တော်မဝင်သော တော်ဝင်ပန်းလေး

Image may contain: 2 people

မိုးတဖွဲဖွဲရွာတိုင်း ကျွန်မတို့အားလုံး သူ့ကိုလွမ်းဆွတ် မိကြသည်။ သူဆိုသောကောင်မလေးက လွန်ခဲ့သော ၁ဝ နှစ်ခန့်က ကျွန်မတို့အိမ်ဘေးက ခြံအလွတ်ကြီးထဲသို့ ပြောင်းရွှေ့လာသည့် မိသားစုလေးထဲမှ မွေးရာပါခြေမသန် စွမ်းသူလေး''မိစု''ပင်ဖြစ်သည်။
မိစုဆိုသော နာမည်လေးကြားရုံဖြင့် သူ၏ပုံရိပ်များ က ကျွန်မစိတ်အာရုံတွင် လှုပ်ရှားသက်ဝင်လာခဲ့သည်။

''မြန်မာပြည်သည် ဒို့ပြည်
မြန်မာစာသည် ဒို့စာ''
အသံစာစာလေးတစ်သံ ကျွန်မကိုဆွဲဆောင်လိုက် သောကြောင့် ပြတင်းပေါက်အလွန် လမ်းမထက်သို့ လှမ်းကြည့်လိုက်မိသည်။
ဘယ်နေရာမှရှာမတွေ့သလို အသံလေးလည်းမကြား တော့ပေ။
''ကလင်'' ''ကလင်'' ''ကလင်''
အိမ်ရှေ့က လူခေါ်ခေါင်းလောင်းသံကြောင့် မေမေ့ အသံလေးထွက်ပေါ်လာသည်။
''သမီးရေအိမ်ရှေ့ထွက်ကြည့်ပါဦး၊ ဧည့်သည်နဲ့တူတယ်''
မေမေလှမ်းအော်လိုက်သောကြောင့် ခြံရှေ့ထွက် ကြည့်သော်လည်း ဘယ်သူမှမတွေ့ရပေ။ ထို့ကြောင့်အိမ်ထဲ ပြန်ဝင်ရန် ပြင်လိုက်မိသည်။
''ဒေါက်'' ''ဒေါက်''

တံခါးကို တစ်စုံတစ်ခုနှင့် ခေါက်လိုက်သံကြားလိုက်ရ သောကြောင့် ကျွန်မပြန်လှည့်ကြည့်လိုက်မိသည်။ လေးခွ သဏ္ဌာန် သစ်ကိုင်းတုတ်ချောင်းခပ်ညစ်ညစ်လေးကို ချိုင်း ထောက်သဖွယ် အသုံးပြု၍ မတ်တပ်ရပ်နေသော အသက် ၁၂ နှစ်အရွယ် ဆံပင်ရှည်ရှည် အင်္ကျီခပ်နွမ်းနွမ်းနှင့် မိန်းကလေးငယ်တစ်ဦးကို တွေ့လိုက်ရသည်။
သူ၏လက်ထဲတွင် မည်းမည်းသဏ္ဌာန်ပျော့ပြဲနေသော ကောက်ညှင်းပေါင်းလေးကို အုန်းသီးများစွာအုပ်ထားပြီး နှမ်းထောင်းခပ်ကျဲကျဲဖြူးထားသည့် ပန်းကန်လေးကိုလည်း ကိုင်ထားသည်။ ကလေးမလေးကကြောင်၍ကြည့်နေသော ကျွန်မကို သူ၏ပိုးစားနေသော သွားလေးများပေါ်အောင် ပြုံးပြလိုက်သည်။
'''ကလေးဘာကိစ္စရှိလို့လဲ''
ကျွန်မခပ်တိုးတိုးမေးလိုက်သည်။

