အမေ့အိမ်မှာ ကြယ်ငါးကောက်သူများ

" မေမေ သမီးသွားတော့မယ်နော်.."

" အေး အေး မုန့်ဖိုး ယူသွားဦးလေ နေ့လည် ပြန်တာ နောက်ကျရင် ဗိုက်ဆာတော့ အဆာပြေ တခုခု ၀ယ်စားရတာပေါ့ "

" နေပါစေ မေအရင် တပတ်က ပေးထားတာ ကျန်သေးတယ် "

" ကားခရော သမီးရဲ့ "

" ကားခလည်း ရှိပါတယ် အမေ "

" အေးအေး.. ဂရုစိုက် သွားနော်…. ငါ့သမီးလေး စေတနာ အကျိုးပေးပါစေ "

အကျိုးပေးတာ မပေးတာ ထားပါတော့ အမေရယ်။ လောလောဆယ် ကိုယ်လုပ်ချင်တဲ့ အလုပ်ကလေး မြဲလုပ်နေနိုင်အောင် အခြေအနေ ဆက်ပေးပါစေ။ မုန့်ဖိုးပေးနေတဲ့ မေမေ တို့ကိုလည်း ကျေးဇူးတင် လှပါတယ်။ ကျေးဇူးပြန်ဆပ်ဖို့ အချိန် အရွယ်လည်း ရောက်နေပြီ မို့လား။ ဒါပေမဲ့ ငွေကြေး အရတော့ ကျေးဇူးပြန် မဆပ်နိုင်သေးဘူး အမေရယ်။ ဟော လှိုင်သာယာ ဘက်သွားတဲ့ ကားလာပြီ ဒီကားနဲ့ ပါအောင် တက်မှ ဒီမနက် တာဝန်ကျတဲ့ အတန်းကို မီမှာ လိုက်မယ် လိုက်မယ်။

×××××××××××××××××××

 

" ၀ှူး .. မောလိုက်တာ .. "

မိုင်ဝက်လောက် ဝေးတဲ့ အိမ်နဲ့ ကျောင်းကို စက်ဘီးနင်း လာရတာ ဆိုတော့ မောတော့ မောမှာပေါ့လေ။ ရာသီကလည်း ပူလာတော့ မနက် အစောကြီးမှာကိုပဲ ချွေးတွေက ထွက်နေပြီ။

" ဆရာမ ရေသောက်မလား သမီးတို့ ခပ်ပေးမယ် "

" ကျေးဇူးပါပဲ ကလေးရယ် ဆရာမ ကိုယ့်ဖာသာပဲ ခပ်သောက်ပါမယ် "

ရေသောက် နေတုန်း အင်းစိန်က ကားစီးလာရတဲ့ သူငယ်ချင်း မြတ်မွန် ရောက်လာတယ်။ သူလည်း စိတ်မော လူမောတော့ ဖြစ်လာပုံပဲ။ အင်းလေ ဘတ်() ကား ဆိုတာ ကိုယ်ပိုင်ကား စီးရတာ လိုတော့ သက်တောင့် သက်သာ ဘယ်ရှိမလဲ။

" သင်ဇာ ရေ…. နင်ကတော့ စက်ဘီးနဲ့ဆိုတော့ ကိုယ်လာချင်တဲ့ အချိန် လာလို့ရတယ်နော်။ ငါတို့တော့ ကားစောင့်ရ တိုးရနဲ့ မောလိုက်တာဟယ်…"

သူမောနေတာ ကြည့်ပြီး ကိုယ်မောတာ မပြောတော့ပဲ ရေတစ်ခွက်ခပ်ပေးလိုက်ရင်း

" မေသဲ ရော သည်နေ့ လာရမဲ့ အလှည့်မို့လား "

" မေသဲ သည်နေ့လာနိုင်မှာ မဟုတ်ဘူး။ သူ ညက ဖုန်းဆက်တယ် သည်နေ့ အလုပ် အင်တာဗျူး တစ်ခု လှမ်းခေါ်လို့ သွားရမှာတဲ့သူ အလုပ်ရ သွားရင်တော့ တို့ လူလျော့သွားဦးမှာပေါ့လေ…"

