ဟိုကိုဒီကို ဗဟိုပြုပါတဲ့ပညာရေး

တစ်နေ့ အကျွန်ုပ် မိုးမီးသည် “ငါဘာတွေးရင်ကောင်းမလဲ” ဟူသည့် အကြောင်းကို အလေးအနက် တွေးတောနေစဉ်အခါသမယ၌ ကျောင်းသား လူငယ်များသည် ထုံးစံ အတိုင်း သူတို့အတွေးခက် အမေးခက်နေသည်များကို ဆွေးနွေးတိုင်ပင်ရန် မိုးမီးဗီလာသို့ စည်းဝေးကာလာ ကြပေ၏။

လူငယ်များကို အကျွန်ုပ်ကပင် ပညာအရာမှာ ငါမပါရင်မပြီးဘူးဆိုသည့်ဟန်ဖြင့် “ကဲ-လူငယ်အပေါင်းတို့ အမောင်တို့ တွေ့ကြုံခံစား သိမှတ်ထားသည်များထဲမှ အဘယ် ကိစ်္စကို ဒီကနေ့လင်းချင်ပါသတုန်း” ဟု စကားစလိုက်လေ၏။

လူငယ်တို့ကလည်း ပညာရှိအသိဖြင့် ဆိုဘိချေတော့မည်ဟူသည့် မျှော်လင့်ချက် မျက်ဝန်းတို့ဖြင့် “အို- ဆရာမိုးမီး၊ အကျွန်တို့ကျောင်းမဟာများမှ စစ်ဆေးမေးမြန်း စူးစမ်းတော်မူသည့် စာမေးပွဲမြတ် ဖြတ်သန်းစဉ်ကြုံတွေ့လာရပုံများကို ဆရာ့အထင်နှင့် တိုက်ဆိုင် ဆွေးနွေးမေးမြန်းလိုပါသည်” ဟု အားကိုးတကြီး စ၍ဖွင့်ဟလာကြကုန်သတတ်။

အကျွန်ုပ်ကလည်း ဆိုရေးရှိက ဆိုအပ်လှ၏ဟူသည့် က၀ိထုံးကိုနှလုံးမူလျှက် မထီပြုံးလေးနှင့် ဘာကိုမေးလိုသနည်းဟု လမ်းဖွင့်ပေးလိုက်လေသည်။

ကျောင်းသားတို့က“ဒီလိုပါ ဆရာမိုးမီး......တမျိုးကြီးလို့တော့ စောလျှင်စွာမထင်လိုက်ပါနှင့်၊ အကျွန်တို့ကို မေးစစ်တဲ့ မေးခွန်းမဟာပုစ်္ဆာများဟာဖြင့် သဒ္ဒါအားဖြင့်လည်းမမှန်၊ မေးလိုသည်ကိုလည်းမရောက် ကပေါက်တိကပေါက်ချာနှင့် ဆောက်တည်ရာမရဖြစ်နေပါသည်” ဟု ရှုံ့ပွရှုံ့ပွ လုပ်ပြကာ ပြောလာကြပေ၏။

အဆိုပါအမေးကြောင့်ကျွန်ုပ်၏ရင်ထဲမချိတင်ကဲဖြစ်သွားရ၏။ “အင်း.......ခက်တော့လဲ ခက်သားကလား အမောင်ကျောင်းသားတို့၊ အမောင်တို့အတွက် အမေးပုစ္ဆာထုတ်သဟာမှာ မျက်နှာဖြူဘာသာနဲ့ ထုတ်ရသည်မို့ ဆရာများအဖို့ ငယ်စဉ်ကပင် အခြေမခိုင်လေတဲ့ အနားသားလမ်းဂွေ့ ဖြစ်တာကြောင့် ခွင့်လွှတ်၍သာ ဖြေကြကုန်လော့” ဟု မတတ်သာ ခပ်ခွာခွာမှ ချွေးသိပ်သမှုပြုရပေ၏။

