အားလုံးဟာ စူပါစတား

ဖြောင့်မတ်မှန်ကန်ပြီး ချစ်ခြင်းမေတ္တာထားရှိသော လူသားစိတ်ဝိညာဉ်က နောက်တစ်ဦးအပေါ်မှာ လွှမ်းမိုးနိုင်ခြင်းဟာ ကောင်းချီး မင်္ဂလာပါပဲ။

ဂျော့ရှ်အီးလီယော့

ဒေးဗစ်ဟာ ငါးတန်းကလေးငယ်လေးပါ၊ ဒါပေမယ့် သူ့ရဲ့ အပြုအမူဟာ အင်မတန်မှကို ကြမ်းတမ်း ခက်ထန်လှတဲ့ အတွက်ကြောင့် သူတို့က ဒေးဗစ်ကို ကျွန်မရဲ့ ပညာရေး အထူးအခန်းထဲမှာ ထားကြတယ်။ ကျောင်း ပထမဆုံးတက်တဲ့ နေ့မှာပေါ့။ ဒေးဗစ်ဟာ အမျက်စိတ်ရိုင်း ဒေါသ မုန်တိုင်းထန်စွာနဲ့ ရောက်လာခဲ့ပါတယ်။ အတန်းထဲမှာ ရှိသမျှ ကလေးတိုင်း ကို ထိုးကြိတ်ရင်း “ငါ့ရှေ့ကနေ လမ်းဖယ်ပေးစမ်း။” လို့ အော်ဟစ် ကြိမ်းမောင်းရင်းနဲ့။ အဲဒီနောက်တော့ သူရဲ့ အမျက် ဒေါသက ကျွန်မဆီ ရောက်လာခဲ့တယ်။ အလျင်စလိုနဲ့ “ကျွန်တော် ခင်ဗျားကို မုန်းတယ်” တဲ့။ ဒါဟာ ပထမဆုံး အတန်းပါ။ ဒေးဗစ်ဟာ သူ့ခုံပေါ်မှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်ရင်း တစ်ခန်းလုံးကို နှောက်ယှက်လိုက်၊ ရန်တွေ့လိုက် စလုပ်တော့ လတယ်။ တစ်ပတ်လုံးလုံးကို အဲဒီလို အပြုအမူနဲ့ ရှိနေခဲ့ပါတယ်။

အစဦးမှာတော့ အဲဒီလို ပြုမူတာဟာ အထူးပညာရေးအခန်းထဲမှာ ထည့်ထားတာကြောင့် တုံ့ပြန်မှု ဖြစ်ပါလိမ့်မယ်လို့ ကျွန်မ ထင်ခဲ့တယ်။ ကလေးအများစုကြီးဟာ “အတန်းထဲက လူရွှင်တော်” ဒါမှမဟုတ်ရင် “ရန်လိုရန်စသူ” ဆိုတဲ့ဘွဲ့ထူးကို “ငရူးငအ” ဆိုပြီး အခေါ်ခံရတာထက် ပိုလိုချင်ကြတာ မဟုတ်လား။ အသေအချာ လေ့လာစုံစမ်းကြည့်ပြီးတဲ့ အခါမှာတော့ ဒီဇာတ်လမ်းက ဒါ့ထက်ပိုနေတယ်လို့ သတိထားမိခဲ့ပါတယ်။ ဒေးဗစ်ကို အရင်က သင်ကြားပေးခဲ့ဖူးသူ ဆရာတိုင်းက သိပ်ကို ကိုင်တွယ်ရ ခက်ခဲတဲ့ကောင် ဆိုပြီး မှတ်ချက်ပေးခဲ့ကြတာချည်းပါ။ “ဆရာမက ဘာအနံ့မှကို မခံစားတတ်တာ သိပ်ကောင်းတာပဲ။ ဒေးဗစ်က သိပ်နံစော်တဲ့ ကောင်လေ။” သူတို့ ပြောတာလည်း ကြားဖူးပါတယ်။ အခြားကလေးတွေ ကလည်း ဒေးဗစ်နားမှာ မထိုင်ချင်ကြဘူးဆိုပြီး တိုင်တန်းနေတာချည်းပဲ။ ဒါနဲ့ ဒေးဗစ်ဟာ သူနေ့ရာလေးမှာ သူ့ဖာသာ သီးသန့်ကို ထိုင်ရတော့တယ်။ ကလေးတိုင်းက သူ့ကို ဒီလိုခေါ်ကြတယ်။ ညစ်ပတ်နံစော် ဒေးဗစ်။ ပုတ်သိုးကောင် ဒေးဗစ်။

