ဝသုနြေ္ဒ၊ ဤမြေပံသု၊ သိလာထုလည်း၊ သက်သေအမှု တည်စေသော် (အယ်ဒီတာ့အာဘော်)

နှစ်စဉ်နှစ်တိုင်း ဧပြီလ ၂၂ ရက်နေ့မှာ ကလေးများနဲ့ လူကြီးတွေ အတူတကွ ပူးပေါင်းပြီး မြေကမ္ဘာနေ့ကို ကျင်းပကြပါတယ်။ ကမ္ဘာကြီးကို ဘယ်လို စောင့်ရှောက် ကာကွယ်ကြမယ် ဆိုတာကို လေ့လာတယ်။ ရပ်ရွာထဲက အမှိုက်တွေကို သန့်ရှင်းရေးလုပ်မလား၊ သဘာဝ ပစ္စည်းနဲ့ ရိုးရာထည်တွေ လုပ်မလား၊ စွန့်ပစ် ပစ္စည်းတွေကို ပြန်လည် အသုံးပြုမယ့် နည်းလမ်းတွေ ရှာမလား ဒါမှမဟုတ် ကမ္ဘာကြီး ပိုပြီး ပူနွေးလာတာတဲ့ အကြောင်းကို ဆွေးနွေးကြမလား၊ တစ်ခုခုကို အတူတူ လုပ်ကြပါတယ်။

ပထမဆုံး မြေကမ္ဘာနေ့ ကျင်းပခဲ့တာ အနှစ်လေးဆယ် ကြာခဲ့ပြီးတဲ့နောက် ကမ္ဘာကြီးဟာ အရင်ကထက်ကို ပိုမိုလို့ အန္တရာယ်ဆိုးတွေ ကြုံတွေ့နေပါပြီ။ ရာသီဥတု ပြောင်းလဲခြင်းဟာ ဒီကနေ့ခေတ်ရဲ့ အကြီးမားဆုံး စိန်ခေါ်မှုဖြစ်သလို အကြီးမားဆုံး အခွင့်အလမ်း တစ်ခုလည်း ဖြစ်ပြန်တယ်။ အရင်တုန်းက မရှိသေးတဲ့ အခွင့်အရေးပါ။ ပိုမိုကျန်းမာတဲ့၊ သာယာဝပြောတဲ့၊ သန့်ရှင်းတဲ့၊ စွမ်းအင် လုံလောက်တဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ဖို့ အခွင့်အလမ်းပါ။

၂၀၁၃ ဒီနှစ်အတွက် မြေကမ္ဘာနေ့မှာ မြန်မာ့ ရေမြေတောတောင် သဘာဝပတ်ဝန်းကျင်တို့ရဲ့ တောင်းဆိုသံ၊ ငိုကြွေးသံများနဲ့ စိုးရိမ်သံတွေကို နားစွင့်ကြည့်ကြရအောင်ပါ။

မြန်မာ့ တောတွေဟာ နာကျင် ကြေကွဲနေတယ်။ သူမရဲ့ ရင်ခွင်ထဲက မြစိမ်းရောင်တွေ ပျောက်ဆုံးခဲ့ရပြီ။ မြန်မာ့ ထုပ်တန်း၊ ဒိုင်းမြားတွေ အပိုင်းအပိုင်း၊ အလဲလဲ။ မြန်မာ့ရေသောက်မြစ်တွေ ခရီးမဆက်နိုင်တော့ပြီ။ ရွာသူ အိမ်ပြန်ချိန်အတွက် တောတွေဟာ လမ်းအမှတ်အသားကို မချန်ထားနိုင်တော့။ ရွာသားတွေကို ပြေးကြ၊ ပြေးကြဟေ့လို့ သတိပေးဖို့ တော်လည်းသံတွေ ဆိတ်ငြိမ်နေခဲ့ပြီ။ 

မြန်မာတို့ရဲ့ တောင်တွေဟာလည်း ဦးခေါင်းငိုက်ဆိုက်ကျလို့။ ပြန်လည် ရှင်သန်နိုင်စွမ်း ဘယ်သောအခါမှ မဖြစ်နိုင်တော့တဲ့ အနေအထားနဲ့ ပုံလျက်သား ပြိုလဲနေတယ်။