ကျောင်းသားလူငယ် စူပါအရွယ်တို့ကလည်း ဤတွင်မရပ် ထပ်၍ထပ်၍ အထွန့် တက်ကြပြန်ပေသည်။

“ဒါတင်မက ဆရာမိုးမီးကို အသိပေးစရာ အကြောင်းချင်းရာများ လည်းကျန်ပါသေးသည်။ အကျွန်ုပ်တို့က သို့ကလို ယွင်းမှား အချင်းများစရာ မေးခွန်းများကို ရွှေဉာဏ်တော် မစူးရောက်သော်လည်း မူးနောက်အောင် စဉ်းစားပြီးသကာလ အမှန်အတိုင်း တည့်မတ် ဖြေဆိုသည်ရှိလတ်သော် အနှီမေးခွန်းထုတ်သော ဆရာ့ဆရာ မာစတာတို့က သူတို့မေးတဲ့မေးခွန်းအတိုင်းမဖြေဆိုရကောင်းလားဟု ကြိမ်းဝါးကာ ခရော့စ်အမှားကို တပျော် တပါး ခြစ်ပစ်ကြကြောင်းပါ ဂုရုမာစတာ ဆရာမိုးမီးခင်ဗျား” ဟူသတတ်။

ဆရာကြီးဂိုက်ဖမ်းထားသူ အကျွန်ုပ်ပင် တခါတည်းနဲ့ပြိုက်ကနဲ ချွေးပြန်ရချေပြီ။ အနို့ကလို သို့ကလို ကျောင်းသားများ၏ ခေါင်းခြောက်ဖွယ်အဖြစ်ကို သောင်းခြောက်ထောင် အပြစ်ဟာ ဘယ်သူ့ကြောင့်ဟု သမုတ်ရပါမည်နည်း အရပ်ကတို့။

ငါနှင့်မဆိုင် ငါမပိုင် ဟူ၍ ဟိုသင်းလွှဲခဲပစ်လည်း လုပ်လို့မလျော်။ ဆရာတွေရဲ့ ညံ့ချက်ပါကွာဟု မှတ်ချက်ပြုလျှင် လည်း အာစရိ နဲ့ ပြူးပဲ(ဏကစငူ) ကြား အရိုအသေတန်ကာ နဂိုနေဟန် ပြန်မကျမှာ စိုးရသမို့လား လူကြီးမင်းတို့ရယ်။

ပသို့ဆိုစေ အကျွန်ုပ်သည်ကား ဆရာကြီးဦးအောင်သင်းကဲ့သို့ မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့ဟု မဆုံးမနိုင်သည် ရှိသော်လည်း မျိုးဆက်သစ်များ ပြိုးပြက်စေသားဟူသည့် စေတနာရှိသည်ကြောင့် “စိတ်ရယ်လည်းမပျက်ပါနဲ့ စူပါအရွယ် အိုလူငယ်တို့၊ တပည့် ကောင်းဆရာ ပန်းကောင်းပန်ဆိုသလို......”ဟူ၍ အစချီကာ “ဆရာဆိုတာ တပည့်က စေတနာထားမှ ရှေ့ရေးကောင်းသည်” ဟူ၍ တစ်မျိုး..၊ “နောက်ကနွားလား တည့်တည့်မောင်းမှ ရှေ့ကနွားများ တည့်တည့်သွားသည်”ဟူ၍ တစ်ဖုံ၊ “တပည့်နဲ့ ဆရာ ဆိုတာ တကိုင်းတည်းထားရတဲ့ ငှက်ကလေးတွေလိုပဲ” ဟူ၍ တစ်သွယ် စကားပုံ အမျိုးမျိုးကို ရှေ့နောက် အစီအစဉ်လွှဲ၊ လိုရာဆွဲကာ အတည်ထင်အောင် လုပ်ဇာတ်ခင်းပြီး ကျောင်းသားများ၏ စိတ်အစဉ်မှာ သိပ်အထင်မထွားလှသော ၄င်းတို့၏ ကျောင်းတော်မဟာ များမှ ဆရာ့ ဆရာ မာစတာများကို အပီအပြင်ကြီး အထင် မစမောသွား အောင်ဆွယ်တရား ဟောရ၏။