ပထမဆုံးနေ့ရက်ရဲ့ ပထမဆုံးသော အတွေ့အကြုံတွေဟာ အရေးကြီးလှတယ်ဆိုတာကို သိထားတဲ့အတွက် ကျောင်းကို လာတိုင်း ဒေးဗစ်ဟာ ဘယ်လို ကြုံတွေ့နေ ရသလဲဆိုတာကို စူးစမ်းလေ့လာဖို့ ကျွန်မ ဆုံးဖြတ်လိုက်ပါတယ်။ ဘတ်စ်ကား တွေ ရောက်လာတယ်ဆိုရင်ပဲ ဒရိုင်ဘာဟာ ကားပေါ်ကတောင် မဆင်းရသေးတဲ့ ဒေးဗစ်ကို အော်ဟစ်ဆဲဆို လိုက်တယ်။ အဲဒီနောက် ဘတ်စ်ကား စောင့်ကြည့်ဖို့ တာဝန်ကျနေတဲ့ ဆရာမ  နှစ်ဦးက အော်ဟစ်လိုက်ပြန်ပါတယ်။ “ဒေးဗစ် ဖြေးဖြေး လုပ်စမ်း။ မပြေးနဲ့။ လမ်းလျှောက်စမ်းပါ ချာတိတ်ရာ။”

နောက်ပြီးတော့ ဒေးဗစ်ဟာ သူရဲ့ “အခမဲ့” နံနက်စာအတွက် စာသောက်ခန်းထဲကို အလျင်စလို ၀င်ရောက်တော့တယ်။ အစားအစာခုံတန်းပေါ်က တွေ့သမျှကို ဆွဲငင်ယူပြီး အငမ်းမရ၊ မလုတ်ပလောင်း ၀ါးမျိုနေပြန်တယ်။ စားသောက်ခန်း အလုပ်သမကြီးက လှမ်းအော်လိုက်တယ်။ “၀က်ကလေးလို မစားနဲ့စမ်း။ ထိုင်ပြီးတော့ စားစမ်းပါ။” ဒေးဗစ် ထိုင်ခုံပေါ် မထိုင်နိုင်ခင်မှာပဲ သူ့ရဲ့ အစာတွေ ကုန်သွားပြီ။ အခြားကလေးတွေရဲ့ စားကြွင်းစားကျန်တွေကို လှမ်းတောင်းပါတော့တယ်။

ကျွန်မရဲ့ စာသင်ခန်းထဲ မရောက်လာမီမှာ ကျောင်းရုံးခန်း အုပ်ချုပ်ရေးမှူးတွေ၊ ဆရာဆရာမတွေနဲ့ နောက်ထပ်ပြီး မနှစ်မြို့စရာ ပြဿနာ သုံးခုလောက်တောင် ထပ်တက်နေပြန်ပါတယ်။ စည်းဝါးရိုက်ထားကြသလိုပါပဲ။ ကလေးတိုင်းက သူ့ကို ဒေါသထွက်အောင် ရန်ထောင်၊ ရန်စကြတော့တယ်။ “ပုတ်သိုးကောင် ဒေးဗစ် လာပြီဟေ့”။ “အနံ့တစ်ခု ရသလိုပဲ။ ညစ်ပတ်နံစော် ဒေးဗစ်ပဲ ဖြစ်ရမယ်။”

