တံတားပေါ်က မနက်ဖြန်
- Details
- Category: ကဗျာ
- Published on Wednesday, 28 November 2012 13:25
- Written by အိချော (၀ါထနာ)
ဆရာတွေ...
သက္ကရာဇ်တစ်ခုကို
စီးမျောလိုက်ပါရင်း
ဒိုက်ပုံ... အမှိုက်ပုံနဲ့
တည့်တိုး ... တိုးမိ
စိတ်သောကလည်း ... မဖိစီးခဲ့ရာ။
ဒါပေမယ့်..
ကလေးတွေအတွက် ... စဉ်းစားရင်း
မျက်လုံးဖွင့်ပြီး ... အိပ်ပျော်ခဲ့ရညတွေ
စိတ်ဒဏ်ရာကို ... ဆေးထည့်
လှိုက်စားလာတဲ့ .. ဒဏ်ရာဟောင်းမို့
ပင့်သက်ကို... အခါခါချမိ။
ဒါကြောင့်လည်း ...
မ၀ံ့မရဲဖြင့် ... စိုးကြည့်နေမိ
အပြစ်ကင်းတဲ့... မျက်နှာလေးတွေ
တိမ်ပြိုမယ့် .. မိုးအောက်က
ကလေးငယ်လေးတွေ
ထီးမပါ .. မိုးကာမရှိ
အလုပ်ခွင်တွေဆီဘက်ကို
ချိန်ခွင်လျှာကသာ...။
တကယ်လို့များ...
ဖယောင်းတိုင် မီးလေးတစ်ခုနဲ့ပဲ
က၊ ခ စတဲ့ .... ဗျည်းကဗျာတွေ
A B C D ... သီချင်းလေးတွေ
ဒါကို (+) ပေါင်းပြီး ... ဒီဟာက (-) နုတ်
ဒါကို (X) မြှောက်မှ ... (-:-) စားရမယ်
ဒါမှ လူတန်းစေ့ (=) ညီမျှစွာ နေရမှာပေါ့လို့
ပြောပြလိုက်ရင် ... သူတို့လေးတွေ
လှည့်လာကြမှာလား ...။
တကယ့်... တကယ်မှာ
သေချာတာတစ်ခုကတော့
အခု... တံတားလေးပေါ်မှာ
ကျောင်းဝတ်စုံလေးတွေနဲ့
ကလေးတချို့ဟာ
မသေချာတဲ့
မနက်ဖြန်ကို ရပ်စောင့်လို့။ ။
အိချော (၀ါထနာ)
၂၅ စက်တင်ဘာ၊ ၂၀၁၂
ရနောင်းမြို့
(ရနောင်းမြို့ရှိ အသက် ၁၃ နှစ်နှင့် အထက် ပညာသင်ယူနေကြသော ကျောင်းသား၊ ကျောင်းသူများ အားလုံးအတွက်... အမှတ်တရ)
Notice: Undefined index: data in /home/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238









