ဖဦးထုပ်

မြန်မာ အက္ခရာတွင် ဗျည်း (၃၃) လုံးဟူ၍ ရှိပါသည်။ အဆိုပါ ဗျဉ်း (၃၃) လုံးအနက် ဖဦးထုပ် (ဖ) ၏ နေရာသည် နံပါတ် ဘယ်လောက်မှာ ရှိသလဲ ဆိုလျှင်တော့ ရုတ်တရက် ဖြေနိုင်သူ ရှားလိမ့်မည် ထင်ပါသည်။

ထိုအခါ ကျွန်တော့်ကို တွေ့သည့် နေရာတွင် အချိန်မရွေး ကောက်ကာငင်ကာ မေးကြည့်လိုက်ပါ။ ဖဦးထုပ် နံပါတ် (၂၂) ဟု ဒက်ခနဲ မဆိုင်းမတွ ဖြေလိုက်မည်။ ထိုအတွက် တယ်ဟုတ်ပါလားဟု ကျွန်တော့်ကို အလွယ်တကူ အထင်မကြီး လိုက်ပါနဲ့ဦး။
ဖဦးထုပ်နှင့် ကျွန်တော် ဆက်နွယ်ပတ်သတ်ခဲ့ပုံကို သိရလေအောင် ဦးစွာ စောင့်ကြည့်လိုက်ပါဦး။
ကျွန်တော်ရယ်….. ဖဦးထုပ်ရယ် … ဆရာမကြီး ဒေါ်စန်းရီရယ် ….။

ယခုခေတ် ကလေးများ မူလတန်း အဆင့်တွင် ပညာ သင်ကြားရသည့် ကာလ (၅) နှစ် ရှိသည်ဆိုပါလျှင် ကျနော်တို့ ခေတ်အခါက ၆ နှစ်တာ သင်ကြားရ ပါသည်။ သူငယ်တန်းလေး၊ သူငယ်တန်းကြီး၊ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း၊ စတုတ္ထတန်းတို့ ဖြစ်ပါသည်။ ဆိုလိုသည်မှာ သူငယ်တန်းမှာ (၂)နှစ် နေရခြင်း ဖြစ်၏။ သူငယ်တန်းလေး (၁) နှစ်နေ၊ အောင်ပြီးမှ သူငယ်တန်းကြီးမှာ နောက်တနှစ် ထပ်နေရပါသည်။

ကျွန်တော် သူငယ်တန်းကြီး ကျောင်းသား ဘ၀ဆိုတော့ အသက် (၇) နှစ် အရွယ်ပေါ့။ တနေ့တော့ ဆရာမက အတန်းရှေ့ သင်ပုန်းကြီးတွင် မြေဖြူဖြင့် ရေးထားသော ဗျည်း (၃၃) လုံးကို ကြိမ်လုံးနှင့် ထောက်၍ တယောက်ပြီး တယောက် ရွတ်ဆို ခိုင်းပါ သည်။ ကျွန်တော် အလှည့်တွင် ကကြီး၊ ခခွေး၊ ဂငယ်ဖြင့် အစပိုင်းတော့ ဖြူးနေလေ၏။ သို့ရာတွင် မည်သို့ ဖြစ်သည် မသိ၊ တနေရာ အရောက် အက္ခရာကို ကျွန်တော် အစရှာ၍ မရအောင် ဖြစ်နေပါသည်။

ဆရာမကြီးကလည်း ဆိုလေ ဆိုလေဟု သတိပေးနေ၏။ ထိုသို့ဖြစ်လေ ကျွန်တော့်မှာ စဉ်းစား မရလေ ဖြစ်ရတော့သည်။ အတန်း တတန်းလုံးကလည်း ငြိမ်သက်နေ၏။ ကျွန်တော့်ကိုပဲ အာရုံစိုက် နေကြသည်။ ဆိုလေဟု ဆရာမကြီးက ပြောပြန်ပါသည်။ ကျွန်တော် ချွေးပျံလာသည်။ တကိုယ်လုံး ထူပူလာသည်။ ကျွန်တော့် စိတ်ထင် နာရီဝက်လောက်တောင် ကြာသွားပါသည်။ ကျွန်တော် ဘယ်လိုမှ အစဖော်၍ မရ။ ဒါလေးတောင် မေ့ရပါမည်လားဟု ဆရာမကြီး ဒေါကန်သွား ပါသည်။

