက်အရ လှုပ်ရှားနေရသော ရုပ်ကောင်လော၊ မည်သည့်အရာသည် သူ့ကို ကိုယ်စားပြုသနည်း။ ရုပ်လော၊ စိတ်လော၊ လက်တို့သည် ပင် သူလော၊ ခြေထောက်သည်ပင် သူ ဖြစ်သလော။ မည်သည့်အရာ၊ မည်သည့် အင်္ဂါ သူပါနည်း။
**************
ဤသို့ဆိုလျှင် သူသည် စင်စစ်အားဖြင့် မရှိ။ မရှိသည့် အရာအတွက်ပင် ရုန်းကန်လှုပ်ရှားနေရသည်တကား။ ပညာရှင်တို့က သူ့အကြောင်း ကို ရှုထောင့် အမျိုးမျိုးမှ လေ့လာကြသည်။ သူ့သဘောကို ဆန်းစစ်ကြသည်။ သို့သော် သူတို့သည်ပင် `သူ’ နှင့် မကင်းနိုင်ရကား ယင်း လေ့လာချက်များကို သစ္စာတရားများ ဟု မသတ်မှတ်နိုင်ပေ။ သို့သော် သေချာသည်တော့ ရှိသည်။ သူသည် မမြဲ။ သူ့ကြောင့် ဆင်းရဲရ၏။ သူသည် အစိုးမရပေ။
***************
မမြဲသော`သူ’၊ ဒုက္ခ၏ အရင်းခံဖြစ်သော`သူ’၊ အစိုးမရသော`သူ’၊ မည်သည့် အရာပါဟု လက်ညှိုးညွှန်၍ မရသော သူ။ သို့သော် သူ့အတွက် လုပ်နေရ သူတွေ ချည်းသာ။ သူက ဘယ်အရာနည်း။
********************
သူ့ကိုရှာသည်၊ မတွေ့။ ။
*******************
မြင့်ဇံ
(၁၇၊ ဖေဖေါ်ဝါရီ၊ ၁၉၇၁ ညတွင် ရန်ကုန် ၀ိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်၊ သမိုင်းနယ်မြေ ”ခပေါင်း” ကျောင်းဆောင်တွင် မူလရေးသား၍ ၃၂ နှစ် တိတိအကြာ ၁၇၊ ဖေဖေါ်ဝါရီ၊ ၂၀၀၃ ဗာန္န၀ါတူ Vanuathu နိုင်ငံ၊ ပို့ဗစ်လာ (Port Vila) မြို့၊ တောင်ပစိဖိတ်တက္ကသိုလ် (University of the South Pacific) တွင် မူရင်း ရေးသားထားချက်ကို (စိုးစဉ်းမျှ) တည်းဖြတ်ကာ ပြန်လည်ကူးယူဖော်ပြသည်။) (ရတနာမွန်မဂ္ဂဇင်း၊ အောက်တိုဘာ ၂၀၀၄၊)
ဆော့ခရိတ္တရဲ့ တရားခွင်တစ်ကျော့နှင့် အခြားဆောင်းပါးများ၊ မြင့်ဇံ၊ အားမန်သစ်စာပေ၂၀၀၅၊ စာအုပ်မှ ကူးယူဖော်ပြပါသည်။
Notice: Undefined index: data in /home/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238








