ကလေးများကို စကားပြောတာ ဘယ်လောက်အရေးကြီးသလဲ

http://learningtoolsfortoddler.com/wp-content/uploads/2015/05/parent-children-talking.jpg

ကလေးငယ်လေးတွေ၊ မွေးကင်းစလေးတွေဖြစ်ဖြစ် စကားပြောပေးဖို့ အရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့ ကလေးတွေကို စကားများများ ပြောပေးရင် သူတို့ စကားပြောဆိုတာ၊ ပေါင်းသင်းဆံတတ်တာတွေမှာ အရမ်းကို ထူးချွန်သွားတတ်လို့ပါပဲ။

များများပြော များများကောင်း

ကလေးငယ်လေးတွေကို လူကြီးတွေကို စကားပြောပေးပါ။ သူတို့ ဘာသာစကား ဖွံ့ဖြိုးတိုးတက်မှုကို အများကြီး အထောက်အကူဖြစ်စေပါတယ်။ များများပြောလေ ကလေးတွေအတွက် များများကောင်းလေပါပဲ။

ကလေးတွေကို များများပြောတော့ ကလေးတွေဟာ အသံတွေ စာလုံးတွေရဲ့ ကွဲပြားတဲ့ ခြားနားချက်တွေကို မှတ်သားထားနိုင်ပါတယ်။ သူတို့ကို မသိဘူးတော့ မထင်လိုက်ပါနဲ့။ သူတို့စိတ်ထဲမှာ မှတ်ထားမယ်။ သရုပ်ခွဲ နေမယ်။ သုံးကြည့်နေမယ်။ သူ့ကိုစကားပြောနေတဲ့သူတွေနဲ့ ထပ်တူပြုကြည့်နေလိမ့်မယ်။

သူတို့ကို စကားပြောနေတာ သူတို့ဦးနှောက်တွေကို အလုပ်လုပ်စေတာ။ သူတို့ဦးနှောက်တွေကို ဖွံ့ဖြိုးအောင် အထောက်အကူပြုနေတာလည်း ဖြစ်ပါတယ်။ တစ်နည်းပြောရရင် သူတို့ကို စကားပြောနေတာ ကျောင်းနေဖို့ ပြင်ဆင်ပေးတာလို့လည်း ယူဆနိုင်ပါတယ်။

ဘာတွေပြောမလဲ

ကလေးအရွယ်တွေဆိုတော့ အကြီးကြီးတွေ လက်ခံနိုင်ဦးမှာ မဟုတ်ဘူးပေါ့။ ဒါကြောင့် မိသားစုဘဝ အိမ်ထဲမှာ နေ့စဉ် ပြောဆို သုံးစွဲနေတဲ့ စကားလုံးလေးတွေလောက်ပဲပြောပါ။ သာမန် ရိုးရိုး စကားလုံးလေးတွေလောက် ပြောနိုင်အောင် ကြိုးစားကြည့်ပါ။

ဥပမာ အပြင်ကို ကလေးနဲ့ ထွက်ရင် သစ်ပင်လေးတွေကို လက်ညှိုးနဲ့ ထိုးပြတာမျိုးပေါ့။ “သစ်ပင် အကြီးကြီး” လို့ ပြောလိုက်မယ်။ သူက သစ်ပင်ဆိုတာလည်း မှတ်ထားမယ်။ အကြီးကြီးဆိုတဲ့ အရွယ်ပမာဏကိုလည်း မှတ်ထားလိမ့်မယ်။ သူစိတ်ဝင်စားရင် ပြူးကြည့်မယ်။ စိတ်မဝင်စားရင် အိပ်သွားလိမ့်မယ်။

ဘယ်လောက်ပြောပေးရမလဲ

ကလေးတွေကို စကားပြောနိုင်သလောက် ကောင်းပါတယ်။ ဒါကြောင့် သူတို့နဲ့ တစ်နေ့တာ ထိတွေ့ခွင့်တွေ ရတဲ့ အခိုက်အတန့်လေးမှာ ပြောနိုင်သလောက် ပြောကြည့်စေချင်ပါတယ်။

