တက္ကသိုလ်အလွမ်း

 

ရန်ကုန်တက္ကသိုလ်သို့ မရောက်ဖြစ်တာကြာခဲ့ပါပြီ။ တက္ကသိုလ်ဆိုသည်မှာ အဝင်အထွက်နေရာတွင် စစ်ဆေးမေးမြန်းခံရခြင်း၊ မှတ်ပုံတင်ထားခဲ့ရခြင်း၊ မိမိသွားလိုသည့်ဌာန လူကြီးတစ်ဦးဦး၏ ထောက်ခံ ချက်ကိုပြရခြင်းဆိုသည့် အမျိုးမျိုးသော အရစ်အကြောင်းများဒဏ်ကို စိတ်ပျက်မိသဖြင့် မရောက်သည်မှာ ၅ နှစ်ခန့်တိုင်ရှိခဲ့ပြီဖြစ်သည်။

ယခုတက္ကသိုလ်ကို တံခါးတွေဖွင့်လိုက်ပြီဆိုသဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်မိသည်။ ကျွန်တော်နေထိုင်ခဲ့ဖူးသော ပဲခူးဆောင်ကြီးကို လွမ်းမောစွာ ငေးကြည့်ရင်းက

“အဲဒီ အဆောင်မှာ ငါနေခဲ့ဖူးတယ်” ဟု ဘေးတွင်ပါလာသည့် လူငယ်တစ်ယောက်ကို ပြောလိုက်မိသည်။

“အဲဒါ အဆောင်တွေလား” ဟု အံ့အားသင့်ကာ သူက ကျွန်တော့်ကို ပြန်မေးသည်။ သူတို့ အတွေ့ အကြုံက အဆောင်ဆိုသည်မှာ ကုတင်နှစ်လုံးဝင်သာရုံ လှောင်ပိတ်နေသည့် လှည်းတန်းအပြင်ဆောင်လောက်သာ ဖြစ်သည်။

“အဲဒီအခန်းမှာ နောက်ဆုံးနှစ်အထိ ငါနေခဲ့တာပေါ့”

ကျွန်တော်က မျက်နှာစာတန်းရှိ အခန်းတစ်ခန်းကို လက်ညှိုးထိုးပြလိုက်သည်။

“ငါနေခဲ့တဲ့ အခန်းအပေါ်တည့်တည့်ကအခန်းက ဗိုလ်ချုပ်အောင်ဆန်း ကျောင်းသားဘဝက နေခဲ့တဲ့ အခန်းပေါ့”

ကျွန်တော်ပြောသမျှ ဘေးမှလူငယ်လေးက အံ့အားသင့်နေသည်။ ယခုတော့ ရန်ကုန်တက္ကသိုလ်ရှိ ဂိတ်ဝတံခါး များတွင် ခတ်ထားသည့် သော့များနှင့် သံကြိုးများ ဖြုတ်ထားသည့်ခေတ်ဖြစ်လာသည်။ အမေရိကန် သမ္မတ အိုဘားမားက ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် မိန့်ခွန်းလာပြောမည်ဆိုသဖြင့် ပြင်ဆင်မွမ်းမံနေကြ သည်။ ကျွန်တော့်အမြင်က အမယ်ကြီးအိုတစ်ယောက်ကို မိတ်ကတ်တွေချယ်သနေသလို ခံစားမိသည်။ တက္ကသိုလ်ဆိုသည်မှာ ဟောင်းနွမ်းခြင်း၊ အိုမင်းခြင်း၊ ရင့်ရော်ခြင်းတို့ဖြင့်သာ ဂုဏ်ရှိသည်ဆိုသော နိုင်ငံခြား အစဉ်အလာ တက္ကသိုလ်ကြီးတွေ၏ ယူဆချက်သည် အသစ်တဖန်နိုးထလာသည့် ရန်ကုန်တက္ကသိုလ်နှင့် လုံးဝမဆိုင်သယောင်ထင်ရသည်။

