ကျွန်တော်နဲ့ပေါက်ပင်ဘာကြောင့် ကိုင်း

http://anniversary.myanmarb2bmagazine.com/media/k2/items/cache/0847d5211daa2cfcfde28d825aa07d5d_XL.jpg

ငယ်ငယ်တုန်းက ကြားဖူးခဲ့တဲ့ ပေါက်ပင်ဘာကြောင့် ကိုင်းရသလဲဆိုတဲ့ စကားပုံကို အမှတ်ရမိတယ်။ ဗျိုင်းနားလို့ ကိုင်းရတယ်။ ဗျိုင်းဘာကြောင့်နား ငါးပေါ်လို့ နားရတယ်။ ငါးဘာကြောင့်ပေါ် ကျွဲလူးလို့ပေါ်ရတယ်။ ကျွဲဘာကြောင့်လူး ဖြုတ်ကိုက်လို့ လူးရတယ်။ ဖြုတ်ဘာကြောင့်ကိုက်-မိုးရွာ လို့ကိုက်ရတယ်။ မိုးဘာကြောင့်ရွာ ဖားအော်လို့ရွာရတယ်။ ဖားဘာကြောင့်အော် မြွေကိုက်လို့ အော်ရတယ်။ မြွေ ဘာကြောင့်ကိုက် ငါ့ဝမ်းပူစာမနေသာလို့ ကိုက်ရတယ်။ ရုတ်တရက်ကြည့်ရင် ကလေးတွေအတွက်သာ ဖြစ်ပေမယ့် အမှန်တော့ စီမံခန့်ခွဲမှုပညာအတွက် အလွန်အရေးကြီးလှတဲ့ ဇာစ်မြစ်ရှာဖွေဆန်းစစ်မှုပဲဖြစ်တယ်။ ပေါက်ပင်ဘာကြောင့် ကိုင်းရသလဲဆိုတာကို ဗျိုင်းနားလို့ဆိုတာနဲ့ မကျေနပ်ဘဲ အကြောင်းရင်းကို သိအောင်ဆက်စပ်ပြီး မေးခွန်းတွေမေးနိုင်မှ အကြောင်းရင်းကို သိနိုင်မှာဖြစ်တယ်။ ဂျပန်တွေက၊ ဘာကြောင့် လဲဆိုပြီး ပြဿနာရဲ့ဇာစ်မြစ်သိနိုင်အောင် ငါးကြိမ်မေးရတယ် လို့ပြောကြတယ်။ ဗျိုင်းဘာကြောင့်နားရသလဲဆိုရင် မြန်မာ တွေက ခုနစ်ကြိမ်တောင်မေးတာမို့ ပိုပြီး အနုစိတ်ကြောင်း သိသာပါတယ်။

ပြဿနာတစ်ခုကို သုံးသပ်ရင် ချက်ချင်းမြင်သာထင်သာ တာနဲ့ မကျေနပ်ဘဲဒီပြဿနာ ဘာကြောင့်ဖြစ်ရ သလဲဆိုတာ ကို အသေးစိတ်ဆန်းစစ်ဖို့ အလွန်အရေးကြီးလှပါတယ်။ အပေါ်ယံအကြောင်းအချက်ကိုမှီပြီး သုံးသပ်ရင်ပြီးပြည့်စုံမှု ရှိနိုင်မှာ မဟုတ်ပါဘူး။ လူနာတစ်ဦး ကိုယ်ပူနေတာကို အပေါ်ယံ ကြည့်ပြီး ဆေးပေးလို့ မဖြစ်ပါဘူး။ ကိုယ်ပူရတဲ့ အကြောင်း ရင်းကို သိအောင်စစ်ဆေးမှုတွေပြုပြီးမှ ဘာကြောင့်ကိုယ်ပူ ရသလဲကိုသိရင် သင့်မြတ်တဲ့ဆေးဝါးကို ပေးနိုင်မှာဖြစ်တယ်။ ရန်ကုန်မြို့မှာ ယာဉ်ကြောတွေကျပ်တဲ့ဒုက္ခကို နေ့တိုင်း လိုလိုရင်ဆိုင်နေကြရတယ်။ ဘာကြောင့် ယာဉ်ကြောတွေ အခုလိုကျပ်ရတာလဲ အကြောင်းရင်းတွေက မျိုးစုံ။ ကားတွေကို မဆင်မခြင်သွင်းခဲ့တာကလည်း အခြေခံအကြောင်းရင်းတစ်ခု။ တစ်ချိန်က ကားတွေဟာ မလိုအပ်ဘဲ အဆမတန်ဈေးကြီး အောင် စီမံထားခဲ့တယ်။ ဒီလိုဆောင်ရွက်တာကို စီးပွားရေး သီအိုရီအရ (rent seeking) လို့ သတ်မှတ်တယ်။ လွယ်လွယ် ပြောရရင် အိမ်ရှင်က အိမ်ငှားခကို မိမိကြိုက်သလို မြှင့်ထား တာ။

