လမ်းက ငါတို့ကို ခေါ်နေပြီ

လမ်းက ငါတို့ကို တကယ်လိုအပ်နေပြီဆို

ပန်းခင်းလမ်း မဟုတ်လဲ ငါတို့လျှောက်ရဲရမယ်

ဟော…… ဟိုမှာ

အိမ်မက်မက်အားအောင်ကို အိပ်မောကျနေကြသူတွေ

ဟောက်မြဲ ဆက်ဟောက်နေကြပါစေ

အိပ်စောင့်တော့ အချိန်တွေက ကုန်လွယ်တယ်လေ

ဟော……ဟိုမှာ

တဟီးဟီး တဟားဟားနဲ့ ပျော်လို့ပါးလို့ကောင်းနေကြသူတွေ

ဆက်လက်ပျော်ပါးကြပါစေ

ဖျော်ဖြေမူတွေက လောကကို ခဏမေ့နေစေတယ်လေ

ဟော……ဟိုမှာ

အနိုင်ရလိုမူ တစ်ခုတည်းအတွက်

နည်းမျိုးစုံ ကို ဆည်းပူးဖြည့်စွက်နေကြသူတွေ

သူ့လမ်းသူ ဆက်လှမ်းကြပါစေ

အနိုင်ရခြင်းမှာ…..တစ်ငါတည်း ငါနေရတာ

အရသာရှိတယ်လေ

ဟော……ဟိုမှာ

မရှိမဲ့ ရှိမဲ့ ဂုဏ်ပုဒ်လေးတွေ ထုတ်ထုတ်ပြပြီး

မာန်တက် ကြွားဝါနေကြသူတွေ

သူတို့လေနဲ့ သူတို့မျောနေကြပါစေ

လေပေါရတာက အလုပ်လုပ်ရတာထက် ပိုပြီးသက်သာတယ်လေ…..။

 

ညီလေးရေ……

မင်းကတော့ သူတို့ကို အားမကျနဲ့

အိပ်စက်ဖို့ လိုအပ်တဲ့အခါ ခဏတာ မှေးစက်နားခို ရတာတွေရှိမယ်

စိတ်ပင်ပန်းမူ အချို့အတွက် ဖျော်ဖြေမူတချို့တ၀က်လဲ လိုအပ်ကောင်းလိုအပ်မယ်

မိမိ ကိုယ်ကို ယုံကြည်မူ ရှိနေစေဖို့နဲ့ ဂုဏ်သိက္ခာအတွက်

အချို့သော ပြိုင်ပွဲ တွေကို ငါတို့ အနိုင်နွှဲရတာလဲ ရှိနိုင်တယ်

အားငယ်နေသူတွေကို အားပေးနှစ်သိမ့်ဖို့ ပဲ ဖြစ်ဖြစ်

စိတ်လေနေသူတွေကို စိတ်အားတက်စေဖို့ပဲ ဖြစ်ဖြစ်

မင်းနားလည်တက်ကျွမ်း ထားသာမျှကို ပြန်လည် ဝေမျှဖို့ ပဲ ဖြစ်ဖြစ်

လိုအပ်လာတဲ့ အချိန်အခါတစ်ခုမှာ

ငါတို့ရဲ့ အခြေအနေ အစစ်အမှန် တစ်ခုကို ဖော်ထုတ်ပြီး

စကားတွေ ပြောရတာမျိုးလဲ ရှိကောင်းရှိမယ်…

ဒါပေမယ့် …..

မင်းရဲ့ ဘ၀ တစ်ခုလုံးကိုတော့

ဒါတွေနဲ့ပဲ အချိန်မကုန်စေနဲ့ပေါ့……။

 

မင်းမသွား ပဲ နေလို့ရပေမယ့်

လမ်းကတော့ မင်းကို လက်ယပ်ခေါ်နေတယ်

အဲဒီ့ လမ်းက မဖြောင့်ဖြူး ဘူး

ဒါပေမယ့်…….

လျှောက်ဖူးခဲ့ကြသူတွေကတော့ ဖြောင့်မတ်သန့်စင်တယ်

အဲဒီ့ လမ်းက မချောမွေ့ဘူး

ဒါပေမယ့်…….

လျှောက်ဖူးခဲ့ကြသူတွေကတော့ မွန်မြတ်ရဲရင့်တယ်

အဲဒီလမ်းမှာ ပန်းပွင့်တွေခင်းမထားပဲ

ဆူးညှောင်ခလုတ် တွေနဲ့တားထားတယ်

အဲဒီလမ်းမှာ ရယူပိုင်ဆိုင် လိုက်စရာတွေရှားပြီး

ပေးဆပ်စွန့်လွှတ် လိုက်ရမှာတွေများတယ်……။

 

မင်းကဘာလဲ

ခေတ်ရဲ့ပြုပြင်ပြောင်းလဲနေမူတွေကို

ဇွတ်အတင်း ငြင်းဆန်တင်းခံမယ့်

ခပ်ဟောင်းဟောင်း ရှေးရိုးစွဲတစ်ယောက်လား….

ဒါမှမဟုတ်….

ခေတ်ရဲ့ပြုပြင်ပြောင်းလဲမူ စီးကြောင်းတွေတိုင်းမှာ

အလိုက်သင့် အလျားသင့် စီးဝင်မျောပါမယ့်

ခပ်ပေါ့ပေါ့ အရိုးပျော့ကောင်လား

ဒါမှမဟုတ်…

မင်းရဲ့ စွမ်းဆောင်ရည်ရှေ့က

ကန့်သတ်ပိတ်လှောင်ထားသမျှ အရာရာကို

တွန်းဖြိုဆွဲဖွင့်ပြီး

ခေတ်ကို တစ်နည်းတစ်ဖုံ နဲ့ ပြောင်းလဲပစ်မယ့် သူလား

စဉ်းစားပါ….ဆုံးဖြတ်ပါ

ပြီးရင် အဲဒီ့ ဆုံးဖြတ်ချက်အတိုင်း ရှေ့ဆက်ပါ

မင်းမဟုတ်တဲ့ အခြားဘယ်သူကမှ

မင်းရင်ဘတ်မှာလာပြီး တံဆိပ်ကပ်တာကို မခံပဲ

မင်းရဲ့ဘ၀ကို မင်းစိတ်ကြိုက်မွမ်းမံပါ

မင်းရဲ့ သမိုင်းကို မင်းကိုယ်တိုင် ရေးထွင်းပါ

ပြီးတဲ့အခါ…..

ကောင်းတာလားမလား ဆိုးတာလားမလား

ဘယ်လို လောကဓံ တရားမျိုးပဲ ရောက်လာလာ

ဒါ…. ငါ ကိုယ်တိုင် ဖန်တီးခဲ့တာပဲလို့ သဘောထားပြီး

ရဲရဲ ၀ံ့ဝံ့ …..လိုလိုလားလား

ခံယူ ကျေနပ်လိုက်စမ်းပါ……..။

 

ကဲလာ…….

လမ်းက ငါတို့ကို  အသေအချာ ခေါ်နေပြီ..။       ။

နေဘုန်းလတ်

08.08.2011(Mon)

Powered by Bullraider.com

Notice: Undefined index: data in /home/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238