မြန်မာ့ရေတွေဟာ သောက်သုံးဖို့အတွက် မကြည်လင်နိုင်သေးပါ။ ရေတစက်တိုင်းမှာ နိုင်ငံရဲ့ သဘာဝသမိုင်းဟာ ခန်းခြောက်လို့နေတယ်။

မြန်မာ့မြေဟာ ဟတ်တက်ကွဲတဲ့ ဒဏ်ရာတွေနဲ့ သွေးစိမ်းရှင်ရှင် ထွက်နေဆဲ။ ချုပ်ရိုး အပိုင်းအပိုင်းနဲ့ ပံသကူတစရဲ့ ခံစားမှုနဲ့အတူ ဝေဒနာ ဧက များစွာအတွက် ပိုင်ရှင်ဟောင်းတွေ ပြန်ရောက်လာဖို့ မရဲတရဲ မျှော်လင့်ချက်နဲ့။ မကျန်းမာတဲ့ သူ့ရင်ခွင်မှာ ချစ်တဲ့ လူထုအတွက် နေစရာ မရှိမှာကို စိုးရိမ်နေရပြီ။ ဟားတိုက် ရယ်မောနေသူတို့၊ ဂုတ်သွေး စုပ်နေသူတို့၊ အောင်ပွဲခံနေသူတို့ကို မမျိုရက်နိုင်လောက်အောင် ကြင်နာလွန်းလှတယ်။ ၀သုနြေ္ဒ၊ ဤမြေပံသု၊ သိလာထုလည်း၊ သက်သေအမှု တည်စေသော်။

မြန်မာတွေ ရေရှည်တည်တံ့ဖို့အတွက် မြန်မာတို့ရဲ့ တောတွေ၊ တောင်တွေ၊ မြစ်ချောင်း အင်းအိုင်၊ သစ်ပင်ပန်းမန်တွေ ကျန်းမာနေမှ၊ ရွှင်လန်း ချမ်းမြေ့နေမှ ဖြစ်ပါမယ်။ ဒါဟာ မျိုးဆက်သစ်တွေအတွက် အကောင်းဆုံး လုပ်ဆောင်ချက်လည်းဖြစ်တယ်။ ကျွန်တော်တို့ချည်းပဲ စားသုံးသွားလို့၊ ရောင်းချသွားလို့၊ ချေးငှါးသွားလို့ မဖြစ်သေးဘူးဆိုတာကို သဘောပေါက်ဖို့ ကောင်းပါပြီ။

၂၀၁၃ ခုနှစ် မြေကမ္ဘာနေ့ဟာ အလှည့်အပြောင်းတွေ အတွက် ဖြစ်နိုင်ပါတယ်။ ရာသီဥတုဆိုင်ရာ မူဝါဒ၊ စွမ်းအင်လုံလောက်ရေး၊ စွမ်းအင်ပြန်လည်အသုံးချရေး၊ အစိမ်းရောင် အလုပ်အကိုင်များ စတာတွေကို တိုးတက် လုပ်ဆောင်ဖို့ပါ။ ရေရှည်တည်တံ့ ဖွံ့ဖြိုးရေး အတွက် အာရုံစိုက် လုပ်ကြရမှာ ဖြစ်ပါတယ်။ တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းဖြစ်စေ၊ စီးပွားရေးလုပ်ငန်းတွေဖြစ်စေ၊ အစိုးရများဖြစ်စေ အတူတကွ လက်တွဲပြီးတော့ ပိုမိုစိမ်းလန်းစိုပြေတဲ့ လူ့အဖွဲ့အစည်းဖြစ်စေဖို့ ကြိုးပမ်းကြရမှာဖြစ်ပါတယ်။

နိုင်ငံ ၁၉၀ က ပြည်သူ သန်းတစ်ထောင်နဲ့အတူ မြန်မာကျောင်းဆရာဆရာများ၊ ကျောင်းသူကျောင်းသားများလည်း မြေကမ္ဘာနေ့ကို လှုပ်လှုပ်ရှားရှား၊ နိုးနိုးကြားကြား ကျင်းပကြပါစို့။

မြေကမ္ဘာရေ့ ကျွန်တော်၊ ကျွန်မတို့ရဲ့ မှားယွင်းခဲ့မှုတွေအတွက် ရှိခိုးကန်တော့ တောင်းပန်ပါရစေ။

အယ်ဒီတာ

မောက္ခပညာရေးမဂ္ဂဇင်း

Powered by Bullraider.com