ကျွန်တော်နဲ့ ဝိဇ္ဇာခန်းမ

http://res.cloudinary.com/dt75s4mix/image/upload/v1432283810/Prof.-Dr.-Aung-Tun-Thet_hq2sy1.jpg

တစ်နေ့က ကျွန်တော်ရန်ကုန်တက္ကသိုလ်ကို ရောက်ခဲ့တယ်။ အမှန်တော့ ကျွန်တော်ဟာ ရန်ကုန်တက္ကသိုလ်ကို မြတ်နိုးတယ်၊ အထင်ကြီးတယ်၊ လေးစားတယ်၊ သံယောဇဉ်ထားတယ်။ သွားရတဲ့ အကြောင်းကလည်း လွန်ခဲ့တဲ့ တစ်လက သြစတြေးလျနိုင်ငံ ကင်ဘာရာမြို့မှာရှိတဲ့ သြစတြေးလျ အမျိုးသားတက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့ မြန်မာပြည်အကြောင်း ဆွေးနွေးပွဲရဲ့ အဆက် ကင်ဘာရာမြို့မှာ (၁၂)ကြိမ် လုပ်ခဲ့တဲ့ ဆွေးနွေးပွဲကို ပထမဆုံးအကြိမ် ရန်ကုန်မြို့မှာ လုပ်ဖို့စီစဉ်ခဲ့ တာဖြစ်တယ်။ ဟောပြောပွဲမှာ ကျွန်တော့်ကို အဖွင့်မိန့်ခွန်း ပြောပေးဖို့ ကမ်းလှမ်းတာ။ ကျွန်တော်သဘောတူပြီး ပြင်ဆင် ခဲ့တယ်။ ကင်ဘာရာမှာ ပြောတာနဲ့မတူအောင် ကြိုးစားရပြန် တယ်။

ဒီပွဲအကြောင်း ပရိသတ်တွေသိအောင် ကျွန်တော် လူမှုရေးကွန်ရက်ကတစ်ဆင့် ဖြန့်ဝေပေးခဲ့တယ်။ ကျွန်တော့်ရဲ့ ဘွဲ့လွန်ကျောင်းသူ ကျောင်းသားတွေ တက်ဖို့လည်း တိုက်တွန်း ခဲ့တယ်။ နဂိုဖိတ်စာထဲမှာ ရန်ကုန်တက္ကသိုလ် သိပ္ပံခန်းမဆိုပြီး ဖိတ်ထားတာမို့ ကျွန်တော်ကလည်း အခုလိုပဲ လက်ဆင့်ကမ်း ခဲ့တာ။ ပွဲက ၉ နာရီ စမှာမို့ အိမ်ကနေ အချိန်မီရောက်အောင် သွားခဲ့တယ်။ သိပ္ပံခန်းမရောက်တော့ ကားတွေလည်း မရှိ၊ လူတွေလည်း မတွေ့ရ တော့ စိတ်ပူသွားတာပဲ။ ဘယ်လိုဖြစ် တာလဲလို့ စိတ်ထဲမှာ ဖြစ်မိတယ်။ လုံခြုံရေးဝန်ထမ်းကိုမေးတော့ သိပ္ပံခန်းမမှာ ဘာမှမရှိဘူး။ ဝိဇ္ဇာခန်းမမှာ ဖြစ်နိုင်မယ်လို့ လမ်းညွှန်လိုက်တယ်။ ဒါနဲ့ သိပ္ပံခန်းမရဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ဝိဇ္ဇာခန်းမထဲကိုရောက်မှ ကြော်ငြာသင်ပုန်းတွေ၊ ပရိသတ်တွေ ဧည့်ကြိုတွေ တွေ့လိုက်ရတယ်။ သြစတြေးလျတုန်းက တွေ့ခဲ့ ရတဲ့ မြန်မာကျောင်းသူတွေကလည်း လာနှုတ်ဆက်ကြတယ်။ ခန်းမအဝမှာ စောင့်နေရင်း ရန်ကုန်တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေးဌာနက ပါမောက္ခ ဌာနမှူး ဒေါက်တာ ချောချော စိန်နဲ့ ဆုံတယ်။ ကျင်းပမယ့် အခမ်းအနားနေရာ ပြောင်းရတဲ့ အကြောင်းကို ရှင်းပြတယ်။ အစက ဝိဇ္ဇာခန်းမမှာ ပြုပြင်မှုတွေ လုပ်နေတာမို့ ဟောပြောပွဲနေရာကို သိပ္ပံခန်းမကို လျာထား ခဲ့တယ်။ ဒါပေမယ့် ပြုပြင်မှုတွေ မနေ့ညက ပြီးစီးသွားတာမို့ သိပ္ပံခန်းမကနေ ဝိဇ္ဇာခန်းမကို ပြောင်းရွှေ့ခဲ့တာဖြစ်ကြောင်း ရှင်းပြတယ်။ ကျွန်တော့်အတွေ့အကြုံအရ ရန်ကုန်တက္ကသိုလ်မှာ ဟောပြော ပွဲတွေလုပ်ရင် များသောအားဖြင့် ဝိဇ္ဇာခန်းမမှာ လုပ်ခဲ့တာ ဖြစ်တယ်။ ကျွန်တော်ငယ်ငယ်က သုတေသန စာတမ်းတွေကို မကြာခဏ ဒီခန်းမထဲမှာပဲ ဖတ်ကြားခဲ့တာ။ အရင်နှစ်ကလည်း အိန္ဒိယသံအမတ်ကြီးနဲ့ ပူးပေါင်းပြီး ဂန္ဒီကြီးနဲ့ ပတ်သက်တဲ့ ဟောပြောပွဲကို လုပ်ခဲ့တယ်။

