လူ့စွမ်းအားအရင်းအမြစ် အသစ်ဖွံ့ဖြိုးတိုးတက်စေလိုလျှင်

https://www.ecornell.com/wp-content/uploads/sites/8/2016/03/ILRHRC09_Human-Resources-Essentials-op.jpg

ယနေ့ မြန်မာနိုင်ငံ၌ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဟူသော စကားကို အတော်များများ ပြောကြပါသည်။ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအရေးကြီးကြောင်းကိုလည်း ပြောကြပါသည်။ စိတ်ရင်းစေတနာမှန်စွာနှင့်လည်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင်လည်း လုပ်ဆောင်နေကြပါသည်။ နိုင်ငံတကာမှ အကူအညီပေးမည့်အဖွဲ့အစည်းများကလည်း ဝိုင်းဝိုင်းလည်နေပါသည်။
သို့သော်လည်း အမှန်တကယ် လူ့စွမ်းအားအရင်းအမြစ် အသစ်တိုးတက် ဖွံ့ဖြိုးနိုင်ခြေမှာ စိန်ခေါ်မှုတစ်ရပ်အဖြစ်သာ ရှိနေပါသေးသည်။ ယခုအချိန်ကဲ့သို့သော အခွင့်အခါကောင်းကို ထိရောက်စွာအသုံးချနိုင်ပါမူ မြန်မာတစ်မျိုးသားလုံး၏ ကံကြမ္မာအပြောင်းအလဲတစ်ရပ် ဖြစ်လာနိုင်ပါသည်။
ဆင်းရဲမွဲတေမှု နှစ်မျိုး ကုလသမဂ္ဂ၏ ထောင်စုနှစ် ရည်မှန်းချက်များအောင်မြင်ရေး အထဲမှ တစ်ခုမှာ ကမ္ဘာတစ်ဝန်း၌ဖြစ်ပွားနေသော လွန်ကဲသောဆင်းရဲမွဲတေမှု(Poverty) ကို လျှော့ချရန်ဖြစ်သည်။ လူသားတို့တွင် အကြမ်းဖျင်းအားဖြင့် ဆင်းရဲမွဲတေမှု နှစ်မျိုးရှိပါသည်။

ပထမတစ်မျိုးမှာ ငွေကြေးဝင်ငွေဆင်းရဲမှု (Financial) ဖြစ်သည်။ ဒုတိယ တစ်မျိုးမှာ လုပ်ကိုင်နိုင်စွမ်း(Capacity) ဆင်းရဲခြင်းဖြစ်သည်။ တစ်ခါတစ်ရံလည်း ဤ ဆင်းရဲခြင်းနှစ်မျိုးလုံးကို တစ်ပြိုင်တည်းလည်း တွေ့နိုင်ပါသည်။ ဆင်းရဲခြင်း များကြောင့် လူသားများမှာနေစရာစားစရာမရှိ အတိဒုက္ခရောက်ခြင်း၊ ရောဂါဘယ ထူပြောခြင်း၊ သက်တမ်းတိုခြင်း အစရှိသည့် ဘဝ၏ လူမှုဒုက္ခများကို ခံစားကြရ သည်သာမက နိုင်ငံများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေတို့ကိုပါ ထိခိုက်ပျက်စီးစေသည်။ မိမိနိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာပါ ပျက်စီးပျောက်ဆုံးနိုင်သဖြင့် လူသားအရင်းအဖြစ် အသစ်တိုးတက်ဖွံ့ဖြိုးရေးမှာ အရေးကြီးပါသည်။