စာကြည့်တိုက်ရှေ့ရောက်တော့ လွန်ခဲ့သည့် ၁၀ နှစ်ကျော်က အဖြစ်အပျက်လေးကို သတိရမိသည်။

ကျွန်တော့် သူငယ်ချင်းက စာကြည့်တိုက်တွင် ဘိုးဝဇီရအကြောင်းကို လာရှာသည်။ သူရေးမည့် ဆောင်းပါး အတွက် ကိုးကားရန်လိုနေသည်။ စာကြည့်တိုက် ကောင်တာသို့ ကျွန်တော်တို့ရောက်လာပြီးနောက် ကောင်တာ နောက်မှ ကောင်မလေးတစ်ယောက်ကို

“ဆရာကြီး ဘိုးဝဇီရအကြောင်း သိချင်လို့ ဘယ်မှာရှာရမလဲခင်ဗျာ” ဟုမေးလိုက်သည်။

ကောင်မလေးက စိတ်မရှည်သည့်ပုံစံဖြင့် ပြန်မော့ကြည့်ရင်းက

“နေရာ မှားနေတယ်။ အဲဒါ တိုင်းရင်းဆေးဌာနဘက်မှာ သွားရှာရမှာ” ဟုပြောလိုက်သည်။

သတင်းစာဆရာကြီး ဘိုးဝဇီရကို တိုင်းရင်းဆေးဆရာဟုထင်ပြီး ညွှန်းနေခြင်းဖြစ်သည်။

နှစ်ပေါင်း ၃၀ အတွင်း စာကြည့်တိုက်တွေ ပြောင်းလဲသွားပုံကို အံ့အားသင့်မိသည်။ ကျွန်တော်တို့ခေတ်က စာကြည့်တိုက်ဝန်ထမ်းဆိုသည်မှာ ဘွဲ့လွန်တစ်ခုခုတက်ရန် ပြင်ဆင်နေသူတွေ၊ စာလာငှားသူထက် စာအုပ်အကြောင်း ပိုသိသူတွေ၊ ဘာဖတ်သင့်သည်ကို အကြံပေးနိုင်စွမ်းရှိသူတွေကို ကြုံတွေ့ခဲ့ရဖူးသည်။ ထိုသူမျိုးတွေ တက္ကသိုလ်မှာ ဘာကြောင့် ပျောက်ကုန်သလဲ။ ကျွန်တော် ကျောင်းသားဘဝကို စိတ်ပြန်ရောက်သွားသည်။

ကျွန်တော်တို့ ကျောင်းတက်စဉ်က တက္ကသိုလ်တွင် စာကြည့်တိုက်မှူး ဆရာကြီး ဦးသော်ကောင်း အုပ်ချုပ် သည်။ ကျောင်းသားတစ်ယောက်လျှင် ကတ် ၄ ကတ် ထုတ်ပေးထားသည်။ စာအုပ်တစ်ကြိမ်ငှားလျှင် ၄ အုပ် ငှားနိုင်သည်။ ထို့ပြင် စာကြည့်တိုက် စာဖတ်ခန်းပတ်လည်တွင် စာအုပ်ဘီရိုတွေကို သော့ဖွင့်ပေးထားသည်။ ကမ္ဘာ့စွယ်စုံကျမ်းပေါင်းစုံကို စိတ်ကြိုက်ယူဖတ်နိုင်သည်။ စာအုပ်တွေကို စာကြည့်တိုက်ကောင်တာရှိ ဝန်ထမ်း တွေကို ပြောဆိုပြီး ဝင်ရောက်ရှာဖွေလေ့လာဖတ်ရှုနိုင်သည်။ ရည်ညွှန်းကိုးကားရန်အတွက် ကြိုက်သလောက် တောင်းပြီး စာဖတ်ခန်းထဲတွင် ထိုင်ဖတ်နိုင်သည်။ တစ်နေကုန်ထိုင်လည်း လာနှင်မည့်သူမရှိ။ ထိုစဉ်က စာကြည့်တိုက်အောက်ထပ်သည် စာဖတ်ခန်းဆိုသော်လည်း အတွဲများရှိသဖြင့် ကျွန်တော်တို့ကတော့ အပေါ်ထပ်စာဖတ်ခန်းသို့သာ တက်လာပြီး စာဖတ်လေ့ရှိသည်။ ကျွန်တော်တို့ ရှာခိုင်းသည့် စာအုပ်တွေ ကိုလည်း ဝန်ထမ်းတွေက မညည်းမညူရှာပေးသည်။ ဆရာကြီး ဦးသော်ကောင်း၏ အစီအမံများကို လေးစား မိသည်။