ဒဿနိကဗေဒ ပါမောက္ခဒေါ် ကြည်ကြည်လှရဲ့ ဖိတ်ကြား ချက်ကြောင့် ဟောပြောပွဲတစ်ကြိမ် လုပ်ခဲ့သေးတယ်။ ကျွန်တော်က ဝိဇ္ဇာခန်းမကိုချစ်တယ်။ အထူးသဖြင့် ခန်းမကြီး ရဲ့နံရံမှာ ချိတ်ထားတဲ့ ရန်ကုန်တက္ကသိုလ်မှာ ပါမောက္ခချုပ် လုပ်သွားတဲ့ ဆရာကြီးတွေရဲ့ ဓာတ်ပုံကိုကြည့်ပြီး လေးစားရ တယ်။ ဂုဏ်ယူရတယ်။ ကျေနပ်ရတယ်။ ကျေးဇူးတင်ရတယ်။ ဒီဓာတ်ပုံတွေမှာပါတဲ့ ပုဂ္ဂိုလ်တွေဟာ ကျွန်တော်တို့နိုင်ငံရဲ့ အဖိုးမဖြတ်နိုင်တဲ့ အသိပညာအမွေအနှစ် သယံဇာတတွေ ဖြစ်တယ်။

တချို့ဆရာကြီးတွေ မရှိကြတော့ဘူး။ မကြာသေးမီက ကွယ်လွန်သွားတဲ့ ဆရာကြီး ဒေါက်တာလှမြင့်။ အမှန် မြန်မာပြည်ရဲ့ စီးပွားရေးပညာရှင်တွေအနက် ဆရာကြီး ဒေါက်တာလှမြင့်ဟာ အထင်ရှားဆုံး။ အတော်ဆုံး။ ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ်တာဝန်က စွန့်လွှတ်ပြီး လန်ဒန်မြို့မှာ ရှိတဲ့ နာမည်ကြီးစီးပွားရေးတက္ကသိုလ်မှာ ပါမောက္ခအဖြစ် တာဝန်ယူခဲ့သူ။ ဆရာကြီးဟာ ကုန်သွယ်မှုကို အထူးပြုခဲ့သူ တစ်ဦးဖြစ်သလို ¶ဖြိုးဆဲနိုင်ငံများရဲ့ တိုးတက်ဖွံ့ဖြိုးမှုကို သုတေ သနလုပ်ခဲ့သူ တစ်ဦးအဖြစ် ထင်ရှားခဲ့သူ။ လွန်ခဲ့တဲ့ သုံးနှစ် ကာလ ဆရာကြီးမြန်မာပြည်ကို ပြန်လာပြီး နေပြည်တော်မှာ မိန့်ခွန်းပြောခဲ့တယ်။ ကျန်းမာရေး ချို့တဲ့နေပေမယ့် သူ့ရဲ့ ဦးနှောက်၊ သူ့ရဲ့အတွေး၊ သူ့ရဲ့အယူအဆတွေကတော့ ရှင်သန် တုန်း။ ဆရာကြီးကို ငယ်ငယ်တုန်းက မမီလိုက်တဲ့ ကျွန်တော်ဟာ အခုလိုတွေ့ရတော့ ဝမ်းသာပီတိကြည်နူးမိခဲ့တယ်။