" ဟုတ်လား.. ဘာအလုပ်လဲ "

" ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခု က ဆိုလား ပဲ ဘာရာထူးခေါ်တာလဲ တော့ မသိဘူး "

" အေးလေ ….. ဒါဆိုလည်း တို့ ယောက်ပဲ အတန်းထိန်းကြတာပေါ့ ။ ငါ မေသဲ ရဲ့ သူငယ်တန်းကိုပါ ကြည့်ထိန်းပေးလိုက်မယ်လေ "

" အေး ငါလည်း ကူပါ့မယ်… "

××××××××××××××××××××××××

 

" မင်္ဂလာပါ ကလေးတို့ "

" မင်္ဂလာပါ ဆရာမ.."

" ဆရာမ သူတို့ ဆရာမ မလာခင် ရန်ဖြစ်နေကြတယ် "

" ဆရာမ ဒီနေ့ ဟောဒီစာအုပ်ထဲက ပုံပြင်ပြောပြပါ "

" ဆရာမ သမီးထိုင်စရာ နေရာ မရှိတော့ဘူး "

" ဆရာမ ခဲတံမေ့ကျန်ခဲ့တယ် "

" ဆရာမ သည်နေ့ ဘာသင်မှာလဲ…. "

အမလေးဘုရား ဘုရား …. လူ ၉၁ ယောက်ရှိတဲ့ တတိယတန်း ကလေးတွေရဲ့ တစ်ယောက် တစ်ပေါက် မေးသံ အောက်မှာ သူတို့ကို ဘာက စပြီး ဘယ်လို ပြောရမှန်းတောင် မသိတော့ဘူး။ တချို့ကလည်း မတ်တပ်တချို့ကလည်း ကျပ်ညပ် ကပ်သပ်ပြီး ထိုင်နေကြ..တချို့ကလည်း တွန်းထိုး ရန်ဖြစ် နောက်

ပြီးခဲ့တဲ့ လ ကမှ ကလေးဗဟိုပြု သင်ကြားနည်းဆိုတာကို တပတ် သင်တန်း ပို့ချသွားလို့ တက်ခဲ့ရတုန်းက သင်ခန်းစာ မစခင် ကလေးတွေရဲ့ စိတ်ဝင်စားမှုကို ဘယ်လို ယူရမယ်ဆိုတာ သင်သွားတာကို ပြန်စဉ်းစား လိုက်မိတယ်။

အင်းကလေးတွေကို ဒီနေ့ သင်မဲ့ အကြောင်းအရာ ဘာလဲ ဆိုတာ ရှင်းရှင်းလင်းလင်း အသိပေး။ ဆရာက ဘာသင်ချင်လို့ သင်ချင်မှန်း ကလေးတွေ မသိတာမျိုး မဖြစ်စေနဲ့တဲ့။ ပြီးတော့ သင်မယ့် သင်ခန်းစာနဲ့ ပတ်သက်ပြီး သူတို့မှာ သိပြီးသား ဘယ်လောက်ထိ ရှိလဲ ဆိုတာ ဆရာက မေးခွန်းတွေ မေးပေးပြီးကလေးတွေ မူလ သိပြီးသားကို ဆွဲထုတ် ပေးရမတဲ့။ ပြီးမှ ကိုယ် ပေးချင်တဲ့ အချက်အလက်ကို သင်ကြားပို့ချ။ ပြီးရင် သူတို့ ထင်မြင်ချက်ကို မေးတဲ့။ ဟုတ်ပြီ.. ဒီနေ့ သိပ္ပံထဲက ကမ္ဘာ့ လေထုအကြောင်း သင်မယ်။ သူတို့ ဘယ်လောက် သိလဲ မေးရမယ်။

" ကဲ ကလေးတို့ ဒီနေ့ ဆရာမ သင်မှာက….. "