သူငယ်တန်းကြီး ရောက်နေ သည့်တိုင် ဗျည်း (၃၃) လုံးကိုသော်မှ ကြေညက်မှု မရှိလေသော ကျွန်တော်ကို ဆရာမကြီး ဒေါကန်မည် ဆိုလည်း ကန်ထိုက်ပါလေသည်။ သို့အတွက် ဆရာမကြီး ကျွန်တော့်ကို သူ့ထက်ထဲမှ ကြိမ်လုံးဖြင့် ရိုက်နှက်ခြင်း မပြုခဲ့ပါ။ ကျွန်တော့် ဘ၀တသက်တာ သင်ခန်းစာ ရစေမည့် အပြစ်ပေးခြင်းမျိုးဖြင့် အပြစ်ပေးခဲ့ပါသည်။

'မောင်ကျော် … လွယ်အိတ်ယူ။ သူငယ်တန်းလေး ပြန်ဆင်း၊ ဒါကိုမှ မင်းမသိသေးတော့ မင်းနဲ့ သူငယ်တန်းကြီးနဲ့ မတန်သေးဘူး´ တဲ့။ ပြီးတော့ အတန်းသားများဘက် လှည့်၍လည်း ပြောပါသေးသည်။ `အဲဒါ ဘာအက္ခရာလဲ´ ပြောပြလိုက် ကြစမ်းတဲ့။ `ဖ ဦးထုပ်ပါ ဆရာမ´ ဟု တတန်းလုံးက ၀ိုင်းအော်ကြသည်။

ထိုနေ့က သူငယ်တန်းလေးမှာ ကျွန်တော် သွားထိုင် ရပါသည်။ သူငယ်တန်းလေးနှင့် သူငယ်တန်းကြီးက ဒူးပိတ်ဟု ခေါ်သော အရံအတားလေး တခုသာ ခြားထားပါသည်။ ဆရာမကြီးက အတန်းနှစ်ခု အလယ်ထိပ်မှာ ထိုင်ပြီး နှစ်တန်းလုံးကို သင်ရပါသည်။

ရှက်လိုက်သည်မှာ ပြောဖွယ်မရှိ။ ကျွန်တော် ခေါင်းကို မဖော်တော့ပါ။ သူငယ်တန်းကြီးမှာ ကျန်နေခဲ့သော ကျွန်တော့် သူငယ်ချင်းတွေကလည်း ကျွန်တော့်ကို မျက်လုံးအမျိုးမျိုးနှင့် လှမ်းကြည့် ကြပါသည်။ ဂရုဏာသက်သော၊ လှောင်ပြောင်လိုသော၊ အထင်အမြင်သေးသော မျက်လုံးများ ဖြစ်လိမ့်မည်ဟု ယခု အချိန်မှာ ကျွန်တော် စဉ်းစား ကြည့်မိပါသည်။

သူငယ်တန်းလေးမှာ ယခုနှစ်မှ ကျောင်းသို့ ရောက်လာသူတွေ ကြားထဲ ထိုင်နေခဲ့ရသည်။ ကျောင်းဆင်း ခေါင်းလောင်း ထိုး၍ အိမ်ပြန်ရသည့်အခါ ယခင်နေ့တွေကလို ကျနော် မပျော်တော့ပါ။ ဖေဖေနှင့် မေမေ သိသွားမှာလည်းကြောက်။ ငါတော့ တနှစ်လုံး သူငယ်တန်းလေး ဆင်းနေရ တော့မယ်ဟု တွေးပြီး အလွန်အမင်း ထိတ်လန့်မိပါသည်။

နောက်တနေ့ အတန်းတက်ချိန်မှာ သူငယ်တန်းလေးမှာပဲ ကျွန်တော် သွားထိုင် နေရပါသည်။ ဆရာမကြီးက အတန်းရှေ့ စားပွဲ ကုလားထိုင်မှာ ထိုင်ရင်း ကျနော့်ကို လှမ်းကြည့်နေသည်ဟု ထင်ရသည်။ ကျွန်တော်လည်း ရဲရဲလည်း ပြန်မကြည့်ဝံ့။ အတန်း တက်စမို့ အသံပေါင်းစုံ ကျွတ်ကျွတ် ညံနေပါသည်။ စားပွဲကို ကြိမ်ဖြင့် တဖျန်းဖျန်း ရိုက်ရင်း `တိတ်ကြစမ်း´ဟု ဆရာမကြီးက တချက်အော် လိုက်သည်။ အသံတွေ အားလုံး တိတ်သွားပါသည်။ ထိုနေ့က အတန်းသားများ နာမည်စာရင်း မခေါ်မီ ကျွန်တော့် ကို အရင်ဆုံး ခေါ်ပါသည်။