ကျွန်မ စူးစမ်းလေ့လာထားတဲ့ဟာတွေ အားလုံးကနေ ဒီလို ကောက်ချက် ချမိပါတယ်။ ကျောင်းမှာ နေ့တိုင်း ကြုံတွေ့နေရတဲ့ ဆက်ဆံပြုမူတာတွေ အပေါ်မှာ တုံ့ပြန်တဲ့ အနေနဲ့ ဒေးဗစ်ဟာ ဒေါသ ပေါက်ကွဲရတာဖြစ်တယ်။ ပညာရေး ကောလိပ် ကျောင်းမှာတုန်းက စိတ်ပညာဘာသာရပ် အခြေခံမှာ ဒီလို သင်ကြားခဲ့ ရပါတယ်။ ကလေးတွေဟာ ဆာလောင် နေတဲ့အခါ၊ ညစ်ပတ်နံ့စော် နေတဲ့အခါ၊ နောက်ပြောင် ခံရတဲ့အခါတွေမှာ စာသင်ယူခြင်း မလုပ်နိုင်ကြဘူးတဲ့။ ဒေးဗစ် ကျောင်းမှာ ပြဿနာတွေဖြစ်ရတဲ့ နောက်ခံအကြောင်းရင်းဟာ မိဘတွေကြောင့်ပဲ ဖြစ်ရမယ်လို့ ကျွန်မ သုံးသပ်မိတယ်။  အသေအချာပါပဲ။ အကယ်၍သာ ၀၀လင်လင် ကျွေးမွေးပြီး သန့်သန့်စင်စင်နဲ့ ကျောင်းကို ပို့မယ်ဆိုရင် သူဟာ အခုလိုမျိုး ခါးသည်းလှတဲ့ နှိက်စက်ညှဉ်းပမ်းမှုမျိုးကို ခံစားရမှာ မဟုတ်ပါဘူး။ နောက်ထပ်လို့ မှတ်ချက် ပြုလိုက်ပါတယ်။ သူရဲ့ မိဘတွေက သူ့အပေါ်မှာ ဂရုမစိုက်ကြဘူးဆိုတာပါ။ ဒါနဲ့ ဒီမိဘတွေကို ချက်ခြင်းပဲ အသိပညာပေးမှ ဖြစ်တော့မယ်လို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။

ဆရာတွေ နားနေခန်းထဲမှာ ကျွန်မရဲ့ စိုးရိမ်စိတ်ကို အခြားဆရာဆရာမများထံမှာ ဖွင့်ဟပြောဆိုကြည့်မိတယ်။ မိဘတွေကို ဘယ်လို ဆက်သွယ်ရမလဲလို့လည်း မေးမြန်းရင်းပေါ့။ “ဆရာမ ကံကောင်းပါစေ။ သူတို့က ကျောင်းကို တစ်ကြိမ်တစ်ခါ လေးတောင်မှ လာခဲ့ကြဖူးတာ မဟုတ်ပါဘူး။ ဒီကျောင်းမှာ သူတို့ရဲ့ ကလေး ၈ ယောက်တောင် ကျောင်း တက်နေ တာလေ။ စာတွေတစ်စောင်ပြီး တစ်စောင် ပို့ခဲ့တယ်။ ပေါ်ကို မလာခဲ့တာ။” ဒါနဲ့ပဲ “အိမ်ကို သွားလည်” ဖို့ ဟုမ်းဗစ်ဆစ်သာ ရှိပါတော့တယ်။ ဆရာတွေကတော့ အလန့်တကြားနဲ့။ “ရူးများနေသလား ဆရာမ။ ကိုယ့်အလုပ်မှ မဟုတ်တာ။ လူမှုဝန်ထမ်းဌာနက သူတွေ ဖြေရှင်းပေးရမယ့် ပြဿနာလေ။” ကျွန်မ သူတို့ အိမ်သွားလည်ဖို့ ဆုံးဖြတ်ချက်ကို ဘယ်အရာကမှ ပြင်လို့ မရနိုင်တော့ပါဘူး။ ဒေးဗစ်လေးဟာ အကူအညီလိုအပ်နေသူ။ မိဘတွေကြောင့် ပြဿနာ တက်ရတဲ့ပုံစံမျိုး။

အတန်းထဲမှာ ကျွန်မဟာ ဒေးဗစ်ကို အဲဒီနေ့ နေလည်ပိုင်းမှာ သူတို့အိမ်ကို သွားလည်မှာလို့ ပြောပြခဲ့တယ်။ သူတို့မှာက တယ်လီဖုန်းလည်း မရှိတဲ့အတွက် ကျွန်မ လာလည်မယ်ဆိုတဲ့အကြောင်း သူ့ အဖေကို ပြောပြဖို့ မှာလိုက်ပါတယ်။ “ကျွန်တော့်အိမ်ကို လာလည်မယ်၊ ဟုတ်လား မစ္စမူဗာနေ။ ကျွန်တော်တို့ ခွေးတွေက ဆရာမရဲ့ ကြက်ခြေထောက် လေးတွေကို ကိုက်ဆွဲ ၀ါးစား ပစ်ကြလိမ့်မယ်။”