စနိတ် ကို စနိတ် ကို မြွေ မြွေ မြီးတံက ရှေရှေ

နေကို နေကို ဆန်း ဆန်း လင်းရောင်ခြည်တွေဖြန်း

ဘုရား.. ဘုရားဒီဘက်အတန်းက ကိုယ့်ကလေးတွေ ဆီက အာရုံကို ဆွဲယူဖို့ အစပျိုးတုန်း ရှိသေးတယ်။ ဟိုဘက် ပထမတန်းက ကဗျာ ဆိုလိုက်တဲ့ အသံက တခန်းလုံးကို ဖုံးလွှမ်းသွားတယ်။ ကိုယ့်အသံ ဘယ်လိုမှ တိုးလို့ မပေါက်တော့။ အေးပေါ့ လေ ၁၅ ပေ × ပေ ၃၀ အခန်း ရှည်ရှည်လေးမှာ တခန်းနဲ့တခန်း ထရံ တချပ်ပဲ ခြားထားပြီး ဟိုဘက်ခန်းမှာ ပထမတန်း ကလေး ၇၅ ယောက် ဒီဘက်ခန်း မှာ တတိယတန်း ကလေး ၉၁ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ စာသင်ခန်းထဲမှာ ကလေးဗဟိုပြုတို့ ဘာတို့ ဘယ်လို သင်ရမလဲ အဖြေရှာလို့က မရပြန်။

ဒါတောင် သူငယ်တန်း နဲ့ ဒုတိယတန်းက သည်အတန်းတွေ ဖြုတ်ပြီး နောက်တချိန်မှာ ၀င်သင်ကြရမှာမို့ ကျောင်းနဲ့ ခပ်လှမ်းလှမ်း လမ်းဘေးတွေမှာ ကျောင်းနားက အိမ်တွေ ခြံတွေထဲမှာ ကစားနေကြတုန်း။ ဘာပဲ ပြောပြော သည်ကျောင်းက နာမည်တော့ ရပြီမို့ အလှူရှင်တွေတော့ အတော်အတန် ရှိပါပြီလေ။

နောက်နှစ်ဆို ထပ်ကျောင်းတောင် ဆောက်ပေးမယ် ဆိုလားပဲ။ ကျောင်းတာဝန်ခံ ပြောနေတာ ကြား တယ်။ တဖြည်းဖြည်းတော့ ဖြစ်လာမှာပေါ့လေ။ မဖြစ်လာသေးခင်တော့ သည်းညည်း ခံရဦးမှာပေါ့။ ဖြစ်လာတဲ့ အထဲမှာ တို့အတွက်ရော ပါလာမှာလား မသိဘူး။ အို မတွေးပါနဲ့ ကိုယ်တွေက စေတနာ့ဝန်ထမ်း အလုပ် ကို လုပ်နေတာပဲ…. မနက်က အမေ ဆုပေးလိုက် သလို စေတနာ အကျိုးပေးမှာပေါ့။

ကဲ ဟိုဘက် ခန်းက အသံတိတ် သွားတုန်း အတွေးတွေ ခဏရပ်ပြီး စာဆက်သင်မယ်

" ကလေးတို့ရေ မင်းတို့ အသင်ရှင်ဖို့ အရင်ဆုံး လိုအပ်ချက်က ဘာလဲ သိကြလား "

" ထမင်းပါ "

" ရေပါ "

" လေ့ကျင့်ခန်း မှန်မှန်လုပ်ဖို့ပါ "

" အသက်ရှုဖို့ပါ "

တော်ပါသေးရဲ့ တယောက် တပေါက် အဖြေတွေထဲက လိုချင်တဲ့ အဖြေပါလာလို့

" အေး အသက်ရှုဖို့ က အရင်ဆုံး လိုတာပေါ့ကွယ်။ မင်းတို့ အသက်ရှုတာ လေထဲမှာလား ရေထဲမှာလား မြေကြီးထဲမှာလား…. "

" လေထဲမှာပါဆရာမ "

" ဟုတ်ပြီ မင်းတို့ အသက်ရှုနေတဲ့ လေတွေရှိတဲ့ ကမ္ဘာ့လေထုအကြောင်းကို သည်နေ့ သင်မယ်…."