ကလေးတွေဆိုတာ ကိုယ်ပြောရင် လိုက်ပြောတာ ရှိသလို၊ မပြောချင်ရင်လည်း ပြူးကြည့်ပြီး မှိန်းနေတတ်တာ လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ သူတို့ပင်ပန်းပြီး အိပ်ချင်လို့ မျက်လုံးတွေ ပွတ်သတ်နေရင်တော့ မပြောပါနဲ့ တော့။ ငြိမ်ပြီးတော့ဖြစ်ဖြစ် ရယ်ပြီးတော့ ဖြစ်ဖြစ် တုံ့ပြန်နေရင်တော့ ပြောဖို့အရမ်းကောင်းတယ်။

ကလေးတွေမှာလည်း စရိုက်အမျိုးမျိုးရှိတယ်။ အချို့က သူတို့စိတ်ထဲရှိတာကို ဖော်ထုတ်တတ်တာမျိုးရှိသလို၊ အချို့ကလည်း ငြိမ်ပြီးတော့ နေတတ်တာမျိုးတွေရှိနိုင်တယ်။ ကလေးအထာကို မိဘက အသိဆုံးပဲ။ ဒါကြောင့် ပြောလို့ရတဲ့အချိန်၊ သူလက်ခံပုံပေါက်နေတဲ့အချိန် များများသာ ပြောစေချင်ပါတယ်။

ဘယ်ကစပြောမလဲ

ဘယ်လောက်ငယ်ငယ် ပြောနိုင်သမျှ ပြောကြမယ်။ ကလေးဆိုတာ မွေးဖွားပြီးကတည်းက တစ်ခုခုကို သင်ယူဖို့ အမြဲ ငံ့လင့်နေကြသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကို မြှူချော့တာဖြစ်ဖြစ် စကားလေးတွေ ပြောပေးနေ တာဟာ သူတို့အတွက် သာယာဖွယ်ရာ ဖြစ်စေနိုင်ပါတယ်။

ကလေးကို စကားပြောပေးနေတာ သူတို့ကို ချော့သိပ်သလိုလည်း ဖြစ်စေနိုင်တာ သတိပြုသင့်တယ်။ မွေးစကလေးတစ်ယောက်ဟာ ဘယ်လို့စကားပြောနိုင်မှာလဲထင်ပြီးတော့ မပြောဘဲထားလေ သူတို့ မှတ်သား နာယူသင့်တာတွေဟာ ပိုပြီး ဝေးသွားလေ ဖြစ်သွားနိုင်တယ်။

သူတို့ဟာ ငိုနေလည်း မိခင်ကိုကြည့်နေတာ။ မျက်လုံးချင်း ဆက်သွယ်နေတတ်တာ။ ဒါကြောင့် သူတို့ ပြောချင် တာတွေကို မိခင်ထံကဖြစ်ဖြစ် တစ်ခုခုကြားလိုက်တာနဲ့ အရမ်းကို ကြည်နူးသာယာသွားတတ်ပါတယ်။ ဒါကြောင့် ပြောကြည့်ပါ သူတို့ဆီက အပြုံးနဲ့ဖြစ်စေ၊ အသံနဲ့ဖြစ်စေ၊ ကိုယ်ခန္ဓာလှုပ်ရှားမှုနဲ့ဖြစ်စေ တုံ့ပြန်မှုကို ရနိုင်ပါလိမ့်မယ်။

ကလေးတွေကို ပြောကြည့်ပါ။ သူတို့ဆီက အာရုံစိုက်မှုကို ရလာပြီဆိုရင် သူတို့တစ်ခုခုတုံ့ပြန်လိမ့်မယ်။ အဲဒီ အချိန်မှာ စပြောသင့်ပါတယ်။

ကလေးတွေနဲ့ စကားပြောမယ်ဆိုရင်

ကလေးငယ်တွေနဲ့ အများဆုံးစကားပြောဖို့သင့်တဲ့ သူတွေကတော့ သူတို့ရဲ့ မိခင်တွေဖြစ်ပါတယ်။ သူတို့ကို နို့တိုက်နေချိန်မှာဖြစ်စေ၊ ထမင်းခွံ့ကျွေးနေချိန်မှာဖြစ်စေ၊ ရေချိုးပေးနေချိန်မှာဖြစ်စေ၊ သူတို့နဲ့အတူတူ ခရီး သွားနေချိန်ဖြစ်ဖြစ်၊ အိပ်ရာထဲမှာဖြစ်ဖြစ် အတူရှိနေချိန်တိုင်း စကားပြောပေးသင့်ပါတယ်။

