စာမေးပွဲတိုက်ပွဲ

http://images.indianexpress.com/2016/02/entrance-exam759.jpg?w=600

စာမေးပွဲဆိုသည်မှာ ကျောင်းသားတစ်ဦး၏ အသိဉာဏ်ကို သတ်မှတ်ထားသည့် အချိန်အတိုင်းအတာ တစ်ခုအတွင်း ပိုင်းဖြတ်ခြင်းဖြစ်သည်။ ကျောင်းသားများက ဆရာသင်ကြားထားသည်ကို မည်မျှသော အတိုင်း အတာအထိ သိရှိနားလည်ထားကြောင်းကိုလည်း ထုတ်ဖော်ပြောကြားကြရသည့် သဘောဖြစ်သည်။

စာမေးပွဲတွင် ရလဒ်ကောင်းလျှင် ဆရာသာမက မိဘများပါ ပျော်ရွှင်ကြတော့သည်။ ကျောင်းသားက အမှတ် ကောင်းကောင်းရလျှင် ဆရာအသင်အပြကောင်းလို့ဆိုသည့် မှတ်ချက်နှင့် နိဂုံးချုပ်ကြရသည်။ ထို့ကြောင့် စာမေးပွဲဆိုသည်မှာ ကျောင်းသားကို စစ်ဆေးခြင်းဖြင့် ဆရာ၏ အသက်မွေးမှုကိုပါ စစ်ဆေးနေခြင်းလည်း ဖြစ်နေသည်။ တစ်နည်းပြောရလျှင် စာမေးပွဲဆိုသည်မှာ ကျောင်းသားကို စစ်ဆေးခြင်းမဟုတ်၊ ဆရာကို စစ်ဆေးသလိုလည်း ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် အမှတ်ကောင်းအောင်၊ ဂုဏ်ထူးထွက်အောင်၊ မကျအောင်သင်နိုင်သော ဆရာများကိုသာ မိဘတွေက သဘောကျတတ်သောကြောင့်လည်းဖြစ်သည်။

ကျောင်းသားများသည် ကျောင်းဆိုသည့်နေရာတွင် အပြင်းအထန် ကြိုးစားအားထုတ်ကြရသည်။ စာမေးပွဲ ဆိုသည်မှာ သူတို့အတွက် အခြားတစ်ဆင့်ကိုတက်မည့် ပိတ်ထားသော တံခါးကြီးတစ်ချပ်ဖြစ်နေသည်။ ထိုတံခါးကို ကျော်ဖြတ်ပြီး နောက်တစ်ဆင့်ကို ကူးနိုင်ရန် သူတို့အချိန်တွေကို အကုန်ခံနေကြရသည်။ ကျောင်းသားများ စာမေးပွဲအောင်ရန်ဆိုသည့် ဖြစ်စဉ်အတွင်း ဆရာများနှင့် မိဘများကလည်း အချိန်အား၊ လူအား၊ ငွေအား များစိုက်ထုတ်ကာ ဖြည့်ဆည်းပေးနေကြရသည်။

စာမေးပွဲစနစ်တွင် မကောင်းကျိုးတွေလည်း များစွာရှိနေသည်။ သင်ရိုးပြဋ္ဌာန်းချက်ကိုသာ အခြေပြုထားသည့် သင်ကြားရေးစနစ်တွင် ကျောင်းသား၏ အသိဉာဏ်ကို ကန့်သတ်ထားသလိုဖြစ်နေတတ်သည်။ ပြဋ္ဌာန်းချက်စာ အုပ်ကလွဲပြီး အခြားသင်ကြားရန်၊ လေ့လာရန်မလိုသဖြင့် စာအုပ်ပါ အကြောင်းအရာကလွဲ၍လည်း အခြား မည်သည့် ဗဟုသုတမှ သိစရာမလိုသည့် သဘောကို သက်ရောက်နေသည်။ ကျောင်းသားက ကျောင်းတွင် သင်ကြားသည်ကို နားမလည်လျှင် ကျူရှင်ကလွဲပြီး အခြားအားကိုးစရာမရှိ ဖြစ်နေကြရသည်။

