ပဉ္စမမြန်မာနိုင်ငံတော်ရဲ့အလံ (သို့မဟုတ်)ကျွန်တော်တို့ရဲ့ကောင်းကင်သစ်

ကျွန်မတို့ရွာကို

မိုးပေါ်ကပတ္တမြားကြီးတစ်လုံးပြုတ်ကျလာတယ်။

ဒါဟာ ဗြဟ္မာကြီးတစ်ဦး

ဒါဟာ နောက်ထပ်ဂြိုဟ်အသစ်တစ်လုံးလည်းဖြစ်မယ်။

အသံထဲကသမိုင်း

သမိုင်းထဲက အသံသာကြားဘူးတဲ့

ပြည်တန်တဲ့ ပတ္တမြားကြီး။

ဘယ်နေရာမဆို

စိမ့်ဝင်စီးသွားနိုင်တဲ့ ကမ္ဘာကျော် ဧရာမပုလဲလုံးကြီး။

သူလာမယ်ဆိုလို့

ရေချိုးခန်းနဲ့ဘုရားစင်ကို အလှပဆုံးထုံမွှန်းနေတယ်။

သူလာမယ်ဆိုလို့

ပန်းရန်နဲ့ လက်သမားဆရာတွေက

ဂစ်တာတွေ စန္ဒယားတွေ ပတ်ကားရှင်းတွေတီးခတ်နေသလို အိမ်ကိုသလို့။

တကယ်တော့

ကျွန်မတို့က ဒီအိမ်ကလေးကို

တစ်လကြာအောင် မဆောက်ခဲ့ရပါဘူး

ဒါပေမယ့် သူက သူမရဲ့ယုံကြည်မှုကိုတော့

တစ်ဘ၀ကြာလောက်အောင် စောင့်ခဲ့ရတယ်။

ကျွန်မတို့

ရက် ၂၀ လောက်နဲ့ ဒီအိမ်ကလေးကို

သူ့အတွက် ပြင်ဆင်ပေးနိုင်ခဲ့ပေမဲ့

သူမကတော့

ကျွန်မတို့တိုင်းရင်းသားတွေ အတူတကွနေထိုင်မယ့် အိမ်တစ်လုံးအတွက်

နှစ် ၂၀ ကျော်အမှောင်ထဲ

သူ့ယုံကြည်မှုကို ကျောက်သားနံရံတွေကိုဖြဲလို့

ခရီးကြမ်းတစ်ခုကို ထွင်းထုပြီး ထမ်းထွက်လာခဲ့ရတယ်

သူက နတ်သမီးတစ်ပါးလား

ဂျာနယ် ရေဒီယိုနဲ့ အိပ်မက်ထဲမှာ ကျွန်မတို့ရဲ့နှလုံးခုန်သံကိုမြန်စေသူ

ဂန္ထ၀င် သမိုင်းမျိုးဆက်ကြီးတစ်ခုထဲက ဆက်လက်စီးဆင်းလာသောမြစ်

မဟာနဲ့ ဒဏ္ဍာရီဆန်လေသူ။

သမားကိုမြင်ရုံနဲ့ ရောဂါတစ်ဝက်ပျောက်ခဲ့သလို

သူ့ကိုမြင်ရုံနဲ့ ကျွန်မတို့

နေပူထဲ မိုးရွာထဲ ဆောင်းခဲခဲ ထွက်ရဲ လိုက်ရဲခဲ့ကြတယ်။

အထင်မလွဲလိုက်ပါနဲ့

ပတ္တမြားမှန်လို့ နွံမနစ်ခဲ့တာပါ

သူဟာ နွံထဲက ကျွံထွက်လာတဲ့ကြာပေါ့။

ခု သူ ကျွန်မတို့အိမ်မှာအိပ်မယ်တဲ့

ဒါဟာ ကျွန်မတို့အတွက်

ဘယ်လောက် အိပ်မက်ဆန်တဲ့ အိပ်မက်လဲ။

ဒါဟာ သူ့ကိုယ်ရောင်ကိုယ်ဝါက

ကျွန်မတို့ တောသူတောင်သား တိုင်းရင်းသားတွေအပေါ်

စတင်ခြိမ်းလိုက်တဲ့ မိုးခြိမ်းသံတစ်ခုပဲ။

ဒါဆို ကျွန်မတို့မြို့ကလေးပေါ်

စတင်ရွာချမဲ့မိုးက ကမ္ဘာပြုမိုးပေါ့။

သူက ကျွန်မတို့အပြောင်းအလည်းတစ်ခုအတွက်

အနာဂတ်ကို ‘‘ချိန်း’’ လိုက်ခဲ့ပြီပေါ့။

ရှင်တို့ကမေးတယ်

သူ့ကို ဘာတွေ ချက်ကျွေးမှာလည်းတဲ့