ကလေးတွေကို စကားပြောမယ်ဆိုရင် သတိထားသင့်တာလေးတွေကတော့

-       သူတို့ကို အာရုံနောက်စေတာတွေကို မလုပ်ပါနဲ့။ ဖုန်းပြောနေစဉ် မလုပ်ပါနဲ့။ ဖုန်းတွေကို ချထား လိုက်ပါ။ တီဗီတွေ ဖွင့်ထားရင်လည်း ပိတ်ထားလိုက်ပါ။ ကွန်ပျူတာ သုံးနေရင်း Facebook ပွတ်နေရင်း လည်း သူတို့ကို မပြောပါနဲ့။ကလေးကို စကားပြောချိန်ဟာ ကလေးကိုပဲ အာရုံစိုက်ထားနိုင်တဲ့ အချိန် ဖြစ်ဖို့လိုပါတယ်။

-       သူ ကိုယ့်ကိုယ် ဘယ်လိုပြန်ပြီးတော့ တုံ့ပြန်သလဲဆိုတာ မှတ်ထားပါ။ သူက ဘယ်လိုမှ မတုံ့ပြန် မဆက်သွယ်၊ အသံမပေးဘူးဆိုရင်တော့ သူ့မျက်လုံးလေးတွေက စကားပြန်ပြောနေပါလိမ့်မယ်။ နည်းနည်းကြီးလာတဲ့ ကလေးတွေဆိုရင်လည်း ခွေးကိုလက်ညှိုးထိုးပြပြီး “ဟိုခွေးကြီးက အဖြူရောင် ကြီး၊ သူဘာလုပ်မလဲ မသိဘူး” ဆိုတာတွေပြောကြည့်ပါ။

-       စကားပြောတယ်ဆိုလို့ လူကြီးကို ပြောသလို ပြောလို့မရဘူး။ ရေပက်မဝင်အောင် ပြောဖို့ မဟုတ်ဘူး။ ပြောလိုက်။ နားလိုက်။ ညွှန်ပြလိုက်။ သူက ကိုယ်ညွှန်ပြတာကို လိုက်ကြည့်မယ်။ မှတ်သားနေတာ တွေကို သတိထားမယ်။ မှတ်သားနိုင်အောင် သူတို့ကို အချိန်ပေးရမယ်။

-       မပြောသင့်တော့ရင် ဆက်မပြောပါနဲ့။ ကလေးက ပင်ပန်းနေပြီ။ အိပ်ချင်နေပြီ၊ စိတ်ဆိုး ဒေါသထွက် နေပြီ ဆိုရင် ရပ်လိုက်ပါ။ သူတို့ကို စိတ်ပျက်အောင် ဆက်ပြီးတော့ စကားမပြောပါနဲ့။ အနား ပေးလိုက်ပါ။

-       ကလေးကို သူအာရုံစိုက်နေတဲ့ ဝန်းကျင်က ပစ္စည်းတွေအကြောင်းပဲ ပြောနိုင်ရင် ပိုကောင်းပါတယ်။ ဥပမာ ရောင်စုံဘလောက်တုံးလေးတွေနဲ့ ကစားနေချိန်ဆိုရင် “အနီရောင်၊ အဖြူရောင်၊ ပန်းရောင်၊ အစိမ်းရောင်” ဆိုပြီး အရောင်တွေကို ခွဲခြား ပြောတမျိုးတွေ လုပ်သင့်ပါတယ်။

-       သူတို့ စိတ်ဝင်စားနိုင်တဲ့စကားတွေဖြစ်တဲ့ “ဖေဖေ၊ မေမေ၊ ကိုကို၊ မမ၊ ဦးဦး၊ ဒေါ်ဒေါ်၊ ဘိုးဘိုး၊ ဘွားဘွား” စတဲ့ စကားလုံးတွေကို အစောပိုင်းကတည်းက ပြောပြသင့်ပါတယ်။