လူသားဆိုသည်မှာ လူသားအားလုံးကိုဆိုလိုပြီး အရင်းအမြစ်ဆိုသည်မှာ ရှားပါးသောတန်ဖိုးရှိသောအရာများဖြစ်သည်။ ထို့ကြောင့် လူသားအရင်းအမြစ်ဟု ဆိုလျှင် ရှားပါးပြီး တန်ဖိုးရှိသောလူသားများဟု အဓိပ္ပာယ်ယူနိုင်ပါသည်။ အသစ် ဖွံ့ဖြိုးတိုးတက်ခြင်းဆိုသည်မှာ အင်္ဂလိပ်စကားလုံး (Development) ကို အဓိပ္ပာယ် ယူထားခြင်းဖြစ်သည်။ ဤနေရာတွင် ကြီးထွားခြင်း (Growth) နှင့် အသစ်တိုးတက် ဖွံ့ဖြိုးခြင်း (Development) မှာမတူပါ။ ကြီးထွားခြင်း(Growth) ဆိုသည်မှာ ရုပ်ပိုင်းဆိုင်ရာတဖြည်းဖြည်း ကြီးထွားလာခြင်းကိုခေါ်သည်။ ရုပ်ပိုင်းသာလျှင် ကြီးထွားပါသည်။

အသွင်သဏ္ဌာန်နှင့် အရည်အချင်း အသစ်ပြောင်းလဲ

အသစ်တိုးတက်ဖွံ့ဖြိုးခြင်း (Development) ဆိုသည်မှာ ရုပ်ပိုင်းသာတိုးတက် ဖွံ့ဖြိုးသွားသည်မဟုတ်၊ အသွင်သဏ္ဌာန်နှင့် အရည်အချင်းပါ အသစ်ပြောင်းလဲ သွားသည့်သဘောကို ခေါ်သည်။ ဥပမာအားဖြင့် ရေနွေးအိုးတည်သည်ဆိုပါစို့။ တဖြည်းဖြည်းနှင့် ရေထဲတွင် အပူချိန်သည်များလာပေလိမ့်မည်။ ထိုအဆင့်သည် ရေထဲရှိ အပူချိန်များလာခြင်း(Growth) အဆင့်သာ ရှိပါသေးသည်။ သို့သော် အပူချိန် အမှတ်တစ်ခုရောက်သည်နှင့် ရေနွေးငွေ့အဖြစ် ပြောင်းလဲသွားပါသည်။ ထိုအခြေ အနေတွင် ရေနှင့် ရေနွေးငွေ့မတူတော့ပါ။ ထိုသို့သော အသွင်သဏ္ဌာန်နှင့် အနှစ်သာရပါ အသစ်တိုးတက်ပြောင်းလဲသွားသည့်အခြေအနေကို အသစ်တိုးတက် ဖွံ့ဖြိုးခြင်း (Development)ဟုခေါ်သည်။

အများစုမှာ လူသားအရင်းအမြစ် အသစ်ဖွံ့ဖြိုးတိုးတက်ရေးဟု ပြောလိုက် လျှင် ပညာရေးကို သွားမြင်သည်။ ပညာရေးကို အပြစ်ပြောသည်။ တချို့က သင်တန်းများလိုသည်ဟု ထင်သည်။ နိုင်ငံခြားမှ သင်တန်းများ လာရောက်ဖွင့်လှစ် ရေးသာ တစာစာ အကူအညီတောင်းခံနေသည်။ နယ်တကာ၌ သင်တန်းများ ဖွင့်သည်။ အမှန်တကယ်လုပ်ဆောင်ရမည့် အခြေခံသဘောသဘာဝကို သိသည် ဟုသာ ပြောကြပြီး လုပ်ဆောင်ခြင်းကားမရှိ။ အကူအညီကို ဗန်းပြပြီး လုပ်စားသူ ကလည်း လုပ်စားသည်။ ဤသို့နှင့်ပင် ဂျာအေး သူ့အမေရိုက်လျက်သာရှိသည်။
ဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ် ပညာနှင့် ပညာရေးဟူသောစကားလုံးနှစ်လုံးမှာ မတူညီပါ။ ပညာဟု ဆိုလိုက် လျှင် အတတ်ပညာ၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ဖြစ်သည်။ ပညာရေးဟု ဆိုလိုက်လျှင်(Education)ဖြစ်သည်။