ဆရာကြီး ဒေါက်တာထင်အောင်ဟာလည်း ပညာရေး အာဇာနည်တစ်ဦး။ သူ့ရဲ့စာအုပ်တွေဟာ မြန်မာ့ယဉ်ကျေးမှု၊ သမိုင်းဓလေ့ထုံးစံတွေ ကို ပြီးပြည့်စုံအောင် ဖော်ပြမှုတွေဟာ ထူးခြားလှတယ်။ မြန်မာ့ရိုးရာ ပုံပြင်ဆိုတဲ့စာအုပ်ဟာ မြန်မာတွေ ဖတ်သင့်တဲ့ စာအုပ်တစ်အုပ် ဖြစ်တယ်။ ထူးခြား တာက ဆရာကြီးဟာ ဒီစာအုပ်တွေကို အင်္ဂလိပ်ဘာသာနဲ့ ရေးသားခဲ့တယ်။ ပါမောက္ခချုပ်တာဝန်ယူပြီး ဒေါက်တာ ထင်အောင်ဟာ ဗြိတိန်နိုင်ငံက နာမည်ကြီးလှတဲ့ အောက်စဖို့ဒ် တက္ကသိုလ်မှာ ပါမောက္ခအဖြစ် တာဝန်ယူခဲ့ပြန်တယ်။ ရန်ကုန်တက္ကသိုလ်ရဲ့ သမိုင်းကတော့ အလွန်ပဲ ထူးခြားလှ တယ်။ ၁၉၂ဝ ပြည့်နှစ်က တည်ထောင်ခဲ့တယ်။ မတည် ထောင်မီ အင်္ဂလိပ်လက်ထက် အိန္ဒိယပြည်မှာရှိတဲ့ ကိုလ်ကတ္တားတက္ကသိုလ် လက်အောက်အဖြစ် စတင်ရပ်တည် ခဲ့တာ။