''သမီးတို့က မမအိမ်ဘေးကို မနေ့ကပြောင်းလာတာပါ၊ ဒီနေ့ အိမ်တက်မို့လို့ ကောက်ညှင်းပေါင်းလိုက်ဝေနေတာပါ''
ထို့နောက် သူ၏ပန်းကန်ခပ်ညစ်ညစ်လေးကိုကျွန်မဆီ သို့လှမ်းပေးလိုက်သည်။

ကောက်ညှင်းပေါင်းပန်းကန်လေးကို စိုက်ကြည့်နေမိ သော ကျွန်မကို ကောင်မလေးက စကားထပြောလိုက်မှ အသိပြန်ဝင်လာခဲ့သည်။ ''သြော် မမလည်းကောက်ညှင်း ပေါင်းမစားချင်လို့ကိုး။ တချို့အိမ်တွေလည်း မစားကြပါ ဘူး၊ ယူတော့ယူထားပြီး လွှတ်ပစ်လိုက်တာ။ မမကဖြင့် တံခါးဖွင့်ပေးသေးတာ။''
ကောင်မလေး၏ ပြောစကားကြားတော့ စိတ်မ ကောင်းဖြစ်မိသည်။ ထို့ကြောင့် ကောက်ညှင်းပေါင်း ပန်းကန်လေးကိုယူကာ အိမ်ထဲခပ်သုတ်သုတ် ဝင်လာခဲ့သည်။

''ဘယ်သူလဲ သမီး''
''ဘေးအိမ်က အိမ်တက်မို့ ကောက်ညှင်းပေါင်း လာဝေတာ မေမေ''
မေမေ့ကိုခပ်ရှင်းရှင်းပြောပြပြီး ကောက်ညှင်းပေါင်း ပန်းကန်လေးကို လှယ်ယူလိုက်ပြီး အိမ်ရှေ့သို့ ကျွန်မ ခပ်သုတ်သုတ်ပြန်ထွက်လာမိသည်။ ပန်းကန်လေးနှင့်အတူ ကျွန်မအိတ်ကပ်ထဲမှ ငွေနှစ်ရာကိုပါ ကောင်မလေးလက်ထဲ ထည့်ပေးလိုက်မိသည်။
ရုတ်တရက်ဆိုသလို တစ်လက်လက်တောက်ပနေသော ကောင်မလေး၏ မျက်ဝန်းအရောင်မှေးမှိန်သွားပြီး ခပ်တိုး တိုးစကားဆိုလာခဲ့သည်။
''မမ သမီးက သူတောင်းစား မဟုတ်ပါဘူး။ မေမေက သူများပေးတာ ဘယ်တော့မှအလကားမယူဖို့မှာထားလို့ပါ''

ကျွန်မလက်ထဲနှစ်ရာတန်လေးပြန်ပေးပြီး မြူးကြွသော ခြေလှမ်းလေးများကို ချိုင်းထောက်လေးအကူအညီဖြင့် တက်ကြွစွာ လျှောက်လှမ်းသွားသော ကောင်မလေး၏ ဆံနွယ်ရှည်လေးများကို ငေးကြည့်နေမိသည်။
ဒီလိုနဲ့အတွေးပေါင်းစုံဖြင့် ကျွန်မအိမ်ထဲပြန်ဝင်လာ ခဲ့သည်။ ပြတင်းပေါက်လေးမှ ဘေးအိမ်သို့လှမ်းကြည့်လိုက် မိစဉ် ကောင်မလေးက သူ၏အိမ်ပြတင်းပေါက်နားသို့ တိုးကပ်လာကာ ကျွန်မကိုပြုံးပြလာသည်။
ကောင်မလေးက သူ့နာမည်လေးကိုမိတ်ဆက်ပေးရင်း သူ့မိသားစုအကြောင်း တစေ့တစောင်းကိုပါ ကျွန်မသိခဲ့ ရသည်။ မိစုကမောင်နှမသုံးယောက်မှာ အကြီးဆုံးဖြစ်ပြီး သူ၏မောင်လေးမှာ မွေးရာပါအမြင်အာရုံချို့တဲ့သူဖြစ် ကြောင်း၊ သူ့ညီမအလတ်မလေးက အမေဖြစ်သူနှင့် ကုန်စိမ်းအတူရောင်းကြောင်းပါ သိခဲ့ရသည်။ ဒီလိုနှင့် မိစုအတွက် ကျွန်မက အရင်းနှီးဆုံးစကားပြောဖော် ဖြစ်ပေးခဲ့မိသည်။

