အင်ဖက်မိုးပြီး ရေးတဲ့ကဗျာ

ကျနော်ငယ်ငယ်

အင်ဖက်မိုးနဲ့ ကျနော်တို့အိမ်ကလေး

မိုးလန့်ပြီး ယိုတဲ့ ညက

အဖေဟာ သန်တုန်းမြန်တုန်းပေါ့။

အခုတော့

အဖေက အသက် ၇၀

တခေါင်းလုံး ဆွတ်ဆွတ်ဖြူနေပြီ။

ဟိုတုန်းကဆို

အဖေက ခေါင်မိုးစပ်နားထိတက်သွား

အမေက ကြမ်းပေါ်ကနေ ခြေဖျားထောက်ပြီး

အင်ဖက် ကမ်းတယ်လေ။

 

သူတို့လင်မယား

တိုးတိုး တိုးတိုး

ကျနော် နိုးမှာစိုးလို့တဲ့။

နောက်ဆုံးတခေါက်

ကျနော် အိမ်ပြန်ရောက်တော့

ကျနော်တို့အိမ်ကလေး သွပ်မိုးထားလိုက်တယ်

“နင့်အဖေလည်း အသက်ကြီးပြီ ... သား

မိုးယိုတဲ့အခါ အတက်အဆင်း မလုပ်နိုင်တော့ဘူး”

အမေ့ ပြောစကား

ကျနော် ခံစားရပါတယ်။

တကယ်ဆို အိုကြီးအိုမ ဒီလင်မယားမှာ

သားတယောက် ထွန်းကားခဲ့ပါတယ် အမေ။

 

တခါက အဖြစ်အပျက်တခု အမေ ပြောပြဖူးတယ်

တညမှာ ဓားပြတွေ အဖေ့ကို ဖမ်းခေါ်တုန်း

အဖေရဲ့အဖေ ကျနော့်အဘိုးက ခပ်လှမ်းလှမ်းကနေ

ဓားပြတွေကို တုတ်နဲ့ ပစ်ပြီး

ဓားပြလက်ကနေ အဖေ ထွက်ပြေးလို့ရအောင် လုပ်ပေးဖူးတယ်တဲ့

အဘိုးနဲ့ အဖေ ... သူတို့သားအဖ တယောက်ကို တယောက်ကာကွယ်ခဲ့ကြပုံတွေ။

 

အသက် ၆၀ မှာ အဘိုးဆုံးတော့

အဖေက ရှိုက်ကြီးတငင်ငိုတယ်။

“သားကို ဘယ်သူ ကာကွယ်ပေးမလဲ”

အဘိုးကို တိုင်တည်တဲ့ အဖေ့စကား

သား အခု နားလည်ပြီ ... အဖေ။

 

အဖေ့ဘ၀မှာ

အမေ့ကို ချစ်ခဲ့တာတခုတည်းပဲ

မိဘကို ဆန့်ကျင်ခဲ့ဖူးတယ်။

၉ တန်းနဲ့ ကျောင်းထွက်ခဲ့တဲ့ တောရွာက ကျောင်းဆရာလေး

ချို့ငဲ့တဲ့ အမေနဲ့ ညားတော့

အဘွားက သဘောမတူခဲ့ဘူးလေ။

 

အမေ ခဏခဏ ပြောတယ်

တို့မိသားစု မချမ်းသာတာ

နင့်အဖေကြောင့်တဲ့

အိမ်ထောင်ဦးမှာ

မဆလခေတ် နိုင်ငံရေးအကျဉ်းသားအဘိုးအတွက်

အမေတို့ အကုန်အကျ များခဲ့တယ်ပေါ့

စကားစပ်ရင် အမေက မချိတင်ကဲ

အဖေကတော့ မျက်နှာလွှဲနေတယ်

သားတယောက်ရဲ့ တုံ့ပြန်ကျေးဇူးဆိုတာကို ကျနော် မခံစားခဲ့မိဘူး။

 

မှောင်ခိုတခေတ်မှာ

အဖေ့သူငယ်ချင်းတွေ

ချမ်းသာသွားကြတယ် ...

ကျနော်တို့ မိသားစု မချမ်းသာပါဘူး၊

သူများတွေ တိုက်ဝယ် ကားစီး

ကျနော်တို့ ကားမစီးနိုင်ပါဘူး၊

“ငါတို့ ငွေမရှိချင်နေ

ငါ့သားသမီးတွေ ပညာတတ်ရမယ်” တဲ့

အဖေ့ဒဿန ...