" လေထုထဲမှာ ဘာတွေ မြင်ရ တွေ့ရပြီး ဘာတွေ ရှိတယ်လို့ ထင်လဲဟေ့…"

အေ ဟန်း က ကြက်မ တစ်ကောင်၊ ကာလာ က အရောင်

ကြောင်ကလေး တစ်ကောင် လစ်တဲလ် ကတ် တယ်ဆိုရင် ဖက်

ဗုဒ္ဓော…. ဟိုဘက်ခန်းက သံပြိုင် ဟစ်ကြွေးသံကို မထိုးဖောက်နိုင်ပြန်ဘူး။ ခဏစောင့် ဦးမှ...

×××××××××××××××××××××××××××

 

ဒီ အလုပ်ကို အင်တာဗျူးခေါ်လို့သာ လာရတာ။ ဒီလောက်ကြီး စိတ်ပါလှတာတော့မဟုတ်။

သည်နေ့ ကျောင်းကို ကိုယ် မသွားနိုင်တော့ သင်ဇာ နဲ့ မြတ်မွန် နှစ်ယောက်တည်း ကလေးတွေကို ဘယ်လို ထိန်းပါ့ မလဲ။ တာဝန်ခံ ဆရာကြီးတော့ ရှိသား။ သူလာရင်တော့ ကူထိန်း ပေးမှာပေါ့လေ။ ဟော မေသဲ တဲ့ ကိုယ့်နံမည်ခေါ်နေပြီ….

" မင်း က အင်ဂျင်နီယာ ဘွဲ့နဲ့ ကျောင်းပြီးတာနော် "

" ဟုတ်ကဲ့ "

" အခု အန်ကယ်တို့ အလုပ်မှာကတော့ အော်တိုကတ် စနစ်နဲ့ ပုံစံထုတ်ရတာတွေ ရှိမယ်။ နောက် စာရင်း ဇယားတွေ တွက်ချက်ရမယ်။ ကျောင်းမှာတုန်းက ဘယ် ဘာသာတွေ သင်ခဲ့ရလဲ။ ဒါမျိုးတွေ သင်ခဲ့ရလား "

" ကျောင်းမှာတုန်း ကတော့ သီအိုရီပိုင်းတွေ သင်ခဲ့ရပါတယ်။ ဒါပေမဲ့ တကယ်လို့ အလုပ်မှာ လိုအပ်လာရင် ကျမ အပြင်က သင်တန်းတွေ ထပ်တက်ပါ့မယ် "

သွားပြီ ….. ပြောပြီးမှ မှားသွားပြီလို့အခုမှ သင်တန်း တက်ပြီး လေ့လာနေရ ဦးမယ့် သူကို ဘယ်သူက အလုပ် ခန့်ချင် ပါ့မလဲနော်..

" ကျောင်းက တနှစ်က ပြီးတာနော်.. လုပ်ငန်းအတွေ့အကြုံရော ဘာတွေရှိလဲ "

" ကျမ အခု လက်ရှိ ပညာဒါန ကျောင်းမှာ ကလေးတွေကို ဗော်လန်တီယာ စာသင်ပေးနေပါတယ် "

အင်တာဗျူးတဲ့ လူမျက်နှာက ပြုံးစိစိဖြစ်သွားတာ မြင်လိုက်ရတယ်။

" ဗော်လန်တီယာ ဆိုတော့ အပျော်တမ်း ပေါ့နော်။ အခု သည်မှာ အလုပ်လာ လျှောက်တာ အဲဒီအလုပ်ကို မပျော်တော့လို့လား.. ဟဲဟဲ "