သီးခြားတက္ကသိုလ်ဖြစ်လာတဲ့အချိန်မှာ ကောလိပ် နှစ်ခုဖြစ်တဲ့ ယူနီဗာစတီကောလိပ်နဲ့ ဂျပ်ဆင်ကောလိပ်နှစ်ခု ပေါင်းထားတာ ဖြစ်တယ်။
ဒီနေရာမှာ တက္ကသိုလ်၊ ကောလိပ်ဒီအဖွဲ့အစည်းနှစ်ခုရဲ့ ဆက်စပ်မှုကို နားလည်ဖို့လိုအပ်တယ်။ အများကရောနေတယ်။ ကောလိပ်၊ တက္ကသိုလ်စနစ်ကို ၁၂ ရာစုက အင်္ဂလန်နိုင်ငံမှ စတင်ဖော်ထုတ်ခဲ့တယ်။ အစက သာသနာပြုဘုန်းတော်ကြီး ကျောင်းတွေကစတာ။ ဒီဘုန်းတော်ကြီးကျောင်းတွေမှာ ဘာသာရေးဆိုင်ရာ ပညာရပ်တွေ သင်ကြားခဲ့တယ်။ အုပ်ချုပ်တဲ့ ဘုရင်မင်းမြတ်တွေက၊ ကမကထပြုပြီး ကောလိပ် တွေတည်ထောင်ခဲ့တာ။ ကောလိပ်တွေ စုစည်းလိုက်ပြီး တက္ကသိုလ်လို့ ခေါ်ဝေါ်သတ်မှတ်တာ။ ဒါကြောင့် အင်္ဂလန်နိုင်ငံ က နာမည်ကြီး တက္ကသိုလ်တွေဟာ ကောလိပ်တွေနဲ့ ဖွဲ့စည်း ထားတာ။
ကောလိပ်တစ်ခုချင်းဟာ သီးခြား ရပ်တည်ပြီး အုပ်ချုပ်မှု တွေ၊ လုပ်ငန်းတွေ၊ ဘွဲ့နှင်းသဘင် အခမ်းအနားတွေကိုတော့ တက္ကသိုလ်က တာဝန်ယူ ကျင်းပခဲ့တယ်။ အခုလို ပီပီပြင်ပြင် ရှိလှတဲ့ စနစ်ကို ၁၉၆၄ ခုနှစ်မှာ ပညာရေးပြုပြင်ပြောင်းလဲမှု တွေလုပ်ပြီး ဖျက်ဆီးခဲ့တာ။ ကျွန်တော်တို့ နိုင်ငံမှာ ခေတ်အဆက်ဆက် ပညာရေးစနစ်ကို ပြောင်းချင်တဲ့စိတ်က ပြင်းပြတာတွေ့ရတယ်။ ပညာရေးစနစ်ကို အခြေကျအောင်၊ ခိုင်မြဲအောင်၊ မစဉ်းစားဘဲ ကိုယ်လိုချင်သလို ပြောင်းခဲ့ကြတယ်။ ၁၉၆၄ ခုနှစ်က စတင်ခဲ့တဲ့ပညာရေး ပြုပြင်ပြောင်းလဲမှုတွေဟာ နှစ်ပေါင်း ၅ဝ နီးနီး ထပ်ခါတလဲလဲလုပ်ခဲ့တာ လုပ်တဲ့နေရာမှာ လည်း ပညာရေးဦးတည်ချက်ထက် နိုင်ငံရေးဦးတည်ချက်ကို ဦးစားပေးခဲ့ကြတယ်။ နိုင်ငံရေးစိတ်ဝင်စားတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့တယ်။ ကိုယ့်နိုင်ငံ ရဲ့ လွတ်လပ်ရေးခရီးကို တက္ကသိုလ်ကျောင်းသားတွေစတင်ခဲ့ တာကို မေ့လျော့နေသလိုပဲ။ တစ်ခုတော့ရှိပါတယ်။

အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ အမျိုးမျိုးကြားထဲက ရန်ကုန်တက္ကသိုလ်ဟာ ရှင်သန်ခဲ့တယ်။ တစ်ချိန်က ခြောက်သွေ့ နေတဲ့ တက္ကသိုလ်ပတ်ဝန်းကျင်ဟာ အခုတော့လန်းဆန်းနေတာ တွေ့ရတယ်။ ဒါပေမယ့် နဂိုအနေအထားတော့ မရှိသေးဘူး။ ဖွင့်ပွဲ အခမ်းအနားကို သြစတြေးလျ အမျိုးသားတက္ကသိုလ်က ပါမောက္ခတစ်ဦးက အခမ်းအနားမှူးအဖြစ် တာဝန်ယူပြီး ဖွင့်ပွဲ မိန့်ခွန်းကို ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ မိုးကောင်းက ပြောကြားခဲ့တယ်။ ဒုတိယပြောကြားတဲ့သူ ကတော့ သြစတြေးလျအမျိုးသားတက္ကသိုလ်က ပါမောက္ခ ဌာနမှူးဖြစ်တယ်။