ထိုခေတ်က တက္ကသိုလ်ဆရာများ စာသင်ပုံကိုလည်း ပြောချင်ပါသေးသည်။ အခန်းထဲသို့ မြေဖြူလေးတစ် ချောင်းကိုင်ပြီးဝင်လာကြသည်။ ပြီးလျှင် ၄၅ မိနစ်ခန့် ဘာသာရပ်နှင့်ပတ်သက်ပြီး သူတို့ပြောချင်တာပြောကာ ပြန်ထွက်သွားကြသည်။ ကျောင်းစာနှင့် ပတ်သက်ချင်လည်း ပတ်သက်မည်။ အခြားအကြောင်းအရာတွေ လည်းဖြစ်ချင်ဖြစ်မည်။ သူတို့သဘောက သင်ကြားသည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး များများ သိချင်လျှင် စာကြည့်တိုက်သွားပြီး ရှာဖတ်။ စာမေးပွဲအောင်ချင်လျှင် ပြဋ္ဌာန်းချက်ကိုဖတ်ဖြစ်သည်။

ကျွန်တော်တို့ ကျူတိုရီရယ် ဖြေလျှင်လည်း စာကြည့်တိုက်မှရှာဖတ်ထားသည့် အကြောင်းအရာများဖြင့် ဖြေလျှင် ပိုပြီးနှစ်သက်သဘောကျကာ အတန်းထဲတွင် ထုတ်ဖော်ချီးကျူးတတ်သည်။ သူတို့က တက္ကသိုလ်စာကြည့်တိုက် သို့မဟုတ်ဌာနစာကြည့်တိုက်တွင် ရနိုင်သော စာအုပ်များကိုလည်း ညွှန်းတတ်သေးသည်။ ကျွန်တော်တို့ နောက်ဆုံးနှစ်တွင် တက္ကသိုလ်စာကြည့်တိုက်မှသာမက ဌာနရှိ စာကြည့်တိုက်တွင်လည်း စာအုပ်များ ငှားဖတ် နိုင်သေးသည်။

ကျွန်တော်လွမ်းမောခဲ့သော တက္ကသိုလ်ခေတ်မှာ ဆရာတွေက အရည်အချင်းပြည့်ဝကြသည်။ ပြောနိုင် သင်ကြားနိုင်၊ လမ်းညွှန် ပြသနိုင်စွမ်းရှိကြသည်။ တပည့်ကို ကျူရှင်ပြန်ခေါ်သင်သောဆရာမရှိ။ တပည့်ထံမှ ငွေချူစားသောဆရာမရှိ။ ကျွန်တော်တို့ ယောက်ျားလေးများနှင့် အချို့ဆရာများသည် ဦးချစ် လက်ဖက်ရည်ဆိုင် သို့မဟုတ် အီကိုကန်တင်းတွင် အတူတူထိုင်ပြီး ဘ၀ဒဿနများ ငြင်းခုန်ဆွေးနွေးကြသည်ကိုလည်း  အမှတ် ရနေမိသည်။

