ကျောင်းတွေမှာ ဘာသာရေးသင်သင့်သလား

http://www.festivalofideas.cam.ac.uk/sites/www.festivalofideas.cam.ac.uk/files/styles/leading/public/faith_and_education.jpg?itok=b_znBxTS

အမေရိကန်ပြည်ထောင်စုဆိုသည်မှာ ဘာသာလူမျိုးကွဲပေါင်းများစွာရှိပြီး ကမ္ဘာပေါ်တွင် ဘာသာရေးကိစ္စနှင့်ပတ် သက်၍ အလေးမထားဆုံးတိုင်းပြည်ဟုလည်း ဆိုနိုင်သည်။

၂၀၁၀ ပြည့်နှစ်တွင် Pew Forum အဖွဲ့က ဘာသာရေးနှင့် ပတ်သက်ပြီး အမေရိကန်တွေ မည်မျှ ယုံကြည်မှု ရှိကြောင်း သုတေသနလုပ်သည့် အနေဖြင့် မေးခွန်းတွေ လိုက်မေးကြည့်ကြသည်။ သူတို့လိုက်မေးသူများ၏ ထက်ဝက်ခန့်သာ ဘာသာရေးအကြောင်း မှန်မှန်ကန်ကန် ဖြေနိုင်ကြကြောင်း ဖော်ပြထားသည်။

၂၀၀၅ ခုနှစ်ကလည်း သမ္မာကျမ်းစာတတ်မြောက်မှုပရောဂျက်အနေဖြင့် ကမ္ဘာ့ဘာသာကြီး ငါးခုဖြစ်သော ဂျူး၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူနှင့် ဗုဒ္ဓဘာသာအကြောင်းကို လူငယ်များ မည်မျှ သိသနည်းဆိုကာ လေ့လာ ဆန်းစစ်မှု တစ်ခုလုပ်ဖူးသည်။ ဘာသာကြီး ငါးခုရှိကြောင်း သိသူ ၁၀ ရာခိုင်နှုန်းလောက်သာရှိသည်။ ၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းခန့်သည် ထိုဘာသာများ ရှိမှန်းပင် မသိကြဟုဆိုပါသည်။

အမေရိကန်ပြည်ထောင်စုကဲ့သို့ ဒီမိုကရေစီနှင့် ဘာသာရေးတွင် ဘာသာပေါင်းစုံ လက်ခံထားသော တိုင်းပြည် တစ်ပြည်၌ ဘာသာရေးကို စိတ်မဝင်စားကြဆိုသည်မှာ အလွန်ထူးဆန်းသည့် အကြောင်းကိစ္စတစ်ခုဖြစ်နေ သည်။

ဘာသာရေးဆိုသည်မှာ ကမ္ဘာ့သမိုင်းနှင့် ဆက်စပ်ပြီး ဖြစ်တည်လာခဲ့သော ယဉ်ကျေးမှုဖြစ်စဉ်ကြီးတစ်ခုဖြစ် သည်။ ဈေးကွက်နှင့် အိုင်တီလောက်ကိုသာ စိတ်ဝင်စားနေသောလောကတွင် ဈေးကွက်စီးပွားရေးဆိုသည်မှာ ဘာသာတရားနှင့်လည်း ဆက်စပ်နေကြောင်း သိသူနည်းလာသည်။ လူသား၏ဖြစ်တည်မှုများသည် ဘာသာ တရားနှင့် ဆက်စပ်နေခြင်းကြောင့် ဘာသာရေးကိုဖယ်ပြီး လူတွေချည်းသက်သက် ဆက်သွယ်ရန်မှာ မဖြစ်နိုင် ပေ။ နိုင်ငံတကာနှင့် ဆက်သွယ်ရန်လိုလျှင် နိုင်ငံအသီးသီး၏ ယုံကြည်ကိုးကွယ်မှု၊ ဓလေ့များကိုလည်း နားလည်ထားရန် လိုပေလိမ့်မည်။ ယဉ်ကျေးမှုများ၊ ဘာသာရေးဆိုင်ရာစံများ၊ လူမှုရေးများနားမလည်ဘဲ ပေါင်းသင်းဆက်ဆံရန် အဆင်မပြေနိုင်ပေ။ စီးပွားရေးသမားဖြစ်စေ၊ နိုင်ငံရေးသမားဖြစ်စေ ကမ္ဘာ့ ဘာသာရေးနှင့် ဆက်စပ်နေသော လူ့ဘောင်အဖွဲ့အစည်းများ၏ စံနှုန်းနှင့် တန်ဖိုးထားမှုများကို မဖြစ်မနေ သိထားရန်လိုပါသည်။