စာဖတ်ပြပါ၊ ပုံပြောပြပါ၊ သီချင်းဆိုပြပါ

-       ကလေးတွေကို ပုံတွေပါတဲ့ စာအုပ်တွေပြပြီး အောက်ကစာတွေ ဖတ်ပြတာမျိုး၊ ပုံပြောပြတာမျိုးတွေ လုပ်ပေးဖို့လိုပါတယ်။ နားလည်တဲ့အရွယ်တွေရောက်လာရင် ပုံပြင်တွေဟာ သူတို့အတွက် အကောင်း ဆုံး အဖော်မွန်တွေ ဖြစ်လာတတ်ပါတယ်။ သူတို့က ပုံပြောပြပါလို့ တောင်းဆိုလာတာမျိုးတွေကို ဘယ်တော့မှ မငြင်းပါနဲ့။ သူတို့အတွက် နေ့တိုင်း စာဖတ်ပြဖို့နဲ့ ပုံပြောပြဖို့ အချိန်တစ်ချိန် သတ်မှတ် ပေးထားသင့်ပါတယ်။

-       ရုပ်ပုံပါတဲ့ စာအုပ်လေးတွေကို သူတို့ကိုပြပြီး ကိုယ်ကလည်းပြော၊ သူတို့စိတ်ထဲ ရှိတဲ့အတိုင်း ပြောတာကိုလည်း နားထောင်ပေးစေချင်ပါတယ်။ ကလေးတွေကို ကိုယ်တိုင် ပုံလေးတွေကို လက်ညှိုးနဲ့ ထောက်ပြပြီး ပြောပြနိုင်အောင် လေ့ကျင့်ပေးစေချင်ပါတယ်။

-       ကလေးဟာ ပုံပြစာအုပ်လေးတွေကို သဘောကျတယ်ဆိုရင် သူတို့ကို ပုံများများပါတဲ့ စာအုပ်လေးတွေ ဝယ်ပေးပြီး အရုပ်တွေ စာတွေနဲ့ ပျော်မွေ့အောင် လေ့ကျင့်ပျိုးထောင်ပေးသင့်ပါတယ်။

-       ကလေးတွေကို သီချင်းဆိုပြတာ၊ ကလေးတွေ သီချင်းလိုက်ဆိုတာ အလွန်ကောင်းတဲ့ လေ့ကျင့်မှု တစ်ခု ဖြစ်ပါတယ်။ မိခင်တွေကိုယ်တိုင်က မဆိုပြနိုင်တောင် သူတို့ ကလေးသီချင်းလေးတွေ နားထောင်လာနိုင်အောင်၊ နားထောင်တတ်အောင် လေ့ကျင့်ပေးသင့်ပါတယ်။ သီချင်းတွေ ကဗျာတွေမှာ ကာရန်တွေရှိပါတယ်။ သူတို့ ဂီတနဲ့ အနုပညာကို ကောင်းကောင်း ခံစားတတ်ပါတယ်။ နည်းနည်းကြီးလာရင် အိမ်တွင်းမှာ ကာရာအိုကေနဲ့ လေ့ကျင့်ပေးနိုင်ပါတယ်။

ကလေးဆိုတာ လူကြီးကို အရိပ်လိုကြည့်နေတတ်တာပါ။ လူကြီးတွေက အကောင်းမြင်၊ အပြုသဘောနဲ့ ဆက်ဆံ ပြောဆိုတာတွေ လုပ်ပေးရင်၊ အကောင်းမြင်၊ အပြုသဘောဆောင်တဲ့သူလေးတွေ ဖြစ်လာပါလိမ့်မယ်။ လူကြီးတွေ ကိုယ်တိုင်က အပျက်သဘောတွေ၊ အဆိုးတွေပြောနေရင် ကလေးတွေကလည်း သူတို့အတိုင်း လိုက်ပြီး တုံ့ပြန်ပြောဆိုတတ်တယ်ဆိုတာကိုတော့ သတိထားရပေလိမ့်မယ်။

(Ref : Talking with babies and toddlers: why it’s important, Rising Child Network)

Powered by Bullraider.com