တောက်.. ခန့်ချင်ခန့် မခန့်ချင်နေ လူကိုတော့ မစော်ကားနဲ့ ပိုက်ဆံရှိတယ် ဆိုပြီး ဂျိုကြွနေတာ.. အင်တာဗျူး လာဖြေတာ သူ့ အတွက် အပျင်းပြေ စကားနဲ့ ကလိဖို့ လာထိုင် ပေးတာ မဟုတ်ဘူး။

" ဗော်လန်တီယာကို အပျော်တမ်းလို့ ဘာသာပြန်ချင်လည်း ပြန်နိုင်ပါတယ် အန်ကယ်။ အန်ကယ် တို့က စေတနာ ဆိုတဲ့ စကားလုံးနဲ့ အလှမ်းဝေး နေတော့ စေတနာ့ဝန်ထမ်းဆိုရင် နားလည်မယ် မထင်ဘူး။ ကျမ အလုပ် လာလျှောက်တာ အဲဒီအလုပ်မှာ ပျော်တာ မပျော်တာနဲ့မဆိုင်ပါဘူး အန်ကယ်။ ကျမ မိသားစု စားဝတ်နေရေးနဲ့ ဘ၀ရပ်တည်ရေးအတွက် လာလျှောက်တာပါ။ ပြန်ခွင့်ပြုပါဦး "

××××××××××××××××

 အင်း…. ကဗျာတွေချည်း ဆိုခိုင်းနေလို့ တော့လည်း မဖြစ်သေးဘူး။ ဟိုဘက်ခန်း က စာသင်လို့မရပဲ ဖြစ်နေဦးမယ်။ သူတို့ ငြိမ်အောင် ဘာလုပ်ခိုင်းရပါ့မလဲ။ ပထမတန်း ကလေးတွေ ဆိုတော့လည်း ကဗျာလေး တွေ ဆိုရရင် သိပ်ပျော်တာ။ အဲတော့ ကိုယ်ကလဲ ကိုယ် ငယ်ငယ်တည်းက အသည်းစွဲ ရွတ်လာတဲ့ ဆရာကြီး မင်းသုဝဏ်တို့ ၊ ဆရာကြီး တင်မိုး တို့ ကဗျာလေးတွေကို တပုဒ်ပြီး တပုဒ် သင်ပေးပြီး ဆိုခိုင်းတာပဲ။ အဲဒါကိုပဲ ဟိုတခါ လာကြည့်တဲ့ ဧည့်သည် တစ်ယောက်က ဝေဖန်သွားသေးတယ်။

ကဗျာတွေချည်း သင်နေပုံနဲ့တော့ ကလေးတွေ စာဘယ် တတ်တော့မလဲ တဲ့။ နောက်ပြီး တုတ်မကိုင် ပါနဲ့တဲ့။ တုတ်က ရိုက်ဖို့ချည်း ကိုင်တာမှ မဟုတ်တာ သူတို့ တအား ဆူလာရင် ခုံကို ဗြန်းဗြန်းဆို ရိုက်ရတာ။ ဒါမှ ငြိမ်တာ။ တရက်ပဲ လာကြည့်ပြီး ဆရာကြီးလုပ်သွားတဲ့ သူကို ဒါဆို ခင်ဗျား လာသင်ပါလားလို့ ပြန်ပြော ချင်လိုက်တာ။ မနည်းထိန်းထားရတယ်။

" ကဲ ကလေးတို့ စာရွက် တရွက်စီမှာ မင်းတို့ ကြိုက်တဲ့ ပုံလေးတွေ ဆွဲပါ။ ပြီးရင် ဘာလို့ အဲဒီ ပုံလေးကို ဆွဲရတာလဲ ဆိုတဲ့ အကြောင်းလေး ကို တိုတိုရေးပြီး ဆရာမကို လာပြ လှည့်ကြ "