အစိုးရကျောင်းများတွင် ဘာသာရေးကိစ္စများသည် အကဲဆတ်သည့်ကိစ္စတွေဖြစ်သည့်အတွက် မသင်ရ၊ မဆွေးနွေး ရဟု သတ်မှတ်ထားလိုက်လျှင် ပြည့်စုံသည့် ပညာပေးမှုတစ်ခုဖြစ်နိုင်မည်မထင်ပေ။ တရားသူကြီး သောမတ်စ် ကလက်က

“သမိုင်းမှာ ဖြစ်ထွန်းခဲ့တဲ့ ဘာသာတရားကြီးတွေအကြောင်း မသင်ဘူးဆိုရင် အဲဒီ ပညာရေးဟာ ပြည့်စုံမှာ မဟုတ်ဘူး။ လူ့ဘောင်လောကကြီးကို ဖွံ့ဖြိုးတိုးတက်စေချင်တယ်ဆိုရင် ဘာသာတရားတွေအားလုံးကို နှိုင်းယှဉ် လေ့လာနိုင်အောင်လည်း ကြိုးစားကြရမယ်” ဟုဆိုခဲ့သည်။

အမေရိကန်ကျောင်းများတွင် သင်သင့်သင်ထိုက်သည့် သင်ခန်းစာများကို သင်ကြားရန် မေ့လျော့နေကြကြောင်း တွေ့ရသည်။ သိပ္ပံနှင့် အိုင်တီ၊ အင်ဂျင်နီယာပညာနှင့် သင်္ချာတို့ကို အလေးပေးသင်ကြားသလောက် နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအကြောင်း၊ ကိုယ်ကျင့်တရားနှင့် ပြည်သူ့နီတိအကြောင်းများကို သင်ကြားရန် ပျက်ကွက် နေကြသည်။ ပိုဆိုးသည်မှာ ဘာသာရေးဆိုသည်ကို လုံးဝမတို့မထိ မသင်သလောက်ကိုဖြစ်နေသည်။ အစိုးရ ကျောင်းများတွင် အစဉ်အလာကတည်းက ဘာသာရေးအကြောင်းများ သင်ကြားရန် ပျက်ကွက်လာခဲ့ကြသည်။ ထို့ကြောင့် အများစုဘာသာက အနည်းစုဘာသာအပေါ် နှိပ်ကွပ်မှုများ ဖြစ်လာခဲ့ကြသည်။ မိဘများကလည်း အနည်းစုဘာသာအနေဖြင့် အများစုဘာသာနောက်သို့ လိုက်ပါသွားမည်ကို စိုးရိမ်ကြသည်။ သို့သော် ကျောင်းများက ထိုအကြောင်းကို မပြောကြသည့်အခါ လတ်တလောပြဿနာကို ဖြေရှင်းပြီးဖြစ်နေသော်လည်း ဘာသာတရားဆိုသည်မှာ လေ့လာစရာ၊ သင်စရာကောင်းသည့် ကိစ္စတစ်ခုအနေဖြင့် မှတ်ယူခြင်း မပြုတော့ပေ။