ဒီအကြောင်းစဉ်းစားရင် အခုအချိန်အထိ ရင်ထဲမှာ နာကျင်နေမိတယ်။ မြန်မာပြည်ပြန်ရောက်တော့ သုံးစရာလက် ကိုင်ဖုန်းမရှိတော့ ပါမစ်ရတဲ့သူဆီကတစ်ဆင့် ၂၅ သိန်းနဲ့ ဝယ်ခဲ့ရတယ်။ အခုတော့ကျပ် ၁၅၀၀ ပဲရှိတော့တယ်။ တကယ် တန်တဲ့ငွေကျပ် ၁၅၀၀ နဲ့ ၂၅ သိန်း ကြား ကွာဟာမှုကို ပါမစ်ရှိ သူတွေ၊ ပါမစ်ချပေးသူတွေအတွက် အကျိုးအမြတ်အကြီး အကျယ်ရခဲ့တယ်။ ကားမှာလည်း ဒီလိုပဲ ပါမစ်ရသူတွေ အတွက် သိန်း ၁၀၀ လောက်တန်တဲ့ စူဇူကီးကို ကျွန်တော်က သိန်း ၆၅၀ နဲ့ဝယ်ခဲ့ရတယ်။
ကားတွေကို လွယ်လွယ်ကူကူသုံးကြည့်လိုက်တဲ့အခါ လူတိုင်းက ကျေနပ်ကြတယ်။ အရင်တုန်းက ကားမဝယ်နိုင် သူတွေက ဝယ်နိုင်တဲ့အခြေအနေ ရောက်ခဲ့တာပါ။ ကျေနပ် နေကြတယ်။ သိန်း ၁၀၀ လောက်ရှိရင် ကားတစ်စီးဝယ်စီးနိုင် ပြီ။ ဒါပေမယ့် အခုလို ဝယ်နိုင်တဲ့ကားတွေက အဟောင်းတွေ၊ တစ်ပတ်နွမ်းတွေ၊ များသောအားဖြင့် ဂျပန်နိုင်ငံက သွင်းခဲ့တာ။ အမှန်တော့ ဂျပန်ပြည်က အမှိုက်တွေကို ကိုယ့်နိုင်ငံကို ကျေ ကျေနပ်နပ်နဲ့ သယ်လာတာဖြစ်တယ်။ အငှားယာဉ်အရေ အတွက်ကိုလည်း စဉ်းစဉ်းစားစားနဲ့ ခွင့်ပြုတာမဟုတ်တဲ့အတွက် အဆမတန်များနေတာ။ ယာဉ်ကြောပိတ်တာလည်း မဆန်းလှ ပါဘူး။ တစ်ဖက်ကလည်း ရန်ကုန်မြို့ရဲ့ လမ်းတွေဟာ အရင် အတိုင်း အသစ်တွေ မဖောက်နိုင်ဘူး။ လမ်းနဲ့ယာဉ်မမျှတဲ့ပြဿနာ။
လူတွေနဲ့ စည်းကမ်းမရှိမှုဟာလည်း ပြဿနာတစ်ရပ်။ အငှားယာဉ်တွေဟာ ခရီးသည်မြင်တာနဲ့ ကြိုက်တဲ့ နေရာမှာ ထိုးရပ်တော့တာပဲ။ အရှေ့အနောက်မကြည့်။ ကိုယ့်ရဲ့လုပ်ရပ် ကြောင့် ဘယ်လိုဖြစ်မယ် ဆိုတာ မစဉ်းစားဘဲ တစ်ကိုယ်ကောင်း ဆန်ဆန်ပြုမူကြတာ။ ခရီးသည်တွေအနေနဲ့ကလည်း ကိုယ့် အတွက်အဆင် ပြေမှုကိုသာကြည့်ပြီး ကားတွေကိုတားပြီး တက်စီး။ မစီးခင်ဈေးတွေဆစ်။ ယာဉ်ကြောတွေပိတ်တာ မဆန်းလှဘူး။ ယာဉ်ထိန်းရဲဦးရေကလည်း မလုံလောက်တော့ အခြေ အနေတွေကပိုဆိုးလာ။ ဒီနေရာမှာ ဓမ္မစေတီလမ်းမှာ တာဝန်ကျတဲ့ ယာဉ်ထိန်းရဲ ကိုခင်မောင်မြင့်။ သူ့ကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ အတော်ပြေလည်နိုင်တာ။ သူရှိရင်လူတိုင်းက စိတ်ချတယ်။ သူကပြဿနာကို ကျွမ်းကျွမ်း ကျင်ကျင် ကိုင်တွယ် နိုင်တယ်။ ကျွန်တော်က ခင်မောင်မြင့်လို လူတွေအများကြီး မွေးထုတ်စေချင်တယ်။ သူ့ကိုအခုလို တာဝန်ပေးမယ့်အစား နည်းပြခန့်ပြီး ကျန်တဲ့ယာဉ်ထိန်းရဲတွေကို ပြသစေချင်တယ်။