ကျွန်တော် ၂၀၀၇ ခုနှစ်ပိုင်းလောက်က တက္ကသိုလ်သို့ တစ်ကျော့ပြန် ရောက်ခဲ့ဖူးသည်။ ဘွဲ့လွန် ဒီပလိုမာ သင်တန်းတစ်ခုကို လာတက်ခြင်းဖြစ်သည်။ ထိုသင်တန်းက နေ့စဉ် နံနက် ၇ နာရီမှ ၉ နာရီအထိ တက်ရသည်။ သင်တန်းမစမီ ကိုယ့်ကိုသင်မည့် စာအတွက် စာရွက်တွေကို ၁၀၀ ကျပ် သို့မဟုတ် ၂၀၀ ကျပ်ဖြင့် သင်တန်းသားတိုင်း ၀ယ်ရသည်။ ပြီးတော့ သင်ကြားမည့် ဆရာမက အတန်းထဲလာ၊ ကျွန်တော်တို့ကို ပေးထားသည့် စာရွက်ထဲပါ အကြောင်းအရာများအတိုင်း ဖတ်ပြနေသည်။ ထို “ပါတာဖတ်” စနစ်ကို သဘောမကျသဖြင့် ဆရာမခင်ဗျား စာထဲပါတဲ့ အင်္ဂလိပ်လို အကြောင်းအရာတွေကို ကျွန်တော်တို့ ဖတ်နိုင်ပါတယ်။ ကျွန်တော်တို့ကို ဒီအကြောင်းနဲ့ ဆက်နွှယ်တာလေးတွေ ပြောပေးပါလားဟု ထပြီးလေရှည် မိရာ

“ကျွန်မတို့က ဒါပဲသင် ဒါပဲမေးတယ်။ အပိုတွေ ရေးဖို့ မလိုပါဘူး။ ရေးလည်း အမှတ်မပေးပါဘူး” ငေါ့တော့တော့ ပြန်ပြောခြင်းကို ခံရသည်။ တက္ကသိုလ်သည် နှစ်ပေါင်း ၃၀ အတွင်း အများကြီးပြောင်းလဲသွားသဖြင့် အံ့သြနေမိ သည်။ ထို့ပြင် ဒီပလိုမာ သင်တန်းသားတွေကို စာကြည့်တိုက်မှ စာအုပ်မငှားဆိုသဖြင့် ပိုပြီးခံစားရသည်။ ကျွန်တော် ကျောင်းတော်ကြီးကို ပြန်လာခြင်းသည် ကံ့တော်တန်း၊ RC ၊ စာကြည့်တိုက်၊ ဘွဲ့နှင်းသဘင်ခမ်းမ တို့ကို လွမ်းမော၍ဖြစ်သည်။ တက္ကသိုလ်ဆိုသည်မှာ အပေါ်ယံပြုံးနေသော်လည်း အတွင်း၌ သေးကြောင်းဖုံးနေ သည်ဟု ကျွန်တော့်သူငယ်ချင်း ကထိကပေါက်စက မှတ်ချက်ချဖူးသည်။

ကျွန်တော်သည် “ပါတာဖတ်” သင်ကြားရေးစနစ်၊ ကန့်သတ်ချက်များ၊ ဒါသင် ဒါကျက် ဒါမေး ဒါဖြေမှ အောင်မည်ဆိုသည့်မူတို့ကို စိတ်ကျဉ်းကြပ်လွန်းသဖြင့် ဒုတိယတစ်ကြိမ် တက္ကသိုလ်ရောက်ပြီးမှ ထွက်ပြေးခဲ့ ရပြန်သည်။ ၂၀၀၇ ခုနှစ်လောက်ကတည်းက တက္ကသိုလ်ကို ကျောခိုင်းခဲ့ပြီး ကျောင်းကြီးပြန်ဖွင့်ပြီကြားသဖြင့် ပြန်လာခဲ့ရသော တက္ကသိုလ်သည် လတ်ဆတ်နေသည်ဟုပြောသော်လည်း ရေမွှေးဆွတ်ထားသည့် လန်းဆန်းမှုမျိုးဟု ခံစားနေရသည်။

စာကြည့်တိုက်အကြောင်း ပြောချင်ပါသည်။ မကြာသေးမီက ဖတ်မိသည့် တရုတ်နိုင်ငံထုတ် စာစောင်တစ်ခုတွင် လက်ရှိ တရုတ်နိုင်ငံမှ တက္ကသိုလ်စာကြည့်တိုက်ကြီး ၄ ခုကို အများပြည်သူများ အသုံးပြုနိုင်ရန်အတွက် ဖွင့်ပေး သင့် မသင့်ကို ဆွေးနွေးနေကြကြောင်း သိရသည်။ အရပ်သားပြည်သူများ လေ့လာဖတ်အား ကောင်းစေရန် အတွက် စီစဉ်ပေးနေမှုဖြစ်သည်။  လက်ရှိ တက္ကသိုလ်ကြီးတစ်ခုအား အရပ်သားများအတွက် ဖွင့်ပေးပြီးဖြစ် ကြောင်းလည်း သိရသည်။