ငြိမ်မယ်ထင်လို့ ပုံဆွဲခိုင်းတာလဲ မငြိမ်ပဲ ခဲတံလုကြ။ နေရာလုကြ၊ ဘာပုံဆွဲရမလဲ မေးကြ၊ မြန်းကြ တိုင်ပင်ကြနဲ့ ပါးစပ်ပေါက်တွေက အသံစုံ ထွက်နေတဲ့ သနပ်ခါး အဖွေးသား မျက်နှာလေးတွေကို ကြည့်ရင်း အပြစ်တင်ရခက်၊ ကြိမ်းမောင်းရခက်။ ရောင်းမဲ့ ကြက်ခြင်းထဲက ကြက်တွေလို ကျပ်ကျပ်သိပ်သိပ် ခြေမဆန့်သာ လက်မဆန့်သာ ထိုင်နေရတဲ့ ကလေးတွေကို အသံ တိတ်တိတ် နေကြလို့ ပါးစပ်တွေကိုပါ ထပ်မချုပ် ရက်တော့။

RWCT သင်တန်းပေးသွားတဲ့ ဆရာမလေး တစ်ယောက် ကတော့ ပြောသွားတယ်။ အတန်းထဲမှာ ကလေးတွေ အော်ဟစ် ဆူညံနေရင် ကိုယ်ကပါ သူတို့နဲ့ လိုက်အော်ဟစ် မနေသင့်ဘူးတဲ့။ အခန်းထောင့် တစ်နေရာကနေပြီး သူတို့ကို စိုက်ကြည့်နေလိုက်ရင် သူတို့ကို ဆရာမ တနေရာရာက ကြည့်နေတယ် ဆိုတာ သိပြီး အလိုလို ငြိမ်သွားဖို့ ကြိုးစားကြ လိမ့်မယ်တဲ့။

လက်တွေ့ လုပ်ကြည့်တော့ အခန်းထောင့်က ဆရာမ ကို ခလုတ်တောင် တိုက်သွားကြတာ ကြုံဖူးလိုက်တယ်။ တမင် တိုက်သွားတာ မဟုတ်တော့လဲ ဟဲ့လို့ တချက် အော်ပြီး ခွင့်လွှတ်လိုက်ရ ပြန်တာပါပဲ။ ခုလည်း အခန်းထောင့် ကပဲ ဘာမှ မပြောပဲ ထိုင်ကြည့် နေတော့ မယ်။ ပြောဖို့ရာ အသံကလည်း မထွက်တော့ဘူးလေ။ လည်ချောင်းက တအားနာနေပြီ။

ဟယ် ဟိုမှာ မေသလာပြီတော့

" မေသဲ နင် အင်တာဗျူး သွားမယ်ဆို မသွားဖြစ်ဘူးလား "

" ဗျူး ပြီး လို့ ဒီ ကို လာခဲ့တာလေ.. သူငယ်တန်း အချိန် ငါဝင်ရမယ်မို့လား "

" နင် အဆင်ပြေခဲ့လား တာဝန်ခံ ဆရာကြီးက တောင် ပြောနေ သေးတယ် မေသဲ အလုပ်ရသွားရင် သူငယ်တန်း သင်တာ အတွေ့အကြုံ ရှိတဲ့ သူ တစ်ယောက် လျော့သွားရင် ခက်ဦး မယ်တဲ့.. ဟုတ်တယ်ဟဲ့ သူငယ်တန်း ကလည်း သင်တတ်တဲ့သူမှ ဖြစ်တာ"

" အင်း….. ဒီတနှစ်တော့ ငါသည်မှာ ပဲ ဆက်ရှိနေဦးမှာပါဟာ…"