`မောင်ကျော် .. .လွယ်အိတ် ယူခဲ့´ ဆိုသော အသံက သိသိသာသာ ချိုသာ ပျော့ပျောင်း နေပါသည်။ ကျွန်တော်လည်း လွယ်အိတ် လက်ကဆွဲလျက် ဆရာမကြီး ရှေ့မှာ ရပ်နေလိုက်သည်။

`သား …. အခု ဖဦးထုပ်ကို မေ့သေးလား´

ကျွန်တော် ခေါင်းယမ်း မိလိုက်သမလား မပြောတတ်တော့ပါ။ မမေ့တော့ဘူးဟု ဖြေလိုက်တော့ ကျွန်တော့် အသံ တိုးတိတ်လွန်း နေတာကိုတော့ ကောင်းကောင်း မှတ်မိနေပါသည်။ ဖြူဖွေး ဖောင်းအိနေသော မျက်နှာပေါ်ရှိ မျက်မှန်ကိုင်း အနက်ကြီးအောက်မှ ကျွန်တော့်ကို စူးစိုက် ကြည့်နေသော ဆရာမကြီး၏ မျက်လုံးများသည် အထူးပင် အေးချမ်း လှပါသည်။ ကျွန်တော့် ရင်ထဲ ရောက်သည်အထိ ခပ်မြန်မြန် ကူးစက်နိုင်စွမ်းသော အံ့သြဖွယ် အေးချမ်းမှုမျိုး ဖြစ်ပါသည်။

ထိုအချိန်မှာတော့ ကျွန်တော် ဆရာမကြီး၏ မျက်လုံးများကို ရှောင်လွှဲရန် မတတ်နိုင်တော့ပါ။ ကျွန်တော် ကိုယ်တိုင်က ဆရာမကြီး၏ အေးချမ်းသော မျက်လုံးများကို လိုလိုလားလား ခံယူနေမိပါသည်။ ထိုအေးချမ်းမှုသည် မိဘက သားသမီးအပေါ်၊ ဆရာက တပည့် အပေါ်ထားသော မေတ္တာပင် ဖြစ်ကြောင်း ကျွန်တော် အရွယ်ရောက်လာတော့ သိလာရပါသည်။ ကျွန်တော့် ရင်ထဲမှာ သူ့အလိုလို တလှိုက်လှိုက် ဖြစ်လာပါသည်။

‘သား…. စာကြိုးစား ရမယ်နော်။ ဆရာဆိုတာ စာတော်တဲ့ လိမ္မာရေးခြား ရှိတဲ့ ကျောင်းသားမျိုးကိုပဲ သူတို့ ဘ၀တလျှောက်မှာ ကြုံချင်၊ ဆုံချင်ကြတာပေါ့။ ဆရာတွေ ကြုံချင်၊ ဆုံချင်တဲ့ ကျောင်းသားမျိုး ဖြစ်အောင် ကြိုးစားရမယ်နော်၊ ကြားလား´

`ဟုတ်ကဲ့´ ဟု ကျွန်တော် ခေါင်းညိတ်ပါသည်။ ကျွန်တော့် အသံက တုန်ယင် လှုပ်ရှားနေပါသည်။

`ကဲသွား .. သူငယ်တန်းကြီးမှာ ပြန်ထိုင်၊ ဟိုမှာ မင်းသူငယ်ချင်းတွေက မင်းကို မျှော်နေကြပြီ´

`ဟေး´ ခနဲ အော်လိုက်သံ အတန်းထဲက တပြိုင်နက် ထွက်လာပါသည်။ ထိုအချိန် ကျွန်တော့် မျက်နှာပေါ် မျက်ရည်တွေ ဘယ်လိုက ဘယ်လို ရောက်လာမှန်းပင် မသိတော့ပါ။ ကျွန်တော် သူငယ်တန်းလေး မဆင်းရတော့ဘူး။

အထက်ပါ အဖြစ်အပျက် ကလေးက ကျွန်တော့် အသည်းထဲမှာ တသက်လုံး စွဲသွားပါသည်။ ဘ၀ကိုလည်း များစွာ ပြောင်းလဲ စေခဲ့ပါသည်။ ထိုကတည်းကစ၍ ကျွန်တော် လူညံ့တယောက် ဖြစ်မှာ အကြောက်ကြီး ကြောက်သွားခဲ့ပါသည်။ လှောင်ပြောင်သော၊ အထင်အမြင်သေးသော၊ မျက်လုံးမျိုးတွေနှင့် ဘယ်တော့မှ ရင်မဆိုင်ရအောင် ကျွန်တော် ကြိုးစား ခဲ့ပါသည်။

