ကြေကွဲဖွယ် ကမ္ဘာ့ဆရာများနေ့ မြင်ကွင်း

အောက်တိုဘာ ၅ ရက်နေ့သည် ကမ္ဘာ့ဆရာများနေ့ ဖြစ်ပါသည်။ ရန်ကုန်မြို့တွင် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို နိုင်ငံတော်က ကြီးမှူးကျင်းပပေးမှု ရှိ၊ မရှိ သတင်းမကြားရ။ နေပြည်တော်တွင်တော့ ကမ္ဘာ့ဆရာများနေ့ကို နိုင်ငံတော်က ကြီးမှူးကျင်းပနေကြောင်း သတင်းကြားရသည်။ ကမ္ဘာ့ဆရာများနေ့ ဆိုသည်မှာ နေပြည်တော် တစ်ခုတည်းနှင့်သာ ဆိုင်သည်မဟုတ်။ မြို့တိုင်း၊ နယ်တိုင်း၊ ရပ်တိုင်း၊ ရွာတိုင်း စာသင်ကျောင်းရှိသည့် နေရာတိုင်း၊ ဆရာရှိသည့် နေရာတိုင်း၊ ကျောင်းသားရှိသည့် နေရာတိုင်း လေးစားစွာ ဂါရဝပြုပြီး ဂုဏ်ယူကျင်းပကြရမည့်ပွဲ၊ နိုင်ငံ့ပွဲ၊ ကမ္ဘာ့ပွဲတစ်ပွဲ ဖြစ်သင့်ပါသည်။

ယနေ့ နံနက် နိုင်ငံတကာ သတင်းတစ်ပုဒ်တွင် ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုသည့်အနေနှင့် ဆရာမတစ်ဦးက စာတမ်းလေးတစ်စောင် ကိုင်ထားသည်ကို မျက်စိထဲက မထွက်နိုင်အောင် ဖြစ်ခဲ့ရသည်။ ထိုစာတမ်းတွင် “My teacher taught me : Treat others how you want to be treated” ဆိုသည့် စာတမ်းလေး ဖြစ်သည်။ ထိုစာတမ်းကို တွေ့ပြီးနောက် ပညာရေးဌာန အနေနှင့် ဆရာ၊ ဆရာမများအပေါ်တွင် မည်သို့သဘောထား ဆက်ဆံနေပါသနည်း ဆိုသည့် မေးခွန်းကို မေးမိတော့သည်။

အောက်တိုဘာ ၅ ရက်နေ့တွင် ကျင်းပသည့် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို ရန်ကုန်မြို့ရှိ ကျဉ်းမြောင်း ကျပ်တည်းလှသည့် အခန်းတစ်ခန်းအတွင်း မထင်မရှား ကျင်းပနေကြရသည်။ ဦးဆောင် ကျင်းပနေသူများကလည်း ပညာရေးဌာနနှင့် အစိုးရက တရားဝင် ခွင့်ပြုထားခြင်း မရှိသေးသော မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများအဖွဲ့ချုပ်က ဆိုသဖြင့် တက်ရောက်လာသူများပင် သူပုန်ယောင်ယောင်၊ အစိုးရ ဆန့်ကျင်ရေးသမားများ ယောင်ယောင် ဖြစ်ခဲ့ကြရသည်။

အခမ်းအနားတွင် “ဗုဒ္ဓသည် ကမ္ဘာ့ဆရာ” ဆိုသည့် အဖွင့်အမှာစကားကို အငြိမ်းစား ပညာရေးဌာန ပါမောက္ခကြီးတစ်ဦးက ပြောကြားပြီး ဖွင့်လှစ်ခဲ့သည်။ ဘုရားနှင့် တစ်ဂိုဏ်းတည်းထားကာ လေးစားမြတ်နိုးခြင်း ခံနေရသည့် ဆရာများဘဝသည် ယခုတော့ ပုန်းလျှိုးကွယ်လျှိုး အခန်းတစ်ခုအတွင်း ကမ္ဘာ့အထိမ်းအမှတ်နေ့ကို ကျင်းပနေရသောကြောင့် စိတ်မကောင်းစရာ မြင်ကွင်းတစ်ခု ဖြစ်ခဲ့ရသည်။

ဆရာများနေ့ အခမ်းအနားသို့ Education International, Asia Pacific Region မှ Chief Coordinator တစ်ဦးဖြစ်သူ Shashi Bala Singh က သဝဏ်လွှာပို့သည်။ ယင်းသဝဏ်လွှာတွင် အရည်အသွေး ပြည့်ဝသည့် ပညာရေးဖြစ်ရန်အတွက် “Better Education for a Better World” ဆိုသည့် ဆောင်ပုဒ်ကို ရည်ညွှန်းထားသည်။ ပညာရေးကောင်းမှ ကမ္ဘာလောကကြီးလည်း ကောင်းမည်။ ပညာရေးကောင်းလျှင် မည်သည့်လောကမဆို ကောင်းနိုင်မှန်း သိလျက်နှင့် အိပ်ပျော်နေသူများ၊ ယနေ့အထိ မြန်မာ့ပညာရေးကို မည်သည့်လမ်းနှင့် လျှောက်လှမ်းကြရမည်မှန်း မသိသေးသဖြင့် စမ်းတစ်ဝါးဝါး ဖြစ်သူများအတွက် တပ်လှန့်နှိုးသည့် စကား ဖြစ်နိုင်ပါသည်။

၂၀၁၄ ခုနှစ် ကမ္ဘာ့ဆရာများနေ့အတွက် ဆောင်ပုဒ်မှာ “Invest in the future, Invest in teachers” ဖြစ်ပါသည်။ မြန်မာ့ပညာရေးတွင် အနာဂတ်အတွက် မည်မျှ ရင်းနှီးမြှုပ်နှံပြီးပြီနည်း။ အဖိနှိပ်ခံ ဆရာများဘဝကို ဆက်လက် နာလန်မထူနိုင်စေရန် ဖိထားပြီး သေးသိမ်သော စိတ်ဓာတ်များဖြင့် နေထိုင်ကြရန် ရင်းနှီးမြှုပ်နှံ ပေးမည်လော၊ ဒီမိုကရေစီ ပညာရေးဖြင့် ရင်းနှီးမြှုပ်နှံမည်လော စဉ်းစား အဖြေရှာချိန် ရောက်နေပြီ ဖြစ်သည်။

အခမ်းအနားတွင် အငြိမ်းစားဆရာကြီးတစ်ဦးက “စည်းကမ်းရှိသော ဒီမိုကရေစီ” ဆိုသည့် နှောင်ကြိုးတည်းထားသော ဒီမိုကရေစီဖြင့် ပန်းတိုင်မရောက်နိုင်ဟု ဆိုပါသည်။ ဒီမိုကရေစီကို “စည်းကမ်းရှိသော” ဆိုသည့် နှောင်ကြိုးဖြင့် မည်သူ ထူးသွားခတ်သနည်း။

အယ်ဒီတာ (၅.၁၀.၂၀၁၄)

Powered by Bullraider.com