နေရာတိုင်းမှာ မီးထွန်းပေးပါ

 

၂၀၁၂ ဘားကမ့်ဆိုသည့်ပွဲ ကျွန်တော်မရောက်ပါ။ ကျွန်တော့်လို ၆၀ နီးပါးလူကြီးတစ်ယောက် လူငယ်တွေကြား ထဲတွင် ကိုးလိုးကန့်လန့်ဖြစ်နေမည်ကို စိုးရိမ်မိသည်။ လူငယ်တွေပွဲ လွတ်လွတ်လပ်လပ်နွှဲပါစေဆိုပြီး ဒီအတိုင်း နေလိုက်မိသည်မှာ ဘားကမ့် ၂ နှစ်တိုင်သွားသည်။

သို့သော် ကျွန်တော့်ထက် အသက်ကြီးသူတွေက ဒီနှစ် ဘားကမ့်ပွဲကို မရောက် ရောက်အောင်သွားတက်ကြ ကြောင်း သိရသည်။ အကြောင်းကတော့ ဒေါ်အောင်ဆန်းစုကြည်လာပြီး ဘားကမ့်ပွဲကို ဖွင့်ပေးမည်ဆိုသော ကြောင့်ဖြစ်သည်။

ဘားကမ့်ပွဲကို လူငယ်တွေစုပြီး လူငယ်စိတ်နှင့် စည်းလုံးညီညွတ်မှုကို ဖော်ထုတ်ပြသကြသည်။ လူကြီးပိုင်းက လည်း ကွန်ပျူတာအသင်းများကလွဲပြီး တာဝန်ယူခြင်း၊ လှည့်ကြည့်ခြင်း၊ ဖွင့်ပေးခြင်းမလုပ်ခဲ့။ လွှတ်တော်နဲ့များ တိုက်နေလို့လားဟု ထင်စရာရှိသည်။ မနှစ်၊ တစ်နှစ်ကလည်း တိုးတိုးတိတ်တိတ် ကျိတ်ဖွင့်လိုက်ကြသည်။ ဒီနှစ်တော့ လူငယ်တွေရဲ့ အချစ်တော် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးမည်ဆိုတော့ သူတို့အားတက်သွားမည်။ ဂုဏ်ယူပြောကြားစရာတစ်ခုဖြစ်သွားမည်။

ဘားကမ့်ရန်ကုန်ဖွင့်ပွဲကို ဖေဖော်ဝါရီ ၁၁ ရက်နေ့က မြန်မာအင်ဖိုတက်တွင် ကျင်းပပြုလုပ်သည်။ ဒေါ်အောင် ဆန်းစုကြည်အနေဖြင့် ပထမဦးဆုံး ခြေချဖူးသည့် နေရာဖြစ်မည်ထင်သည်။ ကျွန်တော် ဘားကမ့်ပွဲကို မတက်သော်လည်း မိတ်ဆွေတစ်ယောက်မှ ဗီဒီယိုရိုက်ကူးထားသည်ကို မျှဝေသဖြင့် အခမ်းအနား အစအဆုံးလောက်ကို ကြည့်လိုက်ရသည်။

ကျွန်တော်အံ့သြမိသည်မှာ တစ်ချိန်က စစ်ဗိုလ်ချုပ်ကြီးများနောက်တွင် တစ်ကောက်ကောက်လိုက်ကာ အခွင့် အရေးတောင်းခံနေသူများ ဒေါ်အောင်ဆန်းစုကြည်နောက်သို့လည်း တစ်ကောက်ကောက်၊ ဗိုလ်ချုပ်ကြီးများ နောက်သို့ တစ်ကောက်ကောက်လိုက်သကဲ့သို့ ရိုကျိုးစွာ လိုက်နေကြခြင်းဖြစ်သည်။ သူ့ထက်ငါ ဒေါ်အောင် ဆန်းစုကြည်အနီးသို့ ရောက်အောင်တိုးရင်း ပြုံးပြကြ၊ နှုတ်ဆက်ကြလုပ်နေကြသည်။

ကျွန်တော်က မနှစ်ကအထိ ဤသူများ ဒေါ်အောင်ဆန်းစုကြည်ကို ဘားကမ့်ပွဲဖိတ်ရန်မပြောနှင့် လမ်းတွေ့လျှင်တောင် နှုတ်ဆက်ပြုံးပြ ရဲမည်မထင်ပေ။ သို့သော် စီးပွားရေးသမားတွေ အခြေအနေအချိန်အခါကိုလိုက်ပြီး အရောင်ပြောင်းနေကြသည့် ကြားထဲတွင် လူငယ်တွေကတော့ မသိနားမလည်စွာ ဓားစာခံဖြစ်ရလျှင် ဤပွဲကို မတန်ဟု ဆိုရမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က `လူငယ်နှင့်နည်းပညာ´ ခေါင်းစဉ်ဖြင့် ဘားကမ့်အဖွင့် မိန့်ခွန်းကို ပြောကြားသွားသည်။ မိန့်ခွန်းထဲတွင် `ဖယောင်းတိုင် တစ်တိုင်မှ အခြားဖယောင်းတိုင်အများကြီးကို မီးညှိလိုက်ရင် မူလ ဖယောင်းတိုင်ကလည်း အလင်းရောင် မလျော့သွားဘူး၊ အားလုံးအတွက် အလင်းရောင်ပိုလာတယ်။ ဒီနည်း အတိုင်း ပညာကိုလည်း မျှဝေရမယ်´ ဆိုသည့်ဥပမာလေးကို သဘောကျမိပါသည်။

သို့သော် ဒေါ်အောင်ဆန်းစု ကြည် မသိသေးသည့်အချက်များစွာရှိပါသည်။ မြန်မာ့အိုင်တီလောကတွင် မြင်သာသောနေရာ၌ ဖယောင်းတိုင်တွေ အများကြီးထွန်းပြထားပြီး၊ လိုအပ်သောနေရာများတွင် အမှောင်ထဲထိုင်သူတွေ ထိုင်နေရကြောင်းကို ဒေါ်အောင်ဆန်းစုကြည်နောက် တစ်ကောက်ကောက် လိုက်နေသော အိုင်တီလောကမှ သက်တော်ရှည် ဥက္ကဋ္ဌကြီးများက ပြောကြားလိုက်ပါ့မလား သံသယတော့ ပွားမိသည်။

မြန်မာ့အိုင်တီလောက ၁၀ နှစ်ကျော်လာခဲ့ပါပြီ။ အိုင်စီတီဖြင့် စီးပွားရှာသူတွေ ချမ်းသာသွားကြသည်။ အိုင်စီတီ ဖြင့် ပညာရှာသူတွေ နိုင်ငံခြားရောက်သွားကြသည်။ အမိနိုင်ငံတော်ကို ချစ်ပါသည်ဆိုသော အိုင်တီပညာရှင်များ ထမင်းမငတ်ရုံ ရှာဖွေစားသောက်နေကြရသည်။ ပညာရှင်ဆိုသူတွေက ငွေရှာတတ်သူတွေမဟုတ်၊ ငွေကြေး ချမ်းသာသူတွေလည်းမဟုတ်။