×××××××××××××××××


 " ကျနော်က ဒီကျောင်းလေးရဲ့ တာဝန်ခံပါ ဘဘ။ ဘဘ ကိုယ်တိုင် ခုလို လာကြည့်တာ သိပ်ဝမ်းသာ ပါတယ်။ ကလေးတွေကတော့ မြင်တဲ့အတိုင်းပါပဲ ဘဘရယ်။ ဒီမှာ ကျောင်းတက်ရတာကို သိပ်ပျော်ကြ တာ။ ကျနော်တို့ ကလည်း အတတ်နိုင်ဆုံး ကလေးဗဟိုပြုတို့ ဘာတို့နဲ့ သူတို့လေးတွေကို လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်ဖြစ်အောင် ထားတာပါပဲ။ ပြောရဲဆိုရဲရှိအောင် လေ့ကျင့် ပျိုးထောင် ပေးပါတယ်။ ဒါပေမဲ့ ကျနော်ကလည်း ပညာရေးသမား စစ်စစ်ကြီးတော့ မဟုတ်ဘူးပေါ့ ခင်ဗျာ။ စေတနာအရ လိုအပ်နေလို့ ၀င်လုပ်ပေးနေတာပါ။ ကျနော့်အိမ် ကလည်း ဒီရပ်ကွက်ထဲမှာပဲ ဆိုတော့ ကလေး မိဘတွေ နဲ့ ကလည်း ရင်းနှီး နေတာပေါ့။ ဒါကတော့ ကျောင်းအတွက် နေရာ လှူထားတဲ့ အဒေါ်ပါ"

ကျောင်းကို အလည်လာတဲ့ ဧည့်သည်တွေနဲ့ အတူပါလာတဲ့ ဆံပင်ဖြူဖြူ မျက်မှန်နဲ့ ဘဘကြီးကို ကျောင်းတာဝန်ခံ ကိုညိုကြီးက ကျောင်းအကြောင်း ရှင်းပြရင်း ဆရာမလေးတွေနဲ့ မိတ်ဆက်ပေး နေပါတယ်။

"ဆရာမလေးတွေကတော့ ဒီရပ်ကွက်က မဟုတ်ကြဘူး။ သူတို့က ဗော်လန်တီယာ လာလုပ်နေကြတာ။ မြို့ထဲကရော အင်းစိန်ကရော၊ သူကတော့ ဟိုဘက် ရပ်ကွက်ကပါ။ ဗော်လန်တီယာ ဆိုပေမဲ့ အခု တနှစ် ကျော်လာတော့ သူတို့ တော်တော် သင်ကြားမှု အတွေ့အကြုံတွေ ရှိလာပြီ။ အချိန်တို ဆရာ အတတ်သင် သင်တန်းတွေလည်း သူတို့ တက်ထားကြပါတယ်။ ခက်တာက သင်တန်းဆင်းပြီး အရည်အချင်း ရှိတဲ့ ဆရာတွေ မြဲအောင် လုပ်ဖို့ ကျနော်တို့မှာ အခက်အခဲက ရှိပြန်တယ် ဘဘ။ အလှူရှင်တွေ လှူတဲ့ ငွေကလည်း ကလေးတွေ ဖို့လို့ ရည်ရွယ်ရင် ကျနော်တို့က ဆရာတွေအတွက် သုံးလို့ မဖြစ်ပြန်ဘူး။ ဘုန်းကြီးတွေလို ပေါ့ဗျာ။ န၀ကမ္မ ဆိုမှပဲ လိုအပ်တာ သုံးလို့ ရတာပေါ့။ ကျောင်းဆောက်ဖို့ ဘုရားတည်ဖို့ လှူတာကို ယူသုံးလို့က မတော်ဘူးမို့လား။ တကယ်တန်းကလည်း ကလေးတွေဖို့ လိုအပ်ချက်တွေ ကလည်း ဖြည့်လို့ကို မပြည့်နိုင်ပါဘူး ဘဘရယ်"

" အေးပေါ့ကွာ…. ဘဘ တို့ တိုင်းပြည်မှာတော့ လောလောဆယ် လိုအပ်ချက်တွေက နေရာတိုင်းမှာပါပဲ ကွာ။ တဖြည်းဖြည်းတော့ ပြည့်လာမယ် မျှော်လင့်ရတာပေါ့။ ဒီ အတောအတွင်း ကိုယ်တတ်နိုင်သလောက် လုပ်ကြတာပေါ့။ မင်းက တာဝန်ခံ ဆိုတော့လည်း အားလုံး သွားရေးလာရေး လောက်တော့ အဆင်ပြေ အောင် တာဝန်ခံပြီး လုပ်ပေး လိုက်ပေါ့။ တတ်နိုင်သလောက် လုပ်ကြပါ သမီးတို့ ရေ။ ဇွဲမလျော့ကြနဲ့ကွ

