အလင်းသင်ရိုးများဖြင့် စိတ်ယဉ်ကျေးမှု တံတားခင်းကြပါစို့

တွေးခေါ်ဆင်ခြင်မှု၊ ဘာသာရေးနှင့် နိုင်ငံရေးစနစ်အသီးသီး၏ အန္တိမ ရည်မှန်းချက်မှာ 'ငြိမ်းချမ်းရေး' ဖြစ်သည်ကို လေ့လာ တွေ့ရှိနိုင်ပါသည်။

ထို့ပြင် စည်ပင်ဖွံ့ဖြိုးခြင်းနှင့် လူမှုစီးပွား ဖူလုံလောက်ငမှုကိုလည်း မျှော်လင့် တောင့်တကြ၏။ ငြိမ်းချမ်းရေးနှင့် စည်ပင်သာယာရေးတို့ အတွက် ရုန်းကန်လှုပ်ရှားခြင်း၊ ပြုပြင်ပြောင်းလဲခြင်း၊ ယုံကြည်ရာအတိုင်းတည်ဆောက်ကြခြင်းနှင့် အတွေးအမြင်သစ်များ ဖွဲ့စည်းခြင်းတို့ကို သမိုင်းတွင် စဉ်ဆက်မပြတ်  ကြိုးစားခဲ့ကြသည်။ ကြိုးစားနေကြဆဲပင်။ လူသားတို့၏ ဤခရီးမှာ မည်မျှတွင်နေပါသနည်း။

 အသိဉာဏ်ပညာ ကြီးမြင့်လာခြင်းနှင့်အတူ သာယာလှပသော နေချင်စဖွယ် လူ့အသိုက်အမြုံတို့ကို ရရှိ ခံစားနေကြသည့် ဒေသများစွာ ရှိနေလေပြီ။ ငြိမ်းချမ်းရေးနှင့် လိုက်လျောညီထွေ သဟဇာတ ဖြစ်နေသည့် ထိုထိုသော ယဉ်ကျေးမှုတို့ကို စံပြုထားအပ်သည်မှာ ထင်ရှားလှသည်။ ကျောင်းပညာရေးအနေဖြင့် မျက်မှောက် မြန်မာနှင့် ကမ္ဘာကြီးတွင် လိုအပ်လျက်ရှိသည့် ငြိမ်းချမ်းရေးယဉ်ကျေးမှုကို စတင် မိတ်ဆက်ပေးရန် တာဝန်ရှိသည်ဟု ယုံကြည်ထားပါသည်။ ဒီမိုကရေစီရေးနှင့် ငြိမ်းချမ်းသောယဉ်ကျေးမှုကို စတင်ပျိုးထောင်ပေးနေသည့် နေရာများအနေဖြင့် ကျောင်းစာသင်ခန်းများ၏ အရေးပါမှုကို အသိအမှတ်ပြုနေကြရသည်။ ဤတွင် မေးခွန်းထုတ်စရာ ရှိနေလေသည်။

ကျောင်းစာသင်ခန်းများအတွင်း ကျင့်သုံးနေသည့် စည်းမျဉ်းများ၊ နည်းလမ်းများနှင့် သင်ရိုးညွှန်းတမ်းများက  ဒီမိုကရေစီနှင့် ငြိမ်းချမ်းသော ယဉ်ကျေးမှု ဖွံ့ဖြိုးစေမည့် လူ့အဖွဲ့အစည်းအတွက် မည်သို့ ပြင်ဆင်ပေးနေပါသနည်း။ နှစ် ၄ဝ ကျော် မြန်မာ့ ပညာရေးခရီးတွင် သင်ရိုးညွှန်းတမ်းများကို အခြေခံကျကျ မပြောင်းလဲနိုင်သေးပါ။  နည်းပညာနှင့် ခေတ်စနစ်များက ပြောင်းလဲမှုကို တောင်းဆိုနေပြီ ဖြစ်သည်။  မတူသော ယဉ်ကျေးမှုများ သဟဇာတဖြစ်ရေးနှင့် ပုဂ္ဂလအစွဲ၊ ဂိုဏ်းဂဏအစွဲ လျော့နည်းရေးအတွက် အခြေခံစိတ်ယဉ်ကျေးမှုကို တည်ဆောက်ကြရာဝယ် ကျောင်းသင်ရိုးများနှင့် ကျောင်းတွင်း ဆက်ဆံရေးတို့မှာ အရေးပါလာခြင်းပင်။ ရှင်သန်၊ နိုးကြားနေသော ကျောင်းများက  ပျိုးထောင်ပေးလိုက်သည့် ငြိမ်းချမ်းသော စိတ်နှလုံးသားတို့မှာ မြန်မာ့လူ့အဖွဲ့အစည်း၏ ငြိမ်းချမ်းရေး၊ တန်းတူညီမျှရေးနှင့် အရှည်တည်တံ့မည့် ဖွံ့ဖြိုးရေးတို့အတွက် အသေချာဆုံးပင်ဖြစ်၏။

ဤစိတ်ယဉ်ကျေးမှုကို ပြင်ဆင်ပေးရန် မပျက်ကွက်သင့်ပါ။

သင်ရိုးညွှန်းတမ်း လွတ်လပ်ခွင့်များ၊ ပြောင်းလဲခွင့်များ၊ အသစ်ဖန်တီးခွင့်များ ရရှိကြသင့်ပါသည်။ လူ့အဖွဲ့အစည်း၏ အားသာချက်များ၊ မျှော်လင့်ချက်များနှင့် တူရူချက်များကို ဗဟိုပြုထားသည့် သင်ရိုးများတွင် ငြိမ်းချမ်းရေး ယဉ်ကျေးမှုကိုလည်း ဖြန့်ကျက် လွှမ်းခြုံစေ သင့်ပါသည်။ ၅ နှစ် အရွယ် မြန်မာငယ်တို့သည် ပူးပေါင်း ဆောင်ရွက်နိုင်မှုနှင့်အတူ ဖွင့်လှစ်ထားသော စိတ်ပြတင်းများဖြင့် သူငယ်တန်း စာသင်ခန်းများသို့ ဝင်ရောက် လာကြခြင်းဖြစ်၏။ သူတို့လေးတွေ၏ ရှိနှင့်ပြီးသော စိတ်ယဉ်ကျေးမှု ဆက်လက်ဖွံ့ဖြိုးရန် အလင်းသင်ရိုးများဖြင့် တံတားခင်းခြင်းလည်း မည်ပါသည်။

ငြိမ်းချမ်းရေးအတွက် အခရာကျသော လူသားဗဟိုပြုတရား ထွန်းကားပါစေ။

မောက္ခပညာရေး မဂ္ဂဇင်း (ဒီဇင်ဘာ ၂ဝ၁၁)

Powered by Bullraider.com

Notice: Undefined index: data in /home/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238