အမှန်တော့သူ့ကို အရာရှိရာထူးပေးပြီး ချီးမြှောက်သင့်တာ။
ယာဉ်ကြောပိတ်ဆို့ရတဲ့ အကြောင်းရင်းတွေကို သုံးသပ် လေ့လာပြီး မကြာမီက (YBS) စနစ်ကို အကောင်အထည် ဖော်ခဲ့တယ်လို့ မျှော်လင့်မိတယ်။ ဒီစနစ်သစ်ကို ဖော်ထုတ်တဲ့ နေရာမှာ လိုအပ်တဲ့သုတေသနတွေကို အခြေခံပြီး ဆောင်ရွက် ခဲ့စေဖို့ ဆုတောင်းမိတယ်။ အကြောင်းအရင်းက တစ်ခု အဖြေက တစ်မျိုး မဖြစ်စေချင်ဘူး။ စီးပွားရေးနယ်ပယ်မှာလည်း အခုလို ပဲကြုံတွေ့နေရတယ်။ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေတယ်။ ကုန်ဈေးနှုန်း တက်နေတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မျှော်လင့်သလောက် မဝင်ခဲ့ဘူး။ ဒီစီးပွားရေးစိန်ခေါ်မှုတွေ ဘာကြောင့်ဖြစ်သလဲဆိုတာကို စနစ်တကျသုံးသပ်ဖို့ အရေးကြီး တယ်။ သုံးသပ်တဲ့နေရာမှာလည်း အရှိကိုအရှိတိုင်း ဆန်းစစ် နိုင်စွမ်းရှိရမယ်။ ဆန်းစစ်မှုတွေဟာလည်း သုတေသနကို အခြေခံ ရမယ်။ လက်တန်းအဖြေရှာလို့ မဖြစ်ဘူး။ မေးခွန်းတွေ အကြိမ် ကြိမ်မေးပြီး ဇာစ်မြစ်ကိုသိအောင် စိတ်ရှည်ဖို့လိုတယ်။ “အနာသိမှ ဆေးရှိမှာ” အခုတော့ တချို့နေရာတွေမှာ ဗျိုင်း နားလို့ဆိုတဲ့ အဖြေနဲ့ ရပ်နေတာမြင်ရတယ်။ အပေါ်ယံသုံးသပ်ပြီး အဖြေတွေကို လွယ်လွယ်ကူကူ ပေးတတ်ကြတယ်။ သတင်းစာထဲမှာ ဝမ်းနည်းဖွယ်သတင်းတွေ မကြာခဏ ကြားရတယ်။ ကလေးသူငယ်တွေနဲ့ ပတ်သက်ပြီး မတော်မရာ လုပ်တဲ့ကိစ္စတွေ နေ့စဉ်လိုလို ကြားရတယ်။ ရုတ်တရက် ဒီ သတင်းတွေ ဖတ်လိုက်ရတော့ အခုချိန်မှာ အမှုတွေအရင်ထက် ပိုများလာသလိုဖြစ်တာမို့ စိတ်ပူမိတယ်။ ဒါပေမယ့် အရင်တုန်း ကမရှိတာ မဟုတ်ဘဲ မသိတာလည်းဖြစ်နိုင်တယ်။ အခုမှ ပွင့် လင်းမြင်သာမှုရှိလာတာမို့ ခဏခဏ သတင်းထဲပါလာတာဖြစ်
တယ်။ ဘာပဲဖြစ်ဖြစ် အခုလိုဖြစ်တာဟာ ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူး။ အပြစ်ကျူးလွန်တဲ့ သူတွေကို ပြင်းပြင်းထန်ထန် အရေးယူလိုတဲ့ဆန္ဒတွေရှိ တယ်။ အရေးကြီးတာက ဘာကြောင့် အခုလိုဖြစ်ရတာလဲ။ ဇာစ်မြစ်ရှာဖွေနိုင်ဖို့ လိုအပ်တယ်။ လူ မဆန်တဲ့-အတွေး၊ အပြုအမူတွေဖြစ်ရတဲ့နောက်ကွယ်တွေမှာ အကျိုးအကြောင်းတွေရှိမှာ။ ဒီအကြောင်းတွေကို သိနိုင်ရင် နောင်မဖြစ်အောင် နည်းလမ်းတွေ၊ အဖြေတွေရှာနိုင်မှာ ဖြစ် တယ်။ အခုလို ဇာစ်မြစ်အဖြေရှာဖွေမှုဟာ အမှန်တော့အ ကြောင်းအကျိုးဆန်းစစ်မှုပဲဖြစ်တယ်။ အကြောင်းအကျိုးကို သိရင် အဖြေရှာနိုင်မှာဖြစ်တယ်။ အခုချိန်မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတယ်။ ဒီစိန်ခေါ်မှုတွေမှာ ဇာစ်မြစ်အကြောင်းရင်းတွေ ရှိတယ်။ ပဋိပက္ခဖြစ်ရတဲ့ နောက် ကွယ်မှာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေး အကြောင်းအမျိုးမျိုးရှိတယ်။ ဒီအကြောင်းတွေကို ဖော်ထုတ် နိုင်ရင် အဖြေရှာလို့ရမယ်လို့ ယူဆမိတယ်။ ကျွန်တော် သင်ကြားတဲ့ စီမံခန့်ခွဲမှုပညာမှာ ပြဿနာအဖြေရှာဖွေမှုကို အထူးပြုလေ့လာခဲ့တယ်။ အဖြေရှာဖွေပြီးရင် လိုအပ်တဲ့ အဆုံးအဖြတ်တွေပေးနိုင်မှာ။ ဒါကြောင့်လဲ အဆုံးအဖြတ် ပေးတဲ့နေရာမှာ ချက်ချင်းလက်ငင်း ပေါ်လာတာကို တုံ့ပြန်ပြီး မစဉ်းစားဘဲ စိတ်ရှည်ရှည်နဲ့ အဖြေ ထုတ်နိုင်ဖို့ အရေးကြီးတယ်။ အရင်လိုရင် အနှေးဖြစ်တတ်တယ်။ ဒီလိုပြောပေမယ့် တစ်ဖက် ကလည်း ချီတုံချတုံလုပ်လို့လည်း မသင့်ဘူး။ လုပ်စရာရှိတာကို ရဲရဲဝံ့ဝံ့လုပ်ရဲဖို့ လိုတယ်။