ကျွန်တော်တို့ မြန်မာနိုင်ငံတွင် မိုးလင်းပေါက် ၂၄ နာရီဖွင့်လှစ်ပေးသော စာကြည့်တိုက်များ မရှိသေးပါ။ နိုင်ငံ တကာတွင် စာကြည့်တိုက်ကို ၂၄ နာရီအသုံးပြုနိုင်ခြင်း၊ အင်တာနက် အခမဲ့သုံးနိုင်ခြင်းစသည့် သတင်းတွေက မထူးဆန်းပေ။ ခေတ်မီသည့် ကွန်ပျူတာစနစ်များကြောင့် ရှားပါးသည့် စာအုပ်များကို e-book များလုပ်လာနိုင် ပြီဖြစ်ပါသည်။ ထို့ကြောင့် စာအုပ်၊ စာရွက်စာတန်းများကို ကျောင်းသားတွေကို ထုတ်မပေးနိုင်လျှင်လည်း e-book အဆင့်လောက်ကိုတော့ စီစဉ်ထားပေးသင့်ပါသည်။

မကြာသေးမီ လူငယ်အဖွဲ့တစ်ဖွဲ့က ကျွန်တော့်ကို ပညာရေးအကြောင်းနှင့် ပတ်သက်ပြီး ဟောပြောပေးရန် ဖိတ်ကြားခဲ့ပါသည်။ သူတို့ကို ကျွန်တော်က တက္ကသိုလ်တံခါးတွေ ဖွင့်ပြီ၊ စာကြည့်တိုက်တံခါး၊ ကွန်ပျူတာ တံခါးတွေ ဖွင့်ပေးဖို့လိုသေးသည်။ တက္ကသိုလ်နယ်မြေဆိုသည်မှာ အင်တာနက်ကို အခမဲ့အသုံးပြုနိုင်သည့် Free Hotspot Zone ဖြစ်နေရမည်။ အိန္ဒိယအစိုးရက ကျောင်းသားတစ်ယောက်ကို တက်ဘလက်တစ်လုံး ဒေါ်လာ ၂၀ နှုန်းဖြင့် သုံးနိုင်အောင်စီစဉ်ပေးမှုများ အစိုးရကစီစဉ်ပေးသင့်သည်စသည့် စကားများကို ဟောပြော ခဲ့ပါသည်။

သူတို့က တက္ကသိုလ်ပညာရေး ပြုပြင်ပြောင်းလဲမှုအတွက် ဘာတွေလိုအပ်သလဲဟု ၀ိုင်းမေးကြသည်။ ကျွန်တော်က ကမ္ဘာ့နံပါတ်အဆင့် ၁ တွင်ရှိနေသည့် ဖင်လန်နိုင်ငံ ပညာရေးစနစ်နှင့် ထောက်ပြသည်။ ဖင်လန်နိုင်ငံတွင် ပညာရေးစနစ် နံပါတ် ၁ ဖြစ်ရခြင်းသည်

၁။ စာမေးပွဲစနစ်မရှိခြင်း

၂။ ဆရာများကို အနိမ့်ဆုံး မာစတာဘွဲ့ရများကိုသာ ခန့်အပ်ခြင်း

၃။ ဆရာအချင်းချင်း ပညာရေးကို မကောင်းကောင်းအောင် ပူးပေါင်းဆောင်ရွက်စိတ်ရှိကြခြင်း စသည့်အချက်များကြောင့် ကမ္ဘာ့ထိပ်တန်းရောက်ခဲ့ရသည်ဟု ပြောခဲ့ပါသည်။