“မင်းရဲ့ အဖေကိုသာ ပြောလိုက်စမ်းပါ၊ ငါ လာလည်မယ်ဆိုတာကို။ နောက်ပြီတော့ ငါ့ရဲ့ ကြက်ခြေထောက်လေး တွေလည်း ပါလာမှာ” ကျွန်မက တုံ့ပြန်ပြောလိုက်တယ်။

မြို့လေးရဲ့ အင်မတန်မှ ကျေးလက်ဆန်တဲ့ ရပ်ကွက်တစ်ခုမှာ ဒေးဗစ်တို့ နေထိုင်ကြပါတယ်။ လမ်းတွေ အလွဲလွဲ၊ အမှားမှား ဖြစ်ပြီးသကာလ ခွေးဟောင်သံတွေ ကြားရတဲ့ နေရာအထိ ဆက်လျှောက်ဖို့ကို လမ်းညွှန်ကြတော့တယ်။ ဒေးဗစ်ရဲ့ အိမ်ကို ရှာတွေ့လိုက်တယ်ဆိုရင်ပဲ ကျမဟာ ပါးစပ် ဟောင်းလောင်းဖြစ်သွားရပါတယ်။ အမိုးချွန်ချွန်နဲ့။ ရေပိုက်မရှိ၊ ရေသန့်စင်ခန်း မရှိဘူးလို့တော့ ကြားဖူးထားတယ်။ အဲဒီမှာပေါ့။ တဲရှေ့ အဖီအဆွယ်အောက်မှာ ဒေးဗစ်လေးဟာ ညီအစ်ကို မောင်နှမ တစ်စုနဲ့ စီတန်းလို့။ ရိုရိုသေသေ၊ တိတ်တိတ်ဆိတ်ဆိတ်နဲ့။ အဖွား ဖြစ်ပုံတဲ့ အမျိုးသမီးကြီးက တံခါးဝမှာ ရပ်နေပါတယ်။ ဒေးဗစ်ရဲ့ ဖခင်ကတော့ လှေကားထစ်အဆုံးမှာ ကျွန်မကို ရပ်စောင့်နေတယ်။

ချက်ခြင်းဆိုသလိုပဲ ကျွန်မ စိတ်ထဲမှာ ရှက်ရွံအားနာမှု ဖြစ်မိပါတယ်။ တကယ်တော့ ကျွန်မဟာ ဒေးဗစ်ရဲ့ မိသားစုနဲ့ တိုက်ပွဲ ဆင်နွှဲဖို့ဆိုပြီး မောင်းတင်ရောက် လာခဲ့တာလေ။ ဒါပေမယ့် ကျွန်မစိတ်ထဲမှာ ဒီလူကြီးဟာ သူ အတတ်နိုင်ဆုံး၊ အကောင်းဆုံး ကြိုးစားနေတာပါလားဆိုပြီး စိတ်ထဲမှာ ဖြစ်မိလို့ပါ။ အဲဒီမှာတင် ကျွန်မဟာ မိမိရဲ့ အမြင်သဘောထားကို ပြောင်းလဲပစ်လိုက်ပါတယ်။ ကျွန်မရဲ့ ကြက်ခြေထောက် သေးသေးလေးတွေကိုလည်း ခြံထဲ ၀င်ခွင့်ပြုဖို့ ခွင့်တောင်း ပါတယ်။ ဒီလူကြီးကို မိန့်ခွန်းချွေဖို့ ပြင်ဆင်ထားခဲ့သမျှဟာ သင့်တော် ကိုက်ညီပုံ မရှိတော့ပါဘူး။ ကျွန်မရဲ့ စကားလုံးတွေကို အလျင်စလိုပဲ ပြန်လှန် စစ်ဆေးပစ်လိုက်ပြီးတဲ့ အခါမှာတော့ ထွက်လာခဲ့တာက။ “လူကြီးမင်းရှင့်၊ ကျွန်မလေ ဦးကြီးရဲ့သား ဒေးဗစ်အကြောင်းကို ပြောပြချင်လို့ပါ။ ကျွန်မ တွေ့ကြုံဖူးသမျှ ကျောင်းသူကျောင်းသား များစွာထဲက အင်မတန်မှကို ထူးခြားလှတဲ့ ကျောင်းသားတစ်ဦးပါ။” အင်း… လိမ်ညာမှု တစ်ခုတော့လည်း မဟုတ်ပါဘူးလေ။ သူက ထူးခြားပါတယ်။ ကျွန်မ ဆက်ပြီးတော့ ပြောပြနေခဲ့တယ်။ “လူကြီးမင်းရဲ့ သားဟာ အင်မတန်မှ စမတ်ကျတယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ဒါပေမယ့်လေ ကျွန်မတို့ကျောင်းက သူ့အပေါ်မှာ ဆက်ဆံရေး မကောင်းဖြစ်နေတာပါ။ ကျွန်မလေ အတတ်နိုင်ဆုံး သူ့ကို ကူညီပေးချင်တာပါ။”