သားသမီး (၄) ယောက် ကျောင်းစရိတ် ထောင်းတော့

အမေ့လည်ပင်းမှာ ရွှေမဆင်ခဲ့ရဘူး။

 

ကျနော် တက္ကသိုလ်ရောက်စ

နိုင်ငံရေးကို စိတ်ဝင်စားတော့

စာအုပ်ထဲက သူရဲကောင်းတွေ

အောင်ဆန်းအကြောင်း ... ဗဟိန်းအကြောင်း

ကျနော် ပြောရင် အဖေ ပြုံးပြုံး ပြုံးပြုံး။

 

တကယ်တော့

ခေတ်ဆိုး စနစ်ဆိုးအကြောင်း

အဖေ့လောက် ကျနော်က ပိုသိဦးမလား။

အဖေဟာ

လရောင်အောက်မှာ

အထုပ်ကလေးပိုက်လို့

ကုတ်ကုတ်ကလေး သူပုန်တွေကို ဆက်ကြေးပေးခဲ့ဖူးတယ်။

 

အဖေဟာ

သူပုန်နဲ့ ဆက်သွယ်လို့ဆိုပြီး

တနေ့လုံး အခန်းပိတ်ပြီး ထိုးကျိတ်တာ ခံခဲ့ရဖူးတယ်

ကျွဲနှစ်ကောင်ကြားက မြေစာပင်ဘ၀တွေ

အဖေလောက် ကျနော်က ပိုသိဦးမလား။

 

ဒါပေမယ့် အဖေက သူရဲကောင်းမဆန်ဘူး …

ပြည်တွင်းစစ်သေနတ်သံတွေကို

ရပ်တန့်အောင်တော့ မလုပ်ဘူး၊

သူ့သားသမီး ကျနော်တို့ကိုတော့ သေနတ်သံမကြားတဲ့

မြို့ကို ပို့ခဲ့တယ်၊

 

ပြည်တွင်းငြိမ်းချမ်းရေးရအောင်တော့ မကြိုးစားဘူး …

သူပုန်ကို ဆက်ကြေးပေးလိုက်

သားအရွယ် စစ်ဗိုလ်တွေ ထိုးတာကို ခံလိုက်နဲ့ ...

အဖေဟာ သတ္တိအတော်နည်းတာပဲ

ကျနော် အဲသလို စိတ်စွဲခဲ့ဖူးတယ်။

 

သူ့အဖေ ခေါင်းချသွားတဲ့ ဇာတိမြေမှာနေ

သားတွေ၊ သမီးတွေ၊ မြေးတွေကို ချစ်တတ်တဲ့

အဘိုးကြီးတယောက်ဟာ

ဘယ်လိုလုပ် သူရဲကောင်းဆန်မလဲ။

သားတယောက် အိမ်က ပျောက်သွားတော့လည်း

အိမ်ဘေးမြေကွက်လပ်မှာ ညနေတိုင်း ဆောင့်ကြောင့်ထိုင်

သားဒိုင်ယာရီထဲက ဓာတ်ပုံကို ထုတ်ပြီး

မျက်ရည်ကျချင်ကျနေမယ် …

ဒီအဘိုးကြီး

ဘယ်လိုလုပ်သူရဲကောင်းဆန်မလဲ။

 

ဖခင်တယောက်ရဲ့ ပရိဒေဝ

သောကလွှမ်းတဲ့ မေတ္တာပို့သံတွေက

ကျနော်နဲ့ မထိုက်တန်ခဲ့ပါဘူး ... အဖေ။

 

တကယ်တော့

အဖေဟာ အပြင်မှာ မိုးတွေ ဒီလောက်သည်းနေတာတောင်

အင်ဖက်မိုးတဲ့ အိမ်ကလေးလို

ကျနော်တို့ကို အစွမ်းကုန် လုံခြုံမှုပေးခဲ့သူပါ၊

 

ဒီကဗျာကို အဖေ့မြေး ကျနော့် သားဦးလေး မမွေးခင်မှာ

လက်အုပ်ချီမိုး ကျနော် ရေးနေပါတယ်။

ဇာတ်တော်ထဲက အဇာတသတ်လို

ကျနော် နောက်မကျချင်လို့ ... အဖေ။     ။

 

ညီစောလွင်

Powered by Bullraider.com

Notice: Undefined index: data in /home/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238