သို့သော်.....သို့သော်လည်းပေါ့လေ ခေတ်လူငယ်များသည် အကြွေးနှင့် အမေးအမြန်း ထူကြသည့်အလျောက် အကျွန်ုပ် မိုးမီး၏ အဖြေဆုံးသည်နှင့်တပြိုင်နက် ကောင်တာမေးခွန်းကို ကြောင်ပုစွန်စားကြွပ်ကြွပ်ဝါး မေးပြန်တော့၏။

“မေးခွန်းတွေမှားတဲ့ကိစ္စကတော့ ဆရာမိုးမီးဖျောင်းဖြလို့ ဇောင်းမထတော့ပါဘူး....နို့... သင်္ချာပုစ္ဆာာတစ်ပုဒ်တွက်တယ်ဆိုပါတော့၊ ရူပဗေဒပုစ္ဆာ တစ်ပုဒ်တွက်တယ်ဆိုပါတော့ အကျွန်ုပ်တို့ တပည့်တွေက အို.....အာစရိဆရာ ဒီ့နှယ်ပုစ္ဆာ ဒီတွက်နည်းဟာဖြင့် ပြင်ပလောက ဌာနန်္တရတွေမှာ ဘယ်သို့ဘယ်ပုံ အသုံးချ၍ရနိုင်ပါသနည်းဟုမေးလျှင် ချက်ချင်းရုတ်ချည်း မျက်နှာနီကြီးနဲ့ မင်းတို့ကောင်တွေ ငါမဖြေတတ်တာတွေ မမေးနဲ့ ဟုအာစရိယဂုဏော အနန္တေည ပြန်ပြန်ပြောသဖြင့် အမှန်အကန် သဘောပေါက်ချင်တဲ့ အကျွန်တို့တွေ အခက်တွေ့နေရတာကိုကော... ဆရာမိုးမီးက မည်သို့မှတ်ချက်ပြုပါမည်နည်း ခင်ဗျား......”” ဟူ၏။

“ခက်တော့ခက်နေပြီကွာ”ဟု အယ်လ်ဆိုင်းဇီ သီချင်းတစ်ပိုဒ် ယောင်ကာပင် ဟစ်လိုက် မိမတတ် မိုးမီးခမျာ အခက်တွေ့သွားရ၏။ ဒီသူငယ်တို့နှယ် မိလိန်္ဒမင်းတစ်ဖန်ပြန်ဝင်စား သလားမှတ်ရအောင် အမေးကြွယ်လှပေတကား။

“ကဲ..... အမောင်တို့က အမေးရှိတော့ အကျွန်ုပ်လည်းအဖြေရှိရတော့မပေါ့ကွယ်။ မျက်နှာနီစိတ်ဆိုး ထိုဆရာမျိုးဟာဆိုရင်ဖြင့် ကျောင်းသားတွေ စာအာရုံမရောက် စိတ်ကသိကအောက် ဖြစ်ကြရမှာစိုးလို့ နေမှာပါကွဲ့။ သူကပြန်ဖြေရင်လည်း အမောင်လူငယ်တို့ရဲ့ အလှောင်ကလူကျီစယ် ခံရမှာစိုးသလားမှမသိ။ သာဓကပြတရားချရမယ်ဆိုရင်ဖြင့် နယူတန် သီအိုရီဖြစ်တဲ့ သက်ရောက်မှုတိုင်း တန်ပြန်သက်ရောက်ကြောင်း သီအိုရီတစ်ကြောင်းကို အမောင်တို့မျက်စိမယ် ကွက်ကနဲငြိအောင် ၄င်းဆရာက လက်သီးနဲ့နံရံ ထိုးနှံပြရုံမှတစ်ပါး အခြားအသုံးချနည်း သူလည်းနားနီးမည်မဟုတ်တာကြောင့် လက်လဲမနာ အမောင်တို့လည်း အာရုံမပြန့်ရအောင် ထိုဆရာကြံဆောင်ပုံရပါသကွယ်” ဟု စီကာပတ်ကုံး ရှင်းပြလိုက်မှ ပြုံး၍ပြုံး၍ ကျောင်းသားတို့ ကျေနပ်ကြကုန်သတတ်။