ပညာရေး (Education)ဆိုသည်မှာ

လက်တင်ဘာသာစကားEducatioဟူသောစကားလုံးမှ ဆင်းသက် လာသည်။ မူရင်းအဓိပ္ပာယ်မှာ မိမိတို့ထက်ငယ်ရွယ်သူတို့ကို မိမိတို့လိုချင်သည့် ပုံစံရရှိ လာရန် ပြုစုပျိုးထောင်ပေးခြင်း ဖြစ်သည်။
ပညာရေးညံ့သည်ဟုဆိုခြင်းမှာ မိမိတို့လိုချင်သည့်ပုံစံကို မသွင်းနိုင်သည်လည်း ဖြစ်နိုင်သည်။ မိမိတို့ပုံစံကိုကလည်း မှားနေတာဖြစ်နိုင်ပါသည်။ ပညာရေးကို တစ်နည်းအားဖြင့် အပိုင်းနှစ်ပိုင်း ခွဲနိုင်ပါသည်။ တရားဝင်နည်းလမ်းတကျဖြစ်သော ပညာရေး(Formal Education) နှင့် တရားဝင်မဟုတ်သော ပညာရေး (Informal Education) တို့ဖြစ်သည်။ တရားဝင်နည်းလမ်းတကျ ပညာရေးဆိုသည်မှာ စာသင်ခန်း နှင့် ကျောင်းနှင့် တရားဝင် ဆရာ ဆရာမတို့က စနစ်တကျသင်ကြားပေးပြီး စာမေးပွဲ စစ်ကာ အကဲဖြတ်သည့်ပညာရေးစနစ်ဖြစ်သည်။ တရားဝင်မဟုတ်သော ပညာရေး(Informal Education) ဆိုသည်မှာကားအဆင်ပြေသည့်နေရာ၌ အဆင်ပြေ သည့်ဆရာက အဆင်ပြေသလိုသင်ကြားပေး၊ သင်ယူသူကလည်း အဆင်ပြေသလို သင်ယူခြင်းမျိုးဖြစ်သည်။

တစ်ဖန် တရားဝင်နည်းလမ်းကျသော ပညာရေးကို အပိုင်းသုံးပိုင်းခွဲနိုင်သည်။ အခြေခံပညာရေး (Basic Education)၊ အဆင့်မြင့်ပညာရေး (Higher Education) နှင့် နည်းပညာနှင့် အသက်မွေးပညာရေးနှင့် လေ့ကျင့်ရေး Technical and Vocational Education and Training) (TVET) တို့ဖြစ်ပါသည်။ သင်ကြားသည့် နေရာတွင်လည်း စာတွေ့သာသင်ကြားသည့် Academic Base နှင့် လက်တွေ့ စာတွေ့သင်ကြားသည့် Competency Base ဟူ၍ နှစ်ပိုင်းရှိသည်။ နည်းပညာနှင့် အသက်မွေးပညာရေးနှင့် လေ့ကျင့်ရေးသင်ကြားမှု စနစ်အတော်များများ မှာ Competency Base သင်ကြားမှုစနစ်များသာဖြစ်သည်။

လူ့စွမ်းအားအရင်းအမြစ်အသစ်ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာရေးအားလုံး သည် အရေးကြီးသော်လည်း နည်းပညာနှင့် အသက်မွေးပညာရေးနှင့် လေ့ကျင့်ရေး (TVET) အခန်းကဏ္ဍမှာ အရေးကြီးဆုံးဖြစ်သည်။ လူ့စွမ်းအားအရင်းအမြစ် အသစ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် သင်တန်းများ ဖွင့်ရုံနှင့်မရပါ။ အထူးသဖြင့် နည်းပညာနှင့် အသက်မွေးပညာရေးနှင့် လေ့ကျင့်ရေးအခန်းကဏ္ဍတွင် သင်တန်းတစ်ခုဆောင်ရွက်ရန် ''စံ''” (Standard) များ လိုပါသည်။ အဆိုပါစံများကို မည်သူမဆို ဆောင်ရွက်၍ ရပါသည်။