ကျောင်းများတွင် ဘာသာရေးဆိုင်ရာ သဘောတရားများ သင်ကြားရန်မလိုဘူးလားဆိုသည့်အမေးကို အဘယ်ကြောင့် သင်ကြားရန်လိုကြောင်းနှင့် ပြန်လည်သုံးသပ်ကြရန်လိုပါသည်။

အစိုးရကျောင်းများတွင် မိဘများ၊ ဆရာများ၊ ကျောင်းအာဏာပိုင်များအားလုံးက အငြင်းပွားဖွယ်ရာ ကိစ္စတစ်ခု အနေဖြင့် ဘာသာရေးကို သင်ကြားပေးလိုကြခြင်းမရှိပေ။ ထိုအချက်သည် နိုင်ငံ၏ အခြေခံဥပဒေနှင့် လုံးဝ ဆန့်ကျင်နေကြောင်းလည်း တွေ့ရပေမည်။

ကျောင်းများတွင် ဘာသာရေးမသင်ရဟုဆိုခြင်းမှာ ကျောင်းသားများစိတ်အစဉ်ကိုမက အားလုံးကို စိတ်ထဲတွင် မသက်မသာ မဖြစ်စေချင်သည့် သဘောသာဖြစ်ပေလိမ့်မည်။ ပညာရေးဆိုသည်မှာ လူတိုင်းစိတ်ကျေနပ်အောင် ကြံဆောင်ပေးချင်မှ ပေးနိုင်ပေလိမ့်မည်။ စိတ်မကျေနပ်မှုပေါင်းများစွာ၊ မတူညီမှုပေါင်းစွာထဲက အကောင်း ဆုံးကို ရွေးထုတ်စိစစ်ပြီး ပိုင်းဖြတ်နိုင်ခြင်းမှာ ပညာဖြစ်သည်။ အားလုံးကို သိအောင်လုပ်ခြင်း၊ သိသည်ကို ပိုင်းဖြတ်နိုင်ခြင်းမှာ ပညာဖြစ်သည်။

အမေရိကတွင် အခြားထင်ရှားသည့် ပြဿနာတစ်ရပ်မှာ လူဖြူတစ်ဦးက လူမည်းကျောင်းတွင် ကျေးကျွန် ဆိုင်ရာ သမိုင်းကို လူဖြူအမြင်ဖြင့် သင်၍မရခြင်းဖြစ်သည်။ ကျေးကျွန်သမိုင်းကို ဓမ္မဓိဋ္ဌာန်ကျကျ မသုံးသပ်ပြ နိုင်လျှင် ထိုသမိုင်းကို ကျော်လွှားပြီး သင်သွားရုံသာဖြစ်သည်။

အမေရိကန်အစိုးရကျောင်းများတွင် ဘာသာရေးအကြောင်း မသင်ရ၊ မဆွေးနွေးရသည့် တားမြစ်ပိတ်ပင် ထားမှုများ ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ခရစ်ယာန်အများစု လွှမ်းမိုးထားပြီး အခြားဘာသာဝင်များလည်း ရှိနေသည့် ကျောင်းများတွင် ထိုပိတ်ပင်မှုမျိုးကို လုပ်ရမည်သာဖြစ်သည်။ ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချပြီး မသင်ရဟု ပိတ်ပင်ထားလျှင် မျှတခြင်းမရှိနိုင်ပေ။ ဘာသာရေးကို ကျောင်းများတွင် မသင်ရဟု ပိတ်ပင်ထားခြင်းမှာ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအနေဖြင့် လုံးဝမဆီလျော်သော ကိစ္စတစ်ခုဖြစ်နေသည်။

ဘာသာရေးမသင်ရဟု မျက်စိမှိတ် ငြင်းနေခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို နားမလည်ခြင်းဖြစ်သည်။ လွတ်လပ်စွာကိုးကွယ်ယုံကြည်ပိုင်ခွင့်ရှိသည်ဆိုသော တိုင်းပြည်တစ်ပြည်တွင်၊ လွတ်လပ်စွာ ယုံကြည်ကိုး ကွယ်ခြင်းမပြုရန် တားမြစ်ထားသလို မဖြစ်သင့်ပေ။ လူတိုင်းလွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသလို၊ လူတိုင်း ကိုးကွယ်သည့် ဘာသာတိုင်းအား လေ့လာသိရှိထားခွင့်မှာလည်း လူတိုင်း၏ အခွင့်အရေးတစ်ခုဖြစ်သည်။