လုပ်တဲ့အခါမှားတာလည်းရှိနိုင်တယ်။ မှားတာကို ကြောက်နေရင် ဘာမှလုပ်ဖြစ်မှာ မဟုတ်ဘူး။ တာဝန်ရှိတာမို့ တာဝန်ယူရမှာပါပဲ။ မယူရဲရင် ဒီတာဝန်ကို မယူသင့်ဘူး။ ကျွန်တော်ကတော့ စွန့်ထွင်ဦးစီးမှုကို အားပေးတာမို့ စွန့်စားမှုကို လက်ခံစေချင်တယ်။ လက်ရှိ အနေထားမှာ စွန့်ရဲသူတွေရှားနေသလို ခံစားရတယ်။ ကိုယ် လုပ်ရမယ့် အလုပ်ကိုမလုပ်ဘဲ အထက်ကိုပဲ တင်ပြနေလို့ မဖြစ် ဘူး။ အထက်ကိုတင်ပြတာဟာ ကိုယ်လွတ်ရုန်းတာမျိုး မဖြစ်စေ ချင်ဘူး။

ပေါက်ပင်ဘာကြောင့်ကိုင်းရသလဲဆိုတာကို စီမံခန့်ခွဲမှု ပညာမှာ သင်ဖို့လိုလိမ့်မယ်။ အမှန်တော့ ပေါက်ပင်ကိုင်း ရတဲ့အဖြစ်ဟာ အလွန်မှတန်ဖိုးရှိလှတဲ့ အရာဖြစ်တယ်။ အပေါ်ယံကြည့်ပြီး ခပ်ပေါ့ပေါ့ မစဉ်းစားဘဲ တာဝန်ရှိသူတိုင်း ဦးထိပ်ထားသင့်တဲ့ စာပုဒ်ဖြစ်ပါတယ်။ တစ်ခါတလေ ကျွန်တော်တို့က နိုင်ငံခြားက အရေးအသားတွေ၊ အတွေးအခေါ် တွေကို အထင်ကြီးကြတယ်။ ကိုယ့်ယဉ်ကျေးမှု ၊ ကိုယ့်ရေမြေ သဘာဝနဲ့ ကိုက်ညီတာတွေကို မျက်ကွယ်ပြုလေ့ရှိတယ်။ အလေးထားစေချင်တဲ့ဆန္ဒနဲ့ မျှဝေရခြင်းဖြစ်ပါတယ်။

မြန်မာ့အလင်းသတင်းစာ (၁၃.၃.၂၀၁၇)

Powered by Bullraider.com