စွမ်းဆောင်ရည်စံနှုန်း

သို့သော် သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်များ (Industries)\)၊ ပညာရှင်များ(Experts))၊ ပရော်ဖက်ရှင်နယ်များ (Professionals) ၏ ထောက်ခံမှုကို လိုပါသည်။ ထိုသို့ထောက်ခံလာသောစံကို တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် (သို့မဟုတ်) ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနက အသိအမှတ်ပြုပေးရမည်ဖြစ်သည်။ ထိုမှသာ အဆိုပါစံများသည် အမျိုးသားစံနှုန်း(National Standard) များအဖြစ် ဖြစ်လာရန် လိုပါသည်။ စံနှုန်းထွက်လာမှသာလျှင် စွမ်းဆောင်ရည်စံနှုန်း (Performance Criteria) ထွက်လာပါသည်။ စွမ်းဆောင်ရည်စံနှုန်းထွက်လာမှသာ သင်ရိုး (Curriculum) ထွက်လာပါသည်။ သင်ရိုးထွက်လာပါက မည်သို့သင်ကြားမည်ဆိုသည့် သင်ကြားခြင်းနည်းစနစ် (Teaching Method) ရပါသည်။
သင်ကြားနည်းစနစ်ဖြင့်သင်ပြီးပါက မည်သို့စစ်ဆေးမည်(Assessment) ကိုသွားရပါသည်။ စစ်ဆေးပြီးပါက အောင်လက်မှတ(Certificate) ထုတ်ပေးရန် လိုပါသည်။ ဤနေရာတွင် မိမိကျောင်း၌ မိမိသင်၍ မိမိကိုယ်တိုင် စစ်ဆေး၍မရပါ။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် စံနှင့် သင်ရိုးညွှန်းတမ်း ပြဋ္ဌာန်းရေးကော်မတီ (Standards & Curriculum Committee) နှင့် စာမေးပွဲစစ်ဆေးခြင်းနှင့် အောင်လက်မှတ် ထုတ်ပေးရေးကော်မတီ (Assessment & Certification Committee) တစ်ခုကိုဖွဲ့စည်းမှသာရပါမည်။ ထို့နောက် ဆရာများ လေ့ကျင့်ရေး အတွက်ကိုပါ ဆောင်ရွက်ရမည်ဖြစ်ပါသည်။

တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း

လူ့စွမ်းအားအရင်းအမြစ် အသစ်ဖွံ့ဖြိုးတိုးတက်လာရန် သင်ကြားပေးသည့် နေရာတွင် ''စံ'' Standard များ လိုပါသည်။ စံများမရှိလျှင် တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလိုသာ ဖြစ်နေမည်။ သင်တန်းတစ်ခု ဖွင့်မည်ဆိုသည်နှင့် မည်သည့်စံနှင့် သွားမည်ဆိုသည်က အရေးကြီးပါသည်။ စံမရှိဘဲ သင်တန်းများ ဖွင့်နေမည်ဆိုလျှင် အချိန်နှင့် ငွေသာ ကုန်သွားပါမည်။ ဒုံရင်းက ဒုံရင်းသာ ဖြစ်နေ မည်ဖြစ်သည်။ ဟိုကျောင်း သည်ကျောင်း တစ်မျိုး တစ်ဖုံစီ ဖြစ်နေသဖြင့် နောက် အဆင့်များထပ်ဖွင့်ရန် အခက်အခဲများစွာရှိပါသည်။

စနစ်တကျစစ်ဆေးမှုမရှိခြင်း ကြောင့် သင်တန်းများမှာ အောင်လက်မှတ်(Certificate) သာ ရလာသည်။ တကယ်တော့ မည်သည့်ကျွမ်းကျင်မှုမျှ မရှိသောပုံစံသာဖြစ်နေပါသည်။ လုပ်ငန်းရှင် များအနေဖြင့် ဝန်ထမ်းပေါများလာအောင် သင်တန်းဖွင့်လိုကြသော်လည်း စံများ မရှိပါက၊ စစ်ဆေးခြင်းမရှိပါက သင်တန်းသားများ မည်သည့်ဖွံ့ဖြိုးတိုးတက်မှုမှ ရှိလာမည် မဟုတ်ပါ။