“ဆရာမ မစ္စမူဗာနေရယ်။ ကျွန်တော့်ရဲ့သား ဒေးဗစ်ကို ကူညီပေးနိုင်ဖို့အတွက် ဆရာမ ကြိုက်တာသာ လုပ်ပါဗျာ။ အကူအညီပေးချင်တယ်ဆိုပြီးတော့ ဘယ်ဆရာ ဆရာမကမှ ဒီကို တစ်ခေါက်တစ်ကျင်း ရောက်လာဖူးတာ မဟုတ်ဘူး။ သူတို့ဆီက ဒီစာရွက်တွေသာ ပို့လာခဲ့တာ။ ဒါပေမယ့် ကျွန်တော်က စာကောင်းကောင်း ဖတ်တတ်တာ မဟုတ်ဘူးကွ။ အတတ်နိုင်ဆုံး ဖတ်ကြည့်ဖို့ ကြိုးစားပါတယ်။ အမေ့ကလွဲလို့ ဘယ်သူကမှလည်း ကူညီပေးတာ မဟုတ်ဘူး။ အမေကိုယ်တိုင်ကလည်း သိပ်တတ်လှတာ မဟုတ်ပါဘူးဗျာ။”

“လူကြီးမင်းရှင့် … အိမ်မှာ ရေပိုက် မသွယ်ထားဘူးလို့ ကျွန်မ နားလည်ထားပါတယ်။ ကျောင်းမှာတော့ ရှိပါတယ်။ နေ့တိုင်း ကျောင်းမှာ ဒေးဗစ် ရေချိုးလို့ ရမလားဟင်။”

“ဟုတ်ကဲ့ပါ ဆရာမ။ ရပါတယ်။”

“ကျောင်းမှာ အ၀တ်လျှော်စက် တစ်လုံးလည်း ရှိပါတယ်။ သူ့ရဲ့ အ၀တ်အစားတွေကို နေ့တိုင်းလျှော်ဖွပ်ခွင့် ပြုနိုင်မလားဟင်။”

“ဟုတ်ကဲ့ပါ ဆရာမ။ ရပါတယ်။ ကျွန်တော့်သားကို ဆရာမ လုပ်စေချင်တာတွေ လုပ်သာ လုပ်ပါဗျာ။”

“အခုလို အလုပ်တွေ မအားလပ်တဲ့ကြားထဲက ကျွန်မကို လက်ခံစကားပြောချိန် ပေးတာ အင်မတန်မှကိုပဲ ကျေးဇူးတင် လှပါတယ် ဦးကြီးရှင့်။ အလုပ်တွေ အနှောက်အယှက် မဖြစ်လောက်ဘူးလို့ ထင်ပါတယ်။ ဦးကြီးရဲ့ သားကို ကူညီပေးနိုင်ဖို့ ကျွန်မ အတတ်နိုင်ဆုံး ကြိုးစားသွားပါ့မယ်။”