“ဘဘ သမီး တို့ကို ပုံပြင်လေး တစ်ခု ပြောပြမယ်။ တခါက လူကလေး တစ်ယောက်က ပင်လယ်ကမ်းခြေမှာ တကုန်းကုန်း နဲ့ အလုပ်ရှုပ်နေသတဲ့။ သူဘာတွေ လုပ်နေလဲ ဆိုတော့ ဒီရေ တက်လာတဲ့အခါ ပင်လယ်ထဲမှာပဲ အသက်ရှင်နိုင် တဲ့ ကြယ်ငါးလေးတွေ ထောင်နဲ့ သောင်းနဲ့ချီပြီး ကမ်းခြေမှာ တင်ကျန်နေသတဲ့။ အဲ အထဲက သူနိုင် သလောက်ကို ကောက်ပြီး ပင်လယ်ထဲကို ပြန်လွှတ်ပေး နေတာပေါ့

“အဲတော့ ဘေးက လူတစ်ယောက်က ပြောတယ် ဒီလောက်များတဲ့ ကြယ်ငါးတွေ မင်း အကုန်ကောက်ပြီး ရှင်အောင် လုပ်ပေးနိုင်တာလည်း မဟုတ်ဘဲနဲ့ အပင်ပန်းခံ နေရလားပေါ့။ ဒီတော့ ကောင်လေးက ပြန်ပြော သတဲ့ အကုန်တော့ ကျနော် မကယ်နိုင် ဘူးပေါ့… ဒါပေမဲ့ ကျနော် ကောက်ပြီး ပြန်လွှတ် ပေးနိုင်သမျှ အကောင်လေးတွေတော့ ရှင်ကြမှာပေါ့ လို့ ဆိုသတဲ့။ သမီးတို့လည်း ကိုယ့် ကိုယ်ကို ကြယ်ငါး ကောက်တဲ့ ကောင်လေးလို သဘောထားကြ ပေါ့ကွယ် "

" ဟုတ်ကဲ့ပါ ဘဘ "

××××××××××××

 

ဟော ဟိုမှာ နံပတ် ၂၄၃ ဘတ်(စ်)ကြီး လာပြီ..

" သွားမယ်ဟေ့ မေသဲ နဲ့ သင်ဇာ ရေ နောက်နေ့မှ တွေ့မယ် "

ဟာ တကားလုံးလည်း လှိုင်သာယာ နည်းပညာ တက္ကသိုလ် က ကျောင်းသား တွေ ချည်းပါလား…..

" ဟေ့ မြတ်မွန် "

" ဟယ် သီဟ နင်တို့ ကျောင်းက ပြန်တာလား "

" အေး တို့ စာမေးပွဲ လေဟာ နင်ကတော့ မနှစ်က ပြီးသွားတော့ တို့လို တနာရီကျော် နှစ်နာရီလောက် ကျောင်းသွား ကျောင်းပြန် ကားစီးရတဲ့ ၀ဋ်က ကျွတ်ပြီပေါ့။ နင်အခု အလုပ်ဝင် နေပြီလား .. အခု ဘယ်က ပြန်တာလဲ "

" အင်း ငါ အလုပ်ဝင်နေပြီ"

" အား ကံကောင်းလိုက်တာ…. ဘယ်မှာလဲဟ…. ဘာ အလုပ်လဲ…. လစာကောင်းလား"

" အလုပ်ကတော့ ကြယ်ငါးကောက်တဲ့ အလုပ်ပါ။ လစာကတော့ စေတနာ အကျိုးပေးပေါ့ဟာ "

 ခင်လေးကြည်ကြည်

Powered by Bullraider.com