ကျွန်တော်တို့နိုင်ငံတွင် စာမေးပွဲစနစ်သည် အမှတ်ကောင်းကောင်းရလျှင် ဆရာဝန်ဖြစ်ရန် သတ်မှတ်ချက် တစ်ခုဖြစ်ခဲ့သည်မှာကြာလှပြီ။ ၅ ဘာသာ၊ ၆ ဘာသာ ဂုဏ်ထူးရှင်လေးတွေနှင့် အင်တာဗျူးသည်ကို ဖတ်လိုက် တိုင်း ဆရာဝန်ကြီးတွေ၊ ဆရာဝန်မကြီးတွေလုပ်မည်၊ ဆေးကျောင်းတက်မည်ဆိုသည့် အပြောမျိုးတွေသာ ကြားနေရသည်။ ပညာရေးပန်းတိုင်နှင့် နောက်ဆုံးအဖြေသည် ဆရာဝန်တွေဖြစ်ရမည်ဆိုသည့် ပညာရေးစနစ် ကို ကျွန်တော်တို့ မပြောင်းလဲနိုင်သေး။ ထို့ပြင် တက္ကသိုလ်ဝင်တန်းအမှတ်ဖြင့် လူငယ်တစ်ယောက်၏ဘ၀ကို ပညာရေးဌာနမှဆုံးဖြတ်ခွင့်ရှိသူများက အဆုံးအဖြတ်ပေးသည်ဆိုခြင်းကလည်း သဘာဝမကျသေးပါ။

ပညာရေးစနစ်တွင် ကိုယ်ကြိုက်ရာ ကိုယ်သင်ခွင့်၊ မိမိနှစ်သက်သည့်ဘာသာကို လေ့လာခွင့်၊ လေ့လာသင်ယူ တတ်မြောက်ထားသည့်ပညာနှင့်ပတ်သက်ပြီး ဘ၀အာမခံချက်ရှိခွင့်များ လိုအပ်နေပါသည်။  တော်လှန်ရေး ကောင်စီအစိုးရတက်လာပြီးနောက် အမှန်တကယ်တော်သူ တတ်သူကိုသာ ပညာရေးကို လက်တွဲခေါ်မည် ဆိုသည့်မူကြောင့် ဆိုးသွမ်းလူငယ်များ ပေါ်ပေါက်လာရသည်ကိုလည်း သတိပြုသင့်ပါသည်။ လူငယ်အချင်း ချင်း တော်သူနှင့် ညံ့သူကို ခွဲခြားဆက်ဆံခြင်း မပြုသင့်ပေ။ တော်သူနှင့် ညံ့သူကို ခွဲခြားပြီး လေ့ကျင့်သင်ကြား ပေးရမည့်အလုပ်သည် ဆရာ့အလုပ်ဖြစ်သည်။ တော်သူကို ပိုတော်အောင်၊ ညံ့သူကို တော်လာအောင် လုပ်ပေးရမည့်တာဝန်မှာ ဆရာ့တာဝန်ဖြစ်သည်။

တက္ကသိုလ်တံခါးကို ဖွင့်လိုက်ပြီးသော်လည်း ဖွင့်စရာတံခါးတွေ ကျန်နေပါသေးသည်။ ပညာတံခါးတွေ ဖွင့်ရဦးမည်။ စာတံခါးတွေဖွင့်ရဦးမည်။ စိတ်တံခါးတွေ ဖွင့်ရလိမ့်ဦးမည်။ တရုတ်စကားပုံတစ်ခုတွင် “ကျောင်းတံခါးများ ဖွင့်ခြင်းသည် ထောင်တံခါးများ ပိတ်ခြင်းဖြစ်သည်” ဟုဆိုပါသည်။ ဤသို့ဆိုလျှင် ကျွန်တော်တို့ ကျောင်းတံခါးများကို ကာလရှည်ကြာစွာ ပိတ်ထားရခြင်း၏ ရည်ရွယ်ချက်သည် ဘာဖြစ်သွားမည်ထင်ပါသနည်း။ 

Powered by Bullraider.com

Notice: Undefined index: data in /home2/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238