ကျောင်းသားလူငယ် အမေးကြွယ်တို့သည်လည်း လူငယ်ဘာဝ ဖြတ်သန်းရသည်များထဲမှ စိတ်ထဲမရှင်း အမြင်မလင်းသည်များအား ထိုသို့မေးမြန်းသည်ကို အကျွန်ုပ်က ကောက်ပင်ရိတ်လှီးသာမက ရိုးပြတ်မီးရှို့သကဲ့သို့ ဖြေကြားနိုင်ပြီးသကာလ အကျွန်ုပ်မိုးမီးကို ဆရာတစ်ဆူဟု ထင်မှတ်ကာ ဆက်လက် ဉာဏ်ကလကြကုန်တော့၏။

“ဒါနဲ့ဆရာ......အမေးစကားအကြွေးမထားနိုင်တာကြောင့် သိလိုတာလေးမေးစမ်းပါရစေ။ သို့ကလို ကျောင်းသားက ဆရာ၊ ပြူးပဲက မာစတာကို ထည့်သွင်းစဉ်းစား ဦးစားပေးထားရတဲ့ ကပြောင်းကပြန်ဖြစ်စဉ်ကို မည်သို့မည်ပုံ ပညာရေးစနစ်ဟု သညာသမှု ပြုပါသနည်း.... အို.... ဆရာ”
အကျွန်ုပ်ကလည်း “အို..... အမောင်ကျောင်းသား မှတ်လို့ထားကွဲ့.....အဲသဟာလို ကျောင်းသားက ဆရာကိုငဲ့ညှာ အမြဲအသာပေးရုံမျှမက၊ ဆရာမှားသမျှ အလိုက်တသိ လိုက်ကြည့်ပြီး ကျောင်းသားက ပြင်ရတာအား ကျောင်းသားဗဟိုပြုပညာရေးဟု ခေါ်တွင် သမုတ်ကြဘိ၏”” ဟု မဖုံး မကွယ် ခပ်ကျယ်ကျယ် ဖြေလိုက်လေ၏။

ကျောင်းသားများက တညီတည်းသံပြိုင် “သြော်...” ဟူသော အသံဖြင့် အာမေဋိတ် ပြုကြပြန်၏။

ထိုစဉ် လူငယ်တစ်ဦးက “ဆရာရေ......ဆရာပြောတဲ့ ပညာာသင်ကြားနည်းစနစ် အကျွန်တို့ မှတ်သားထားပြီးသကာလ အကျွန်တို့ ဆရာပြန်ဖြစ်လာရင်လည်း ထိုနည်းနှင်နှင် ထပ်ပြီးသင်ရဦးမည်မို့ အကျွန်တို့အလှည့် ရောက်ရင် အခုလိုကျောင်းသားလူငယ်များ မကျေမနပ် လေဟပ်မလာအောင် လုပ်နည်းလေးများရှိရင် လင်းပါဦးခင်ဗျာ....”

ထပ်၍ထပ်၍ ခက်ပြန်ပြီကော......ကဲ.....မတတ်နိုင်တော့။ ဆရာစားမချန်ဘဲ...... ပညာ ရွှေအိုးကို လှန်လို့ပေးမှတောရော့မည်။
“ထိုနည်းယင်းနည်း သုံးပြီးသင်မည်ဆိုပါက အမောင်တို့ရဲ့ကျောင်းသား တပည့်များက နှုတ်လှန်မလာအောင်ကတော့ ကိုယ်ဘာမသိဘူးလည်းဆိုတာ သူများမသိစေနဲ့ကွဲ့”

အကျွန်ုပ်စကားကြားပြီးသကာလ ကျောင်းသားအားလုံးသံပြိုင်ထ၍ “ဘာရယ်......” ဟု ရေရွတ်ကြ၏။
ကျွန်ုပ်ကထပ်မံပြီး “ကိုယ်ဘာမသိဘူးလည်းဆိုတာသူများတွေမသိစေနဲ့ကွဲ့” ဟု စကားမှ မဆုံး.... ကုန်း၍သာဦးချပြီး “ဤဆရာဉာဏ်ကြီးလှပါပေရဲ့”ဟု ရေရွတ်ကာ နောလေ့ခ်ျအေ့ခ်ျမှ လူငယ်များ ပြန်ကြလေကုန်တော့သတည်း။    ။

မိုးမီး

Powered by Bullraider.com

Notice: Undefined index: data in /home/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238