ကျောင်းသားသည် စာကို အာဂုံဆောင် အလွတ်ကျက်ရုံကလွဲပြီး အခြားနည်းလမ်းမရှိ။ ဦးနှောက်ကို ထွင်ရန် လည်းမလို၊ ပြင်ရန်လည်းမလို၊ ဖောက်ထွက်ရန်လည်းမလို။ စာတွေကို ထိုးထည့်ထားသည့် ဦးနှောက်ဖြင့်သာ တစ်စချင်းပြန်ဆွဲထုတ်ပြီး ချရေးပြနေကြရသည်။ ထို့ကြောင့် ဦးနှောက်ထဲ ဖိမသိပ်နိုင်လျှင်၊ တစ်စစီ ပြန်ဆွဲမ ထုတ်နိုင်မည်ကို စိုးရိမ်ပူပန်ကြသည်။ ဦးနှောက်ကို မည်သို့အသုံးချရမှန်းမသိ၊ စာကျက်ခြင်းကလွဲပြီး ဘာမှ မသိသူများမှာ စာမေးပွဲသည် ကြောက်စရာကောင်းသော နတ်ဆိုးကြီးတစ်ခုဖြစ်နေသည်။

စာမေးပွဲဆိုသည်မှာ သူ့တန်ဖိုးသူမြှင့်ပြီး သူ့ကို မကြောက် ကြောက်အောင် ချောက်ထားသည့် ကိစ္စကြီးတစ်ခု ဖြစ်ပါသည်။ ကျောင်းသားက နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ ဆရာတွေက သတ်မှတ်ထားသော ပြဋ္ဌာန်းချက်များကို မပြီးပြီးအောင်၊ မကုန်ကုန်အောင် တာဝန်ကျေ သင်နေကြရသည်။ ကျောင်းသားတွေမှာ ကြိမ်တို့ပြီး အမောင်းခံနေရသော နွားများလိုဖြစ်နေပြီး ဘေးထွက်လျှင် ကြိမ်စာမိမည်ကိုလည်း ကြောက်နေကြ ရသည်။ ထို့ကြောင့် ကျူရှင်သင် တတ်နိုးနိုး၊ ကျူရှင်တက် အောင်နိုးနိုးဖြင့် ကျူရှင်ဆိုသည့် လုပ်ငန်းကြီးက လည်း စာမေးပွဲဆိုသည်ကို အမှီပြုကာ ဖွံ့ဖြိုးကြီးထွားလာရပြန်သည်။

စာမေးပွဲကြောင့် ကျောင်းသားများလောကထဲတွင်သာမက မိဘများတွင်ပါ အပြိုင်အဆိုင်တွေ ဖြစ်လာရသည်။ ဘာမှန်းမသိ အမြင့်ကို ရောက်ချင်ကြသည်။ ပထမ၊ ဒုတိယ၊ တတိယချိတ်ချင်သည်။ စနစ်ပြောင်းသည့်အခါ တွင်လည်း A,B,C ဖြစ်ချင်ကြပြန်သည်။ စာမေးပွဲဖြေရသည့်စနစ်ကြောင့် အောင်စာရင်းကို စောင့်ရသည်။ အောင်ပြန်သော်လည်း ဂုဏ်ထူးမည်မျှ မျှော်လင့်ကြရပြန်သည်။ ဂုဏ်ထူးများမှ ဂုဏ်ရှိသည်ဖြစ်ကုန်ပြန်သည်။ တစ်နည်းပြောရလျှင် စာမေးပွဲဆိုသည်မှာ အသေအရှင်တိုက်ပွဲတစ်ခုကို ဝင်တိုက်ခိုင်းသလိုဖြစ်နေသည်။ မအောင်လျှင်ကျ၊ မသေလျှင်ရှင်တိုက်ပွဲဖြစ်နေသည်။