အခုနေအခါ ကျွန်တော့် ဘ၀တလျှောက် ဖြတ်သန်း ခဲ့ရသည်များကို ပြန်လည် စောင်းငဲ့ကြည့်မည် ဆိုလျှင် ထင်းထင်းကြီး သိနိုင် မြင်နိုင်သော အချက် တချက်ကို တွေ့ရပါသည်။ နေရာတိုင်းမှာ အများထက် မသာသည့်တိုင် အညံ့ဆုံး ဆိုသော နေရာမျိုးကို ကျနော် ဘယ်တော့မှ မရောက်ခဲ့ပါ။

ထိုသို့ ဖြစ်အောင်လည်း ကျွန်တော် အစဉ်အမြဲ ကြိုးစားနေပါသည်။ ကြိုးစားချင်စိတ် လျော့နည်းသည့် အခါတိုင်းလည်း ဗျည်းနံပါတ် (၂၂) ဖ ဦးထုပ် အက္ခရာလေးက ကြိမ်နှင့် တို့သလို ကျွန်တော့်ကို သတိပေးလေ့ ရှိပါသည်။ ထိပ်ဆုံး ဆိုသော နေရာကို မရခဲ့တာကတော့ ကျွန်တော့် ပင်ကိုယ်ဥာဏ်ရည် ဥာဏ်သွေး အားနည်းမှုသာ ဖြစ်ပါသည်။

ဖဦးထုပ် အက္ခရာလေး မပျောက်ပျက်သမျှ ဆရာမကြီး ဒေါ်စန်းရီလည်း ကျွန်တော့် နှလုံးသားထဲက ဘယ်တော့မှ ပျောက်ပျက် လိမ့်မည် မဟုတ်ပါ။ သို့သော်လည်း ဆရာနှင့် တပည့်ဆိုသည်မှာ ကာလကြာသည်နှင့်အမျှ တစစ မေ့ပျောက် ဝေးကွာ သွားတတ်သည့် သဘာဝ ရှိပါသည်။ အထူးသဖြင့် မူလတန်းမှာ ကြုံဆုံခဲ့ဖူးသည့် ဆရာ၊ ဆရာမများ ဆိုလျှင် ထိုသဘာဝကပို၍ ပေါ်လွင်တတ် ပါသည်။

ထိုသဘာဝမျိုးဖြင့် ကျွန်တော်နှင့် ဆရာမကြီး ဒေါ်စန်းရီတို့ ဝေးကွာ သွားခဲ့ပါသည်။ ကာလအားဖြင့် ခန့်မှန်းခြေ အနည်းဆုံး (၁၅) နှစ်လောက် ကြာသွားသည်ဟု ကျွန်တော် ထင်ပါသည်။ အလုပ်အကိုင် အတည်တကျဖြင့် ကျွန်တော် တနယ်တကျေးမှာ တာဝန် ထမ်းနေရချိန် ဖြစ်ပါသည်။

'မင်း …. ဒီတခါတော့ ခွင့်ရလို့ပြန်ဖြစ်ရင် တို့ဆရာမကြီး ဒေါ်စန်းရီဆီ ရောက်အောင် သွားလိုက်ပါဦးကွာ။ အသက်ကကြီးတော့ ကျန်းမာရေးလည်း မကောင်းရှာဘူး။ စီးပွားရေးလည်း မပြေလည်ရှာဘူး။ တပည့်ဟောင်းတွေ့လည်း သိပ်ဝမ်းသာ ရှာတယ်။ အဲဒီ နေ့မျိုးဆိုရင် ဘာဆေးမှ မသောက်ရဘူး။ သူ့အလိုလို နေလို့ ကောင်းတယ်တဲ့´။

မူလတန်းတုန်းက သူငယ်ချင်းတစ်ဦးနှင့် မမျှော်လင့်ဘဲ ဆုံစည်းမိခိုက် အထက်ပါ စကားများ ကျွန်တော့်ကို ပြောသွားခဲ့ပါသည်။ အို… ကျွန်တော့်စိတ်ထဲမှာ ကျွန်တော့် မိခင် နေမကောင်းဘူး ဆိုတာကို ကြားလိုကရသလို ခံစားရသည်။ သွားရမယ်။ နယ်ပြန် ဖြစ်ရင် ဆရာမကြီးဆီ ရောက်အောင် သွားရမယ်ဟု စိတ်ထဲမှာ တေးထားလိုက်ပါသည်။ ဒါပေမယ့် ကျွန်တော် ရုတ်တရက် မပြန် ဖြစ်ခဲ့ပါ။ သူငယ်ချင်း ဖြစ်သူနှင့် တွေ့ပြီး နှစ်ဝက်ခန့် ကြာသည့် အချိန်ရောက်မှပင် နယ်သို့ ပြန်ဖြစ်ခဲ့သည်။