မြွေပူရာကင်းမှောက်ဆိုကဲ့သို့ လက်ရှိကြုံတွေ့နေရသည့် ပြဿနာမှာ နိုင်ငံခြား အကူအညီများ ဖြစ်ပါသည်။ နိုင်ငံခြားက စိတ်ကောင်းစေတနာကောင်းဖြင့် လာရောက်ကူညီသည်များကို ကျေးဇူးတင်ရမည်ဖြစ်သော်လည်း အကူအညီ လက်ခံခြင်းပုံစံမကျသဖြင့် ပြည်တွင်းလုပ်ငန်းရှင်များ မျိုးတုံးကုန်ပါသည်။ ဥပမာ အားဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်လေးတစ်ဦးက သင်တန်းကျောင်းငယ်ဖွင့်လှစ်၍ သင်ကြားပေးနေသည်ဆိုပါစို့၊ နိုင်ငံတကာ အကူအညီအဖွဲ့ အစည်းများ ဝင်ရောက် လာသည်နှင့် သင်တန်းများကို အခမဲ့ပေးနိုင်သည်။

မြေတောင်မြှောက်

ထိုအခါ သင်တန်းအခကြေးငွေဖြင့် ရပ်တည်နေရသော နိုင်ငံသားပိုင် ပုဂ္ဂလိက သင်တန်းကျောင်းငယ်များ ပျောက်ကွယ်ကုန်ပါသည်။ နိုင်ငံခြားမှ အကူအညီလာ ပေးသည်မှာ တစ်သက်လုံး ကူညီနိုင်သည်မဟုတ်၊ ကိုယ့်လူမျိုးများကို မြေတောင် မြှောက်ပေးမှသာ လူ့စွမ်းအားအားလုံး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ ဖြစ်သင့် သည်မှာ နိုင်ငံခြားအကူအညီများကို အဆင်ပြေသည့်နေရာ၌ သင်တန်းဖွင့်လှစ် ခိုင်းခြင်းမျိုးမဟုတ်ဘဲ စံများပြုစုခြင်း၊ သင်ခန်းစာများ ရေးဆွဲခြင်းအစရှိသည့် နေရာ များတွင် အသုံးချနိုင်ပါက ပိုကောင်းသည်။

တစ်ဖန် လူ့စွမ်းအားအရင်းအမြစ် တိုးတက်ဖွံ့ဖြိုးဖို့ဆိုသည်က ပညာရေး တစ်ခုတည်းနှင့် သက်ဆိုင်သည်မဟုတ်၊ အလုပ်သမားအခွင့်အရေးများ၊ လုပ်ခလစာ များနှင့် ကလေးသူငယ်ဥပဒေများနှင့်ပါ ဆက်စပ်လျက်ရှိသည်။ ထို့အပြင် အလုပ်လုပ် သည့်အဖွဲ့အစည်းများ၊ ကုမ္ပဏီများနှင့် ကော်ပိုရိတ်များ၏ ယဉ်ကျေးမှု (Culture) များနှင့်ပါ သက်ဆိုင်နေပါသည်။ ယဉ်ကျေးမှု(Culture)ဆိုသည်မှာ ထိုအဖွဲ့ အစည်း၏တန်ဖိုးထားခြင်း၊ အမှန်ဟုယူဆခြင်းတို့ ပါဝင်ပါသည်။ ကျောင်းများက မည်မျှပင်လေ့ကျင့်ပေးစေကာမှု မကောင်းသောယဉ်ကျေးမှုတွင် ကျရောက် သွားသူများကား မကောင်းသူများသာဖြစ်လာပါသည်။ ထို့ကြောင့် လူ့စွမ်းအား အသစ်ဖွံ့ဖြိုးတိုးတက်ရန် အလှမ်းမဝေးစေရေးအတွက် အကြံပြုရေးသားလိုက်ရ ပါသည်။

ကြေးမုံသတင်းစာ (၁၃.၃.၂၀၁၇)

Powered by Bullraider.com