ကျွန်တော့်အနေနဲ့ကတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွား ရေးနဲ့ လူမှုရေးအခြေအနေကို တင်ပြနိုင်ခဲ့တယ်။ ၂ဝ၁၆ ခုနှစ်က တက်လာတဲ့ နိုင်ငံတော်အစိုးရရဲ့ သက်တမ်းဟာ တစ်နှစ်နီးပါး ရှိတော့မှာဖြစ်တယ်။ တစ်နှစ်အတွင်း ဆောင်ရွက်ချက်တွေ၊ အောင်မြင်မှုတွေ၊ အခက်အခဲတေ၊ွ အတားအဆီးတွေကို သုံးသပ်ပြီး တင်ပြခဲ့ပါတယ်။ ရွေးကောက်ပွဲ အောင်မြင်မှုရတဲ့ အရပ်သားအစိုးရကို ပြည်သူတွေက မျှော်လင့်ချက်ကြီးခဲ့တယ်။ ထားသင့်တာထက်ပိုပြီး အားကိုးတကြီး ရှိခဲ့ကြတာ။ မျှော်လင့် ချက်တွေ မြင့်မားမှုဟာ တစ်ဖက်ကကြည့်ရင် အားမလိုအားမရ ဖြစ်ရတဲ့အကြောင်းရင်းတစ်ခုဖြစ်တယ်။ ပြည်တွင်းငြိမ်းချမ်း ရေးကို ဦးစားပေးနေတာဟာလည်း သဘာဝကျတယ်။ ဖြစ်သင့် တယ်။

ဒီကြိုးပမ်းမှုနဲ့ဒွန်တွဲပြီး စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုကို ဆောင်ရွက်ရမှာဖြစ်တယ်။ ကျွန်တော်အမြဲ ပြောနေကြအတိုင်း နိုင်ငံရေးဘောဂအမြင်နဲ့ သုံးသပ်ရမှာသာဖြစ်တယ်။ ဒီမိုကရေစီ ခရီးဟာ ရှည်လျားလှတယ်။ ပြီးပြည့်စုံတဲ့ အနေအထားမရှိ သေးဘဲ ငယ်ငယ်က စာရင်းကိုင်ပညာမှာ သင်ခဲ့ရသလို ''လုပ်ဆဲ အလုပ်''သာ ဖြစ်တယ်။ စိတ်ရှည်ဖို့ လိုတယ်။ နားလည်ဖို့ လိုတယ်။ သည်းခံဖို့ လိုတယ်။ အပေးအယူရှိဖို့ အရေးကြီးတယ်။ ဒါပေမယ့် ပြည်သူတွေအားလုံး မျှော်လင့်တောင့်တတဲ့ ပန်းတိုင်ကတော့ ပြတ်သားမှုတွေရှိနေပြီ ဖြစ်တယ်။ ဒီပန်းတိုင် ကို ရောက်အောင် အားလုံးပါဝင်ပြီး ကြိုးစားရမှာသာဖြစ်တယ်။
ကျွန်တော်က ပေးထားတဲ့အချိန် တစ်ဝက်လောက်ကို တင်ပြမှုပြုခဲ့ပြီး ကျန်တစ်ဝက်ကို အမေးအဖြေကဏ္ဍ လုပ်ခဲ့ တယ်။ ဝမ်းသာစရာ ကောင်းတာက မေးခွန်းတွေမေးကြတယ်။ လူငယ်တွေ အများစုတက်ရောက်ခဲ့ကြတာမို့ မေးခွန်းတချို့က ရဲရဲတောက်မေးခွန်းတွေ၊ တင်ပြချက်ကို အခြေခံတဲ့ မေးခွန်းတွေ ပါဝင်သလို အခြားသိချင်တာတွေကိုလည်း မေးခဲ့ကြတယ်။ တက်ရောက်လာတဲ့ ပရိသတ်တွေအနက် နိုင်ငံခြား ပညာရှင် အမြောက်အမြား ပါဝင်ကြတာမို့ သူတို့ကလည်း မေးကြတယ်။ ကျွန်တော်ကလည်း ကြိုးစားပြီး ဖြေခဲ့တယ်။ အမှန်တော့ ဝိဇ္ဇာ ခန်းမရဲ့ အနှစ်သာရဟာ အခမ်းအနားအပြင်အဆင်မဟုတ် ဘဲ တစ်ဦးနဲ့တစ်ဦး ဆွေးနွေးငြင်းခုံပြီး အသိတရားတိုးမြင့်အောင် လုပ်ခြင်းဖြစ်တယ်။ ငါမှန်တယ်။ မင်းမှားတယ်ဆိုတဲ့ အယူအဆ မဟုတ်ဘဲ ငါလည်းမသိ၊ မင်းလည်းမသိတာမို့ တို့နှစ်ယောက် ပေါင်းပြီး အသိချင်း ဖလှယ်ကြရအောင်။ ဒီသဘောပဲဖြစ်တယ်။ ပညာရှင်ဆိုတာ ဒါပဲဖြစ်တယ်။ မှတစ်ပါး တခြားမရှိ၊ ငါသိ ငါတတ်တာ မဟုတ်ပါဘူး။ တက္ကသိုလ်ကောလိပ်ရဲ့ အနှစ်သာရ ဟာ မတူညီတဲ့ အမြင်တွေကိုဖလှယ်ပြီး အသိတိုးအောင်လုပ် ခြင်းဖြစ်တယ်။ ဆရာလုပ်တဲ့သူဟာလည်း ကျောင်းသူ ကျောင်း သားတွေကို သင်ကြားပို့ချရင်း အသိတရား တိုးလာတာသာ ဖြစ်တယ်။ မသိတဲ့သူ မတတ်တဲ့လူကို ဆရာလုပ်တာမဟုတ်ဘူး။ အသိတရားကို ပူးပေါင်းပြီး ရှာဖွေတာဖြစ်တယ်။ ဒါကြောင့် ကျွန်တော် စာသင်တဲ့အခါတိုင်း ကိုယ့်ရဲ့တပည့်တွေကို အမြဲ ကျေးဇူးတင်တယ်။ သူတို့ကို သင်ကြားခွင့်ရတာဟာ အင်မတန်မှ ထူးတဲ့ ကုသိုလ်ဖြစ်တယ်။ ကိုယ်လေ့လာထားတာ၊ ကိုယ်သုတေသနပြုထားတာတွေကို သူတို့ကို မျှဝေနိုင်ပြီး ကိုယ့်ရဲ့အယူအဆနဲ့ ဖလှယ်နိုင်မှုဟာ တန်ဖိုးကြီးလှတဲ့ ကိစ္စတစ်ခု ဖြစ်တယ်။