အော်…ဒါများ ကြက်သား ၀က်သား

သူ့အတွက် တကယ့်ကို လျှာလည်သွားစေမယ့်

ကျွန်မတို့တစ်ယောက်စီက ‘‘မဲတစ်ပြား’’ ပေါ့

ဒါဟာ သူ့အတွက် တိုင်းရင်းသား ဟင်းလျှာကောင်းတစ်ခုဖြစ်မှာပေါ့။

သူကတော့ ကျွန်မတို့အတွက်

ကျွန်မတို့ သဘောမတူရင်

ကျွန်မတို့အရိပ်တောင်နင်းခွင့်မရှိတဲ့

ကျွန်မတို့ သဘောမတူရင်

ကျွန်မတို့ရဲ့ ကျွဲ နွား စာကျက်မြေတွေ မပျောက်ရတော့မဲ့

ကျွန်မတို့ သဘောမတူရင်

ကျွန်မတို့ရဲ့ သားသမီးမြေးမြစ်တွေ မဆုံးရှုံးတော့မဲ့

လောကသစ်တစ်ခု ပြန်ပေးလိမ့်မယ်။

သူကပြောရင် လူတွေက

စနေ တနင်္ဂနွေမဟုတ်လည်း

လမ်းပေါ်မှာပြန့်ကျဲနေတဲ့သစ်ရွက်တွေနဲ့

ကြမ်း/ကျမ်းပေါ်မှာပြန့်ကျဲနေတဲ့ ကျည်ဆန်တွေကို လိုက်ကောက်ကြလိမ့်မယ်။

သူက လူတွေကိုငြိမ်းချမ်းစေချင်တယ်

ဘယ်လောက်လည်းဆို

ညဘက်အိပ်နေရင်လည်း အန္တရယ်အငွေ့အသက်ကင်း

အိပ်ခြင်းမှာ ငြိမ်းချမ်းစေရမယ်။

နေ့ခင်းဆိုရင်လည်း

စား ၀တ် နေရေး သားရေးသမီးရေး တိုင်းရေးပြည်ရေး

ဘာသာရေးမကျန် ငြိမ်းချမ်းစေရမယ်။

ဒီလို

ရှင်သိပါတယ်။

ခုဆို သူ့အရှိန်နဲ့

တောတွေ တောင်တွေကြားက

ချိုးငှက်တွေ တောင်ပံခတ် တွန်ကျူးကုန်ကြပြီ။

ရှင်သိပါတယ်

ခုဆို  သူ့အရှိန်နဲ့ နှစ်ပေါင်းများစွာ

အိမ်တွေနဲ့ တိမ်တွေကို ပျောက်ဆုံးခဲ့ကြတဲ့

ယုံကြည်သူများ ပြန်ရောက်လာကြပြီ။

ရှင်သိပါတယ်။

ခုဆို သူ့အရှိန်နဲ့

အာရှတိုက်ကြီး ပွင့်သွားပြီ

ဥရောပတိုက်ကြီး ပွင့်သွားပြီ

သြစတြေးလျတိုက်ကြီး ပွင့်သွားပြီ

လက်တင် အမေရိကနဲ့ တောင်အာဖရိကတိုက်များဆီအထိ

ငါတို့ ပွင့်သွားပြီ။

သူ့ကြောင့် ငါတို့မျက်လုံးတွေ

နားတွေ ပါးစပ်တွေ တံခါးတွေ ပွင့်သွားခဲ့ကြပေါ့။

ခုဆို သူ့အရှိန်နဲ့

Sanction ဆိုတဲ့ကျောက်တုံးဟာ

အသားတုံးတစ်ခုအဖြစ် ပြောင်းလည်းလာနေပြီ။

ဒါ နတ်သုဒ္ဓါဖြစ်မယ်

ဒါ ဟင်းခွက် ၃၀၀ ထဲကပြန်အန်ထွက်ကျလာတဲ့

ကျွန်မတို့ရဲ့ ရှေးဟောင်းအမွေအနှစ် ဝေစုများဖြစ်တယ်။

ကျွန်မယောက်ျားက သေပြီ

ကျွန်မမှာ သားသမီး ၉ ယောက်ရှိတယ်

ကျွန်မနဲ့ဆို ၁၀ ယောက်

ခု သူမ ကျွန်မတို့ဆီရောက်လာရင် ၁၁ ယောက်ပေါ့

ဒါဆို ကျွန်မတို့ ၁၁ မီးငြိမ်းပြီပေါ့။