ကျွန်မနှင့်တွေ့တိုင်း မိစုက သူ၏စိတ်ကူးအိပ်မက် လေးကို ပြောပြတတ်သည်။ မိစုကစာမတတ်ပေ။ ဒါပေ မယ့် ရေးတတ်ဖတ်တတ် ကြိုးစားချင်စိတ်ရှိသည်။ သူမသိ သော စကားလုံးလေးများ၏ အဓိပ္ပာယ်ကို ကျွန်မကျောင်းမှ ပြန်လာလျှင် လာရောက်မေးလေ့ရှိသည်။
မိစု ဘဝလေးသည် ဘဝပေးအခြေအနေကြောင့် ကျောင်းနေဖို့အခွင့်အရေးနည်းပါးခဲ့သော်လည်း စာဖတ်ခြင်း ကို လွန်စွာဝါသနာပါသည်။ တစ်ခါတစ်ရံသူ့အမေနှင့် ဈေးကြိုလိုက်သွားရသည့်အခါ အလွန်ပျော်လေ့ရှိသည်။အဘယ်ကြောင့်ဆိုသော် ဘူတာများတွင်ထားလေ့ရှိသော စာပေရေချမ်းစင်မှ စာအုပ်များဖတ်ရသောကြောင့် ဖြစ်သည်။

မိစုလေး၏ စိတ်ကူးအိပ်မက်မှာ မူလတန်းပြကျောင်း ဆရာမလေးဖြစ်ရန်ပင်ဖြစ်သည်။ မိစု၏ ထူးခြားချက်မှာ သူမ၏ဆံနွယ်ရှည်လေးများကို အမြဲဆံထုံးထုံးထားခြင်းပင် ဖြစ်သည်။ သူမအတွက် ခက်ခဲသောလည်း ထဘီလေးသာ အမြဲဝတ်တတ်သည်။ အဖြူအစိမ်းဝတ်ကာ ဆွဲခြင်းတောင်း လေးနှင့် ကျောင်းသွားသော ကျောင်းဆရာမလေးများကို မြင်လျှင် အားကျနေတတ်သည်။
''မမရယ် ကျောင်းဆရာမလေးဖြစ်ရင် မြန်မာဝတ်စုံကို အမြဲဝတ်ရတာ''
သူ၏ စိတ်ဆန္ဒလေးကို တစ်ခါတစ်ရံ ထုတ်ပြောပြ တတ်သည်။
သူဖတ်လာသော စာအုပ်လေးများထဲမှ စကားလုံးဆန်း လေးများကိုလည်း ထည့်ပြောတတ်သေးသည်။

မိစုလေးတွင် စာဖတ်ခြင်းအပြင် လုပ်နေကြအလုပ် လေးရှိပါသေးသည်။ ကျောင်းတက်ကျောင်းဆင်းချိန် ရောက်တိုင်း ကျောင်းရှေ့စိန်ပန်းပင်ကြီးအောက်သို့ သွားကာ ဆရာမလေးများကို သွားကြည့်ခြင်းပင်ဖြစ်သည်။သူဖြစ်ချင်ခဲ့သော ဆရာမလေးများကို မြင်ရရုံနှင့်ပျော်နေ တတ်သည့် ကလေးငယ်တစ်ယောက်ပါ။
ကျွန်မတို့အားလုံးကို မိစု အသိတရားတစ်ခုပေး သွားတဲ့နေ့။ အဲဒီနေ့က မိုးတဖွဲဖွဲရွာနေသော ညနေခင်း အချိန်လေးဖြစ်သည်။ အမူးလွန်ကာအရှိန်ပြင်းမောင်းလာ သော ဆိုင်ကယ်တစ်စီး ကျောင်းရှေ့ပလက်ဖောင်းပေါ်မှ ဆရာမလေးရှိရာသို့ ဘရိတ်ပျက်ကာ အရှိန်လွန်တိုးဝင်လာ ခဲ့သည်။