ကျွန်တော် ဆရာမကြီးအိမ် ရောက်သွားတော့ ဆရာမကြီးသည် ခေါင်းရင်းရှိ ခုတင်လေးပေါ်တွင် လဲလျောင်း နေပါသည်။ အခြား ဘယ်သူမှလည်း မတွေ့ရပါ။ ဆရာမကြီးဟု ကျွန်တော် ခပ်တိုးတိုး ခေါ်လိုက်တော့ ဆရာမကြီး မျက်လုံးကလေး အသာအယာ ဖွင့်လာကြပါသည်။ အတော်ပင် ဝေသီ မှုန်မှိုင်း နေကြပါပြီ။

`ရှင် …. ´ တဲ့။ ဆရာမကြီး ထူးလိုက်ပုံ ကြားရတာ ကျွန်တော့် စိတ်ထဲ တမျိုးကြီး ခံစား လိုက်ရပါသည်။

‘ဆရာမကြီးရဲ့ တပည့်ဟောင်းပါ။ ဆရာမကြီးကို လာကန်တော့ တာပါ´

`သြော် .. အေးအေး .. .သားကလဲ သူ့အိမ်နဲ့သူ ခွဲနေတယ်လေ။ မြေးကလေး တယောက်တော့ ဆရာမကြီးနဲ့ အတူ လာနေပါတယ်။ အခု ဈေးသွားနေ တယ်လေ´

ဆရာမကြီးက သူ့အထီးကျန်ဆန်မှုကို ဖုံးကွယ်လိုဟန်ဖြင့် ကျွန်တော်က ဘာမှ မမေးရသေးဘဲ ပြောနေပါသည်။ ပြီးတော့ ခုတင် ဘေးကပ်လျက် ပက်လက် ကုလားထိုင်ကလေးပေါ် ရွှေ့၍ ထိုင်ပါသည်။

ကျွန်တော် ဆရာမကြီးကို ကန်တော့လိုက်ပြီး ကျွန်တော့်ကိုကော ဆရာမကြီး မှတ်မိရဲ့လားဟု မေးလိုက်သည်။ ဆရာမကြီးက ကျွန်တော့်ကို စူးစိုက်ကြည့်နေပါသည်။ နှုတ်ခမ်းတွေက တရွရွ လှုပ်ရှားနေကြပါသည်။ ကျွန်တော်လည်း ဆရာမကြီးကို ငေးကြည့်ရင်း ရင်တွေ တထိတ်ထိတ် ခုန်လာပါသည်။

ဆရာမကြီး၏ ဖျော့တော့ အားနည်းလှသော နှုတ်ခမ်းပေါ်မှာ အပြုံးတစ ပေါ်လာပြီး အရေပြားကလေးများ ပဲကြီးခွံတွန့်သလို တွန့်နေသော လက်ချောင်းများဖြင့် ကျွန်တော့်ပခုံးကို လှမ်းကိုင်ပါသည်။ ပြီးတော့ ပုစ္ဆာတပုဒ်၏ အဖြေမှန်ကို ရသွားသော ကျောင်းသားလေး တစ်ယောက်သဖွယ် အားတက်သရော အသံဖြင့် `မင်း…. ဖဦးထုပ်မှုတ်လား၊ ဟုတ်တယ် မဟုတ်လား`တဲ့။

ထိုအခါတော့ ဘယ်လို ဖြစ်သည်မသိ၊ မငိုပါဘဲနှင့် ကျွန်တော့် မျက်နှာပေါ် မျက်ရည်တွေ အလိုလို ရောက်လာကြပါသည်။ ကျွန်တော် ဆရာမကြီး၏ ခြေဖမိုးပေါ် မျက်နှာအပ်ရင်း မျက်ရည်များဖြင့် ပွတ်သပ် နမ်းရှုံ့ နေမိပါတော့သတည်း။

ဇူးကျော်

မင်းကြီးညို ရွှေရတု မဂ္ဂဇင်း (၂၀၀၂)

Powered by Bullraider.com