ခုဆို ကျွန်မတို့ရဲ့ ဆေးပေးမီးယူ လက်တွေပြန်ရလို့

ကျွန်လို အစေခံလို ၀ဋ်နာကံနာလို

ကျွန်မတို့ကို ထိန်းချုပ်ထားတဲ့ ယန္တယားကြီး ထီးနန်းကျသွားပြီဆိုတာ မြင်ရလို့။

ခု ကျွန်မတို့ဟာ

အခေါင် အထွတ်မှာ ခွပ်ဒေါင်းပုံကိုချိတ်လို့

ကြယ်ဖြူတစ်ပွင့်ကို ခေါင်း၌ပန်လို့

ကြိုနေတယ်။

ကြိုနေတယ်

ဘယ်နေရာမဆို သူမကို လူတွေက

ကျဲကျဲတောက်နေရောင်ထဲရောက်နေလည်း သူမကို လူတွေက

ပုသိမ်ထီးကိုဆောင်း ဦးရွှေရိုးအကနဲ့

ဒီမှာတော့(ကျွန်မတို့ဆီမှာ)ရိုးရာရင်ငွေ့ဆန်စွာ ကရင်ဒုံးယိမ်းအကနဲ့။ ။

                                                                                    ခရမ်းပြာထက်လူ

                                                           (၂၀၁၂ ၊ သြဂုတ်လ၊ ဖူးငုံ ဆယ်ကျော်သက်မဂ္ဂဇင်း)

ပြောစရာနည်းနည်းရှိတာက ဒီကဗျာကို ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့

ကော့မှူးမြို့နယ် ၀ါသင်္ခကျေးရွာက ကရင်အမျိုးသမီးကြီးရဲ့အိမ်မှာ အိမ်ထောင်စုစာရင်းဝင်ပြီး မိသားစုအဖြစ်နေထိုင်ရွေးချယ်ခံဖို့ လုပ်နေတဲ့အချိန်မှာ ဂျာနယ်သတင်းထောက်တွေနဲ့ ကရင်အမျိုးသမီးကြီး ပြောကြဆိုကြ မေးကြမြန်းကြတဲ့သတင်းတွေကိုမြင်ရ ကြားရ ဖတ်ရတဲ့အချိန်က

ရေးဖြစ်ခဲ့တာပါ။ နောက်ထပ်ပြောချင်တာက ဒီကဗျာကို မဂ္ဂဇင်းပေးဖြစ်တဲ့အချိန်တုန်းက ကဗျာရဲ့ခေါင်းစဉ်ကို ‘‘ပဉ္စမမြန်မာနိုင်ငံတော်ရဲ့အလံ (သို့မဟုတ်) ကျွန်တော်တို့ရဲ့ကောင်းကင်သစ်’’လို့

ပေးခဲ့ပါတယ် ။တစ်စုံတစ်ရာသောအကြောင်းကြောင်းကြောင့်ကျန်ခဲ့မယ်ထင်ပါတယ် ‘‘ကျွန်တော်တို့ရဲ့ကောင်းကင်သစ်’’နဲ့ဖြစ်လာပါတယ်။ဒါပေမယ့် ခုတော့ ကျွန်တော် မူလ ခေါင်းစဉ်အတိုင်းပြန်တင်လိုက်ပါတယ်။ ဒီကဗျာကို ပုံနှိပ်ဖေါ်ပြပေးခဲ့တဲ့ မရှိတော့တဲ့ လူငယ်တွေအတွက်တန်ဘိုးရှိလှတဲ့ ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်းကို လွမ်းပါတယ်။ ပြီးတော့ ကျေးဇူးလည်းတင်ပါတယ်။

https://www.facebook.com/khayanpyarhtetlupoet မှတစ်ဆင့် ကူးယူဖော်ပြပါသည်။

Powered by Bullraider.com

Notice: Undefined index: data in /home2/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238