“ဘယ်သူကမှ အဲဒီလို ကြင်နာမှုမျိုး မရှိခဲ့ပါဘူး။ ကျွန်တော့်သားလေး ဒေးဗစ်ဟာလေ စူပါကလေးလေးပါ။ ဆရာမဆီက အကူအညီ နည်းနည်းလောက် ရမယ်ဆိုရင် သူဟာ တကယ့်ကို စူပါစတားလေးတစ်ဦး ဖြစ်လာမယ်လို့ ကျွန်တော် သိနေတယ်။”

အဲဒီတွေ့ဆုံမှုလေးဟာ ကျွန်မ ဘ၀ကိုပါ ပြောင်းလဲစေခဲ့ပါတယ်။ တတိယတန်း ပညာအဆင့်အတန်းမျှသာ ရှိလေတဲ့ လူကြီးတစ်ဦးရဲ့ အတွေးအမြင်ဟာ ပညာတွေ၊ ဘွဲ့တွေ တထမ်းတပိုးကြီး ရထားကြတဲ့ ကျွန်မတို့ ဆရာဆရာမတွေ အားလုံးထက်ကို သာလွန်နေပုံပါပဲ။ ဒေးဗစ်လေး ကျောင်းတက်နေတာ ငါးနှစ်လောက် ရှိပါပြီ။ ဒါပေမယ့် ဘယ်ဆရာ ဆရာမကမှ သူနဲ့ ပတ်သက်လို့ လေ့လာ စူးစမ်းတာမျိုး မလုပ်ခဲ့ဖူးဘူး။ ကောလဟာလ အဆိုးအဖျင်းတွေနဲ့သာ တစ်တန်းပြီး တစ်တန်း၊ ဆရာတစ်ယောက်ပြီး တစ်ယောက် ပြောင်းခဲ့ရတယ်။ ညစ်ပတ်ပေရေနေတဲ့ အမှိုက်ပုံထဲက စူပါစတားကိုတော့ ဘယ်သူကမှ အနီးကပ် မမြင် မတွေ့နိုင်ခဲ့ကြဘူး။ သူ့အဖေက လွဲလို့ပေါ့။ သူ့အဖေဟာလည်း အလကားပါပဲ၊ ဂရုမစိုက်ဘူးလို့ ကျွန်မကလည်း တုံးတုံးအအနဲ့ တွေးထင်မိ ခဲ့ပြန်ပါတယ်။

နောက်နေ့မှာတော့ ဒေးဗစ်ဟာ ဘတ်စ်ကားမှတ်တိုင်မှာ တာဝန်ကျ ဆရာဆရာမတွေရဲ့ အဆူမခံရဘဲ ဖြတ်ကျော်လာ ခဲ့တယ်။ အခမဲ့ နံနက်စာကိုလည်း မစားဘဲ ဖြတ်ကျော်လာခဲ့တယ်။ သူ့ကို ရန်ထောင်၊ ရန်စကြတဲ့ ကလေးတွေကိုလည်း ကျော်ဖြတ်လာခဲ့တယ်။ ကျွန်မရဲ့ စာသင်ခန်းထဲကို အပြေးတပိုင်းနဲ့ အော်ဟစ်ရင်း ၀င်လာခဲ့ပါတယ်။ “အားလုံးပဲ သတိထား ကြဟေ့။ ဆရာမ မစ္စမူဗာနေဟာ မင်းရဲ့ အိမ်ကို လိုက်ရှာလိမ့်မယ်။ အိမ်ကို လိုက်ရှာပြီး မင်းတို့ အဖေကို မင်းဟာ စူပါစတားလို့ ပြောလိမ့်မယ်။ ငါဟာလည်း အခုဆိုရင် ညစ်ပတ်နံစော် မနေတော့ဘူး။ ငါဟာ အခုဆိုရင် စူပါစတားဖြစ်ပြီ။”