ဘာသာတစ်ခုကို လေ့လာခြင်းသည် ထိုဘာသာရေးအပေါ် ဆန်းစစ်ရန်ဖြစ်သည်။ ကိုးကွယ်ရန် ဟုတ်ချင်မှ ဟုတ်မည်၊ လေ့လာဆန်းစစ် ပိုင်းဖြတ်ရန်ဖြစ်နိုင်သည်။ အားလုံး သိထားသင့်သည့်ကိစ္စတစ်ခုဟု ယူဆရမည် ဖြစ်သည်။

ဘာသာရေးလွတ်လပ်ခွင့်နှင့် ပညာရေးပရောဂျက်ဌာနမှ ချားလ်စ် စီ ဟေးနက်စ်က

“နိုင်ငံတစ်နိုင်ငံသည် ဘာသာရေးလွတ်လပ်ခွင့်ကို အာမခံချက်ပေးနိုင်ရမည်။ အစိုးရကျောင်းများသည် ဒေသဆိုင်ရာ ဘုရားကျောင်းမဟုတ်သလို ဘာသာရေးကင်းမဲ့ဇုံတစ်ခုလည်းမဖြစ်စေရ” ဟုဆိုထားသည်။ ဘာသာရေးသည် သူ့သဘောနှင့်သူဆောင်ပြီး ကိုးကွယ်ယုံကြည်သူတိုင်း၏စိတ်ထဲတွင် ရှိနေမည်သာဖြစ်သည်။ မလုပ်ရ မပြောရဟု တားဆီးခြင်းက အာဏာရှင်စနစ်နှင့် ပိတ်ပင်တားဆီးသလိုဖြစ်နေသည်။

ဘာသာရေးအကဲဆတ်သူတွေက ဆတ်သော်လည်း ခရစ္စမတ်နေ့ကို အားလုံးကျင်းပဆင်နွှဲလိုကြသည်။ နှစ်သစ်ကူးပွဲဆိုလျှင်လည်း ပျော်လိုက်ကြသည်သာဖြစ်သည်။ ဘာသာရေးကို သီးခြားအသွင်ဖြင့် ခွဲချင်သလို ခွဲနေသော်လည်း အားလုံးကလက်ခံယူဆထားသည့် တူညီသောအချက်များလည်းရှိနေသည်။ ပျော်ရွှင်ခြင်း၊ ပျော်ရွှင်စေရန် လုပ်ပေးခြင်း၊ ပျော်ရွှင်စေရန် လုပ်ဆောင်ပေးနိုင်သူအပေါ် မြတ်နိုးသာယာခြင်းများကို ရှောင်လွှဲ ရန်မဖြစ်နိုင်ပေ။

ဒီမိုကရေစီဆိုသည်မှာ လူပုဂ္ဂိုလ်တစ်ဦးချင်းကိုလည်း တန်ဖိုးထားလေးစားသည့် စနစ်တစ်ခုဖြစ်သည်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် အဆုံးအဖြတ်ပေးနိုင်သောသူများ မွေးထုတ်ပေးရန် ပညာရေးလောကတွင်လည်း တာဝန်ရှိသည်။ မိဘများကလည်း ကိုယ့်ဘာသာတစ်ခုတည်းတွင် ပိတ်လှောင်မနေသင့်။ ဆရာတွေကလည်း ကိုယ်ကိုးကွယ်သည့်ဘာသာတစ်ခုတည်းသာ မြင့်မြတ်သည်ဟု မထင်သင့်။ ကမ္ဘာ့ဘာသာရေးကို နိုင်ငံရေးနှင့် လည်းကောင်း အခြားသော စီးပွားရေး၊ လူမှုရေ၊ ပညာရေးများနှင့် ဆက်စပ်လာနိုင်သည့် အကြောင်းတရား တစ်ခုအနေဖြင့် လေ့လာသင်ကြားပေးခြင်းများ ပြုရပေလိမ့်မည်။