အခုလို မေးခွန်းတွေမေး။ ကျွန်တော်က ဖြေပြီး အချိန်ပြည့် တော့ အခမ်းအနားကို ရုပ်သိမ်းခဲ့တယ်။ တက်ရောက်လာ သူအချို့က ကျွန်တော့်ကို နှုတ်ဆက်ကြတယ်။ မီဒီယာတွေ ကလည်း မေးခွန်းတွေ မေးကြတယ်။ ဧည့်သည်တွေက အပေါ် ထပ်တက်ပြီး နေ့လယ်စာ စားနေကြပေမယ့် ကျွန်တော်က ကိစ္စတွေရှုပ်ပြီး ခန်းမထဲမှာ ကျန်ခဲ့တယ်။ နေ့လယ်စာ စားခွင့် ပြုဖို့ တောင်းပန်ပြီး အပေါ်ထပ် တက်ခဲ့တယ်။ နိုင်ငံခြားပညာရှင် တွေ၊ ရန်ကုန်တက္ကသိုလ်က ပေါမောက္ခတွေ၊ သူတို့ကို နှုတ်ဆက် ဖြစ်တယ်။ ကုလသမဂ္ဂ သတင်းဆက်သွယ်ရေး ဌာနမှူး ဦးအေးဝင်းနဲ့အတူ နေ့လယ်စာစားခဲ့တယ်။ နေ့လယ်စာစားပြီး ပြုလုပ်တဲ့ စာတမ်းဖတ်ပွဲတွေကိုတော့ ကျွန်တော်မတက် နိုင်ခဲ့ဘူး။ စာတမ်းခေါင်းစဉ်တွေက အလွန်စိတ်ဝင်စားစရာတွေ၊ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ယဉ်ကျေးမှု ခေါင်းစဉ်အသီးသီး နဲ့ ဖတ်ကြားတဲ့သူတွေကလည်း နိုင်ငံခြားက ပညာရှင်တွေ ပါဝင်သလို ပြည်တွင်းက လူတွေလည်း ပါဝင်ကြတယ်။

