ဝန်မင်းဝေချီ သို့ (TO MINISTER WEI CHI)
- Details
- Category: ကဗျာ
- Published on Saturday, 07 January 2012 12:36
- Written by မနှင်းပွင့်
- Hits: 1790
လုလင်ရွယ်ဖြိုး..မြင့်အမျိုးတို့
ပိုးဝတ်အစုံဆင်ကာသ...ကြုံခဲဒုက္ခ..ဒီဘဝ..တဲ့
ခုတော့နော်..မွဲဆေးဖော်ငတ်ဘိခြင်း..ပညာရှိအဆင်းကွဲ့...။
နားထောင်ပါဦး..ဝန်မင်းငဲ့
ကျုပ်အကြောင်းစုံလင်..ကရုဏာထိပ်ထား
ကျေးဇူးလဲများပါရဲ့..။
နုမျစ်ပျိုလွင်ငယ်စဉ်တုံးက..ချန်ဂန်းနယ်တခွင်
ရေးပြန်ဖတ်ပြန်..ခြယ်မှုန်းပြန်နဲ့
ကျုပ်ကလောင်..ပြောင်လှပါသတဲ့
ဖွဲ့ကဗျာစီမဆုံး...သီကုန်းပန်းသွင်
ယှဉ်ချင်ယှဉ်မလား..ထိပ်ဆုံးမှာပျော်..
ဟိတ်အကျော်အမော်..လူဇော်ကဝိတွေက
အဖော်အလှော်လုပ်ပါရစေကွဲ့..ဆိုလာခဲ့...။
ဒါနဲ့ပေါ့လေ..ဒီလောက်ဟုန်းဟုန်းတောက်နေမှတော့
ဘုန်းဘုရားအောက်မှ..အခစားမဝင်ရင်
စင်တော်ကဘယ်ကောက်ပါ့မလဲ..ထင်ပေါ်မှဖြစ်မှာကိုး..။
တိုင်းကျိုးပြည်ကျိုး..သယ်ကာပိုးဖို့
စိုးဟယ်မိုးဟယ်..တာဝန်လွယ်ဖို့
ဖယ်ဟယ်သန့်ဟယ်..အသရေဆယ်ဖို့
ကျုပ်လာခဲ့တယ်..ထင်တစ်လုံး..နဲ့..။
ဒီလိုနဲ့ကာလတွေနှောင်း..အမြင်ပြောင်းလာ
ကျုပ်သီချင်းကောင်းတွေကလဲ..လောကနဲ့အမြင်တိမ်းစောင်းအောင်
ဗိန်းဗောင်းတီးတတ်သကိုး...
ရေကြည်လာနိုးနဲ့ကျုပ်မှာ..မြည်းတစ်စီးနဲ့နယ်ပြောင်းတာကိုက
တစ်ဆယ့်သုံးနှစ်ကြာညောင်းသဗျား..။
အခုတော့နေပြည်တော်မှာ..နွေဦးပေါ့..
မနက်ဆိုကြေးရတတ်တွေအိမ်ရှေ့
ယို့ယို့လေးရပ်တယ်..။
ညနေညိုရင်..ဖုတ်ထောင်းထောင်းထအောင်
ကဆုန်ပေါက်နေတဲ့မြင်းထွားကြီးတွေကြား
လမ်းသလားတယ်..။
ခါးသီးနာကြည်းတာတွေကိုမျိုသိပ်လဲ
သူကြွယ်တို့ရဲ့စားတော်ပွဲကျ
စားနုတ်စားပေါက်အေးခဲခဲတွေက
ရင်ကိုထိုးခွဲတယ်..။
တစ်ခါများမတော့...ရွှေနန်းကသဝဏ်လွှာရောက်
ပေါက်ပေါက်မြောက်မြောက်ရှိသူတွေ
ဘုန်းတော်အောက်ဝင်စေတဲ့
ကျုပ်လဲရောက်မဲ့ရောက်မှတော့ ထိပ်ပဲဟဲ့လို့
စိတ်ထဲထည့်မိသေးရဲ့..။
ခုတော့လဲကျုပ်ဘဝ..မလှမပနဲ့
ပျံလမ်းပျောက်တဲ့ငှက်မျိုး
မိုးနတ်ကလက်မခံ..မာန်လျှော့ရပြန်
ကန်ထဲသွား.. အားလျော့ခဲ့ပြန်..
မဟန်တော့တဲ့ရေနည်းငါးပေမို့
မြူးသွက်ချင်ပေမဲ့..ကူးခတ်တာကိုတောင်မေ့လျော့ခဲ့ပြီ..။
အလီလီနဲ့..ဝန်မင်းစေတနာဂရုဏာတွေအတွက်
ဆပ်မကုန်ပါဘူး..ကျေးဇူးကြီးလှပါရဲ့.
မတန်မထိုက်ပေမဲ့...ကံလိုက်တယ်ဆိုရမလား
အများနဲ့ကြုံ...လူစုံတိုင်း
ကျုပ်လိုငနဲမျက်နှာမွဲရဲ့..အင်္လကာစာကဗျာတွေကို
ကိုးကားပြောဆိုသတဲ့လေ.....ကိုင်း...။
ဒါနဲ့..ဝန်မင်းနဲ့ထိုက်စွာ
အရိုက်အရာအသစ်ချီးမြှင့်ခံရသဆို
အို..မုဒိတာလဲပွားမိပါရဲ့..။
တဖက်မှာတော့..လုံးလုံးကြီးအကြပ်ရိုက်
ပျက်စီးခြင်းကပ်ဆိုက်နေတဲ့
ကျုပ်ကိုယ်ကျုပ်..စက်ဆုပ်မိတယ်..။
ဝေဒနာနှိပ်စက်..ခြေကမျက်နဲ့
စိတ်အားလျော့လာ...
ထွက်တော်မူနန်းကခွာတော့မယ်..။
အရှေ့ကိုဦးတည်..ပင်လယ်ဆီကျုပ်သွားမယ်
ကမ်းစပ်မှာတစ်ခန်းရပ်မယ်..။
ရွှေမြို့တော်ကိုကျောခိုင်း..တောပိုင်းမှာအခြေချ
ဒက္ခိဏတောင်တန်းလှတွေနဲ့ဝေမြစ်ကြည်ကြည်
ရည်မျှော်တမ်းတလွမ်းရတော့မယ်....။
ဆိုတော့ဝန်မင်းရေ
ပကာသနကင်း..ရိုးရှင်းတဲ့အစာဆိုတာ
တစ်သက်မှာ..တစ်ခါသာတစ်ဆုပ်ကြဲပေမဲ့
ချို့ငဲ့သူအတွက်..အကြင်နာတစ်လှည်းပါဘဲ..။
ဝန်မင်းကျေးဇူးကြီးလှပါရဲ့
သို့ပေမဲ့..အတောင်ဖြန့်မိပြီမို့
လှောင်ချိုင့်ထဲတန့်ချည့်..နေမဖြစ်တော့ဘူး
လေရူးနဲ့အတူကျုပ်ပြေးတော့မယ်
ဝေးသထက်ဝေးရာဆီ........။
TU FU (712-770)
TANG DYNASTY
Translated by Ma Hninpwint
(This poem is translated from Tu Fu selected poems.Tu Fu might have been just weeping over starving scholars from that era but the poem kinda amazingly reflects brain drain and struggling educated people from our country, Burma.)
Notice: Undefined index: data in /home/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238