အနာဂတ်မျိုးဆက်သစ်များကို လွတ်လပ်စွာ ယုံကြည်ခြင်း၊ ဆုံးဖြတ်ပိုင်ခွင့်ရှိခြင်းကောင်းသော လူငယ်များ ဖြစ်စေလိုလျှင် မသိဘဲ မျက်စိမှိတ်ယုံကြည်စေခြင်းထက်၊ သိအောင်လုပ်ပေးပြီး ပိုင်းဖြတ်နိုင်စွမ်းကို ဦးစားပေး ရမည်သာဖြစ်သည်။ ကိုယ်ကျင့်တရားဆိုင်ရာ သဘောတရားများသည် လူမျိုးတိုင်းနိုင်ငံတိုင်းတွင် ရှိနေမည်သာ ဖြစ်သည်။ ထို့ကြောင့် ကျဉ်းမြောင်းသောအမြင်များဖြင့် ပိတ်ပင်ခြင်းထက်၊ လမ်းဖွင့်ပေါ်ပြီး ကျယ်ပြန့်စွာ လေ့လာခွင့်များပေးကာ ဆုံးဖြတ်စေခြင်းက ပိုကောင်းပါသည်။

ကမ္ဘာ့ဘာသာတရားကြီးများကို လေ့လာစေခြင်းသည် ကလေးများကို “ကြီးမားသောမေးခွန်းထုတ်စေခြင်း” ဖြစ်လာပါလိမ့်မည်။ ကိုယ်ကျင့်တရားကို ဘာသာရေးများကလည်း ပြုပြင်လမ်းညွှန်နိုင်ပါသည်။ ဒီမိုကရေစီသည် ကွန်မြူနစ်စနစ်လို ဘာသာမဲ့သဘောတရားနှင့် ထူထောင်ရန်မဟုတ်။ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကို အလေးပေးထားသည့် ဒီမိုကရေစီစနစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ပြီး ဘာသာရေးကို မယုံကြည်ရ၊ မကိုးကွယ်ရ၊ မဆွေးနွေးရ၊ မသင်ကြားရဟုလည်း ပြောခွင့်မရှိ။ ထို့ပြင် သူ့ဘာသာသင်၊ ငါ့ဘာသာ မသင်နှင့် ဟူ၍လည်း ပိတ်ပင်တားဆီးပိုင်ခွင့်မရှိ။ ပညာရေးတွင် ဒီမိုကရေစီမရှိဘဲ မတိုးတက်နိုင်။ အလားတူ ဒီမိုကရေစီ ပေးထားပြီး ကျဉ်းမြောင်းသောအမြင်ဖြင့် ကမ္ဘာကြည့်မကြည့်နိုင်လျှင်လည်း တိုးတက်မည်မဟုတ်ပေ။ ဘာသာတရားအလိုက် ကောင်းမြတ်သည့်အချက်အလက်များ၊ သင်ကြားမှုများ၊ လမ်းညွှန်ချက်များ ရှိနိုင်ပါ သည်။ မဆုံးဖြတ်၊ မသုံးသပ်၊ မဆင်ခြင်ဘဲ မျက်စိမှိတ်ယုံကြည်ခိုင်းခြင်းထက်၊ စဉ်းစားတွေးခေါ်အားကောင်း သူများ ဖြစ်လာစေရန် ဘာသာရေးကို ကျောင်းများတွင် ကမ္ဘာ့အမြင်ဖြင့် သင်ကြားပေးသင့်သည်။

(Ref: Should world religion be taught in schools?, Joseph Laycock)

Powered by Bullraider.com