စာမေးပွဲက ဖိသတ်ထားသဖြင့် ကျောင်းသားများတွင် အပိုချိန်မရှိ၊ ကစားချိန်မရှိ၊ အားချိန်မရှိလောက်အောင် ဖိညှစ်ထားခြင်း ခံနေကြရသည်။ စာမေးပွဲကျလျှင် စိတ်ဓာတ်တွေကျ၊ ခံနိုင်လျှင်ခံ၊ မခံနိုင်လျှင် ကိုယ့်ကိုယ်ကိုယ် သတ်သေမှုတွေလည်း ဖြစ်လာသည်။ လူမသေသော်လည်း စိတ်သေနေသော ကျောင်းသားတွေလည်း အများကြီးဖြစ်သည်။ ကျောင်းများတွင် စိတ်ရောဂါကုဆရာများ၊ အကြံပေးများ၊ အတိုင်ပင်ခံများထားကာ ကလေးများကို စစ်ဆေးသင့်သည်။

စာမေးပွဲ မေးခွန်းပေါက်ခြင်း၊ ခိုးချခြင်း၊ မိုက်ခရိုကူးခြင်းများအပြင် ခေတ်မီနည်းပညာများကို အသုံးပြုပြီး မသမာသော နည်းလမ်းများဖြင့် စာမေးပွဲဖြေဆိုခြင်းများ လုပ်ကြပြန်သည်။ စာမေးပွဲအောင်မည် ဂုဏ်ထူး ထွက်မည်ဆိုလျှင် ဘာပေးရပေးရတွေ ဖြစ်လာသည်။ စာမေးပွဲနှင့် နွှယ်နေသော လာဘ်ပေး လာဘ်ယူကိစ္စတွေ ဝင်လာသည်။ စာမေးပွဲက မသမာမှုတွေကို ဖြစ်ပေါ်စေပြန်သည်။

ခွဲခြားဆက်ဆံသည့် စာမေးပွဲစနစ်က ကိုယ်သင်ချင်တာမသင်ရ၊ မသင်ချင်တာ သင်ရအောင် ဦးဆောင်နေ သည်။ တက္ကသိုလ်ဝင်တန်းက ဘာသာစုံဂုဏ်ထူးလောက်ရမှ အမြင့်ဆုံးတက္ကသိုလ်တက်ရသည်။ တက္ကသိုလ် ဝင်တန်းစာမေးပွဲဆိုသည်မှာ မောင်တိုင်းမကျော်၊ မယ်တိုင်းမတက်နိုင်သည့် တောင်ကြီးတစ်တောင် ဖြစ်နေသည်။ ဂုဏ်ထူးစုံမထွက် ဆေးကျောင်းမှ မတက်ရလျှင် တန်ဖိုးမဲ့သလိုဖြစ်နေသည့် ပညာရေးစနစ်သည် နောက်ဆုံးတွင်လည်း စာမေးပွဲစနစ်နှင့်ပင် ဘဝတွေကို ဖြတ်ချ ဖြုတ်ချပစ်သည်။

ပညာရေးဆိုသည်မှာ ဘဝဆိုသည့် တိုက်ပွဲကိုဝင်ရန် အလေ့အကျင့်ကောင်း သင်တန်းကောင်းများပေးလိုက်နိုင် သည့်နေရာဖြစ်သင့်သည်။ သို့သော် စစ်ထဲဝင်ခိုင်းပြီး လက်နက်ပေးကာ တိုက်ပွဲလွှတ်လိုက်ကြသည်။ ပါးစပ်ကလည်း သဘောတရားတွေ ရွတ်ခိုင်းသွားသည်။ တိုက်ပွဲကို လက်တွေ့နှင့် မတိုက်ခိုင်း။ သဘောတရားနှင့် တိုက်ခိုင်းသည်။ ထို့ကြောင့် ပညာရေးရှေ့တန်းတွင် အတုန်းအရုန်း တဖုန်းဖုန်း တဒိုင်းဒိုင်း ကျဆုံးနေကြရရှာသည်။

Powered by Bullraider.com