နောက်တစ်နေ့မနက် ခပ်စောစော ကျွန်တော် ဝိဇ္ဇာခန်းမ ကို ရောက်ခဲ့ပြန်တယ်။ စာတမ်းဖတ်ပွဲရဲ့ ဒုတိယနေ့။ ကျွန်တော့် အနေနဲ့ စာတမ်းဖတ်ပွဲမှာ မဟုတ်ဘဲ သြစတြေးလျ အမျိုးသား တက္ကသိုလ်က ပါမောက္ခတွေကို နှုတ်ဆက်ဖို့ သွားခဲ့တာ။ ကျွန်တော်ခန်းမရောက်တော့ တစ်ယောက်မှ မရှိသေးဘူး။ ဒါနဲ့ ကျွန်တော့်အနီးမှာရှိတဲ့ စီးပွားရေးတက္ကသိုလ်ဆီ လျှောက် ခဲ့တယ်။ ဝိဇ္ဇာခန်းမအတွက် ကျက်သရေရှိလှတဲ့ ဘွဲ့နှင်းသဘင် ခန်းမကြီးကို ငေးကြည့်နေမိတယ်။ ကျွန်တော်လမ်းလျှောက်ရင်း လွန်ခဲ့တဲ့ ၅ဝနှစ်ကျော်ကို သွားသတိရမိတယ်။ ဒီတုန်းက ကျောင်းသားတစ်ယောက် အနေနဲ့ကျောင်းတက်တိုင်း အဓိပတိ လမ်းထိပ်မှာ ရပ်ထားတဲ့ ဘတ်စ်ကားမှတ်တိုင်က တစ်ဆင့် လျှောက်ခဲ့တာကို မှတ်မိနေတယ်။ တစ်ခုတော့ရှိတယ် ဟိုတုန်းက မရှိတာကို အခုဝမ်းနည်းစရာ တွေ့နေရတယ်။ စီးပွားရေးတက္ကသိုလ်နဲ့ ရန်ကုန်တက္ကသိုလ်အကြား ခြံစည်းရိုး မရှိဘဲ လွတ်လွတ်လပ်လပ် သွားခွင့်ရတယ်။ အခုတော့ ခြံစည်း ရိုး အခိုင်အမာတွေနဲ့ ကာဆီးထားတာ။ အရုပ်ဆိုး အကျည်းတန် မှုပဲ။ တက္ကသိုလ်ရဲ့ အနှစ်သာရက အတားအဆီးမဟုတ်ဘဲ လွတ်လပ်မှုဖြစ်တယ်။ စည်းကမ်းနဲ့ ပတ်သက်လာတဲ့ အခါမှာ လည်း သူများသတ်မှတ်တာမို့ လိုက်နာရတဲ့အဖြစ်မျိုး မဟုတ် ဘဲ ကိုယ့်အသိ၊ ကိုယ့်ဆန္ဒနဲ့ ထိန်းသိမ်းမှုသာ ဖြစ်တယ်။ ကျွန်တော်ကနံရံ၊ ခြံစည်းရိုးတွေကို တံတားတွေနဲ့ အစားထိုး စေချင်တယ်။ မေတ္တာပေါင်းကူးတံတား၊ နားလည်မှုတံတား၊ လေးစားမှုပေးတဲ့တံတား ရန်ကုန်တက္ကသိုလ်မှာ ကာဆီးထားတဲ့ နံရံတွေ၊ ခြံစည်းရိုးတွေကို ကျွန်တော့်ဆောင်းပါးနဲ့ ဖြိုဖျက်နိုင်ပါ စေလို့သာ ဆုတောင်းမိပါတယ်။

မြန်မာ့အလင်းသတင်းစာ (၂၇.၃.၂၀၁၇)

Powered by Bullraider.com