မမျှော်လင့်သောအဖြစ်အပျက်လေးတစ်ခုက ကျောင်း ရှေ့ရှိလူအားလုံးကို အံ့အားသင့်စေသည်။ ဆရာမလေး ကို တွန်းဖယ်၍ချိုင်းထောက်လေး လွင့်စဉ်သွားသောကြောင့် ပြန်မထနိုင်သော မိစုအား အရှိန်နှင့်တိုက်လိုက်သော ကြောင့် ပလက်ဖောင်းလေးနှင့်ဆောင့်မိကာ မိစုသတိ မေ့သွားခဲ့သည်။

ဆေးရုံသို့ရောက်ချိန်တွင် မိစုလေးအချိန်မမီတော့ပေ။ မိစုလေးဘဝတစ်ပါးသို့ မကူးပြောင်းခင်ပြောသွားသော စကားလေးများကို ကျွန်မယနေ့တိုင်မမေ့နိုင်ပါ။

''မမဆရာမလေး ဘာဖြစ်သွားသေးလဲဟင်၊ သမီး သေဆုံးသွားရင် ဘာတန်ဖိုးမှမရှိပေမယ့် ဆရာမလေးသာ တစ်ခုခုဖြစ်ရင် ကလေးတွေစာမသင်ရဘဲနေမှာ။ သမီး အသက်ထက် ဆရာမအသက်က ပိုတန်ဖိုးရှိတာ။ သမီး အတွက် ဘယ်တော့မှဖြစ်မလာမယ့် အိပ်မက်ကို အကောင် ထည်မဖော်နိုင်ပေမယ့် သမီးဖြစ်ချင်တဲ့ ဆရာမလေးအသက် ကိုကယ်လိုက်နိုင်တာနဲ့တင် ပျော်ပါတယ်မမရယ်''
ဇူလိုင်လ၏ မိုးဖွဲဖွဲလေးအောက်တွင် ငိုရှိုက်သံများ ပြည့်နှက်နေသော မိစုလေး၏ အသုဘအခမ်းအနား မြင် ကွင်းလေးက မြင်ရသူကို အသိတစ်ခုရစေသည်။

မိစုသေသည်အထိ စောင့်ထိန်းသွားခဲ့သော ဆံနွယ်ရှည် လေးများ၊ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းပေးချင် သောဆန္ဒများ မသန်ပေမယ့်သူစွမ်းဆောင်နိုင်သရွေ့ ထမ်းရွက်သွားခဲ့သည်။ မိစုလေးသည် ကိုယ်လက်အင်္ဂါ မသန်စွမ်းပေမယ့် လေးစားဖွယ်ကောင်းသော မြန်မာအမျိုး သမီးပီသသော စိတ်ကောင်းစေတနာလေးများက ကျွန်မ တို့နှလုံးသားတွင် ကမ္ပည်းထိုးသွားနိုင်ခဲ့သည်။

မိစုလူ့လောကကြီးထဲက ထွက်ခွာသွားပေမယ့် မိုးတဖွဲဖွဲရွာတိုင်း သတိရနေမိတာ မိစုလေးသက်သေပြ ပေးသွားသော လူတစ်ယောက်၏ တန်ဖိုးတစ်ခုပင်ဖြစ်ပါ တော့သည်။

မေဂျိုးငယ်
B.A(International Relations)

ကြေးမုံသတင်းစာ (၁၉.၃.၂၀၁၇)

Powered by Bullraider.com