အဲဒီ အခိုက်အတန့်ကလေးက စလို့ ဒေးဗစ်ဟာ ပြောင်းလဲသွားတဲ့ ကလေးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ကျွန်မဟာ လည်း ပြောင်းလဲသွားတဲ့ ဆရာမတစ်ဦး ဖြစ်လာခဲ့တယ်။ ရေဘယ်လို ချိုးရမလဲ၊ အ၀တ်အင်္ကျီ ဘယ်လို လျှော်ဖွပ်ရမလဲ၊ တစ်ကိုယ်ရေ သန့်ရှင်းရေး ဘယ်လို လုပ်ရမလဲ ဆိုတာတွေကို ပြသပေးခဲ့တယ်။ နောက်ပြီးတော့လည်း ကျောင်းဝန်ထမ်း တွေကို ဒေးဗစ်လေးအပေါ်မှာ စူပါစတား တစ်ယောက်လိုမျိုး ရှုမြင်ကြဖို့ သင်ပေးခဲ့တယ်။ စားသောက်ခန်းထဲ သွားပြီးတော့ အိမ်က ကလေးတွေအတွက် အစားအစာ အပို ထည့်ပေးလိုက်ဖို့ မှာကြားခဲ့တယ်။ ဒေးဗစ် နာမည်ကို ခေါ်ပြောပုံ ပြောင်းလဲ ပစ်ဖို့ကိုလည်း တစ်တန်းလုံးကို မှာကြားလိုက်ပါတယ်။ “အခုအချိန်ကစလို့ ကျွန်မရဲ့ ကျောင်းသူကျောင်းသားတွေ စားသောက်ခန်းထဲ လာကြတဲ့အခါမှာ ဒီလို ပြောကြစေချင်ပါတယ်။ ဟေး ဒီမှာ စူပါစတားလေးတွေ ရောက်လာပြီလို့။” သူတို့ကလည်း သဘောတူညီခဲ့ကြပါတယ်။

ဆရာဆရာမများ တွေ့ဆုံစည်းဝေးခန်းမှာ အားလုံးကို တောင်းခံလိုက်တယ်။ ကျွန်မရဲ့ ကျောင်းသူကျောင်းသားတွေဟာ မိမိကိုယ်ကို ယုံကြည်မှု တိုးပွားလာစေဖို့ သူတို့ အားလုံးကို စူပါစတားလေးတွေဆိုပြီး တစ်လတိတိ ကျေးဇူးပြု၍ ခေါ်ဝေါ် ပြောဆိုပေးဖို့ပါ။ အစမှာတော့ ဒီအတွေးကို လက်ခံဖို့ သူတို့ တုံ့ဆိုင်းနှောင့်နှေး နေပါသေး တယ်။ ဒါပေမယ့် ကျွန်မက ကတိပေးခဲ့ပါတယ်။ ဒီလိုမျိုးသာ ကူညီခေါ်ဆိုပေးမယ်ဆိုရင် ကျွန်မရဲ့ ကျောင်းသူကျောင်းသားလေးတွေရဲ့ အပြုအမူဟာ အကြီးအကျယ်ပဲ အပေါင်းလက္ခဏာဆောင်လို့ ပိုမို တိုးတက်ကောင်းမွန်လာကြမှာ ဖြစ်တယ်လို့။ ဒေးဗစ်ရဲ့ ပြောင်းလဲလာတဲ့ ပုံစံကို သူတို့ သတိပြုမိထားကြတော့ ပါဝင်ကူညီဖို့ရာ သဘောတူခဲ့ကြပါတယ်။

ဒေးဗစ်ရဲ့ ဖခင်ကလည်း မိဘတွေအားလုံးကို စူပါစတားတွေဆိုပြီး ရှုမြင်ပေးဖို့ ကျွန်မကို သင်ပြပေးခဲ့တာပါ။ သူ့မှာ ပိုင်ဆိုင်ထားတဲ့ အသိအမြင်၊ စွမ်းဆောင်နိုင် သလောက်၊ ရှိသမျှလေးနဲ့ သူဟာ အကောင်းဆုံး လုပ်ဆောင်နေသူ တစ်ဦးပါပဲ။ ဆူပူ ပြစ်တင်နေတာတွေကို ရပ်တန့်လိုက်ပြီး မိတ်ဆွေဖွဲ့ ပူးပေါင်းဆောင်ရွက်လို့ အဖြေရှာကြတဲ့အခါမှာတော့ ကလေးတွေ၊ မိဘတွေနဲ့ ဆရာဆရာမတွေ အားလုံး အောင်ပွဲ ဆင်နိုင်ခဲ့ကြတာပါ။

ဇယနိုင်

Any Kid Can be a superstar! Maureen G. Mulvaney (MGM) 

Powered by Bullraider.com

Notice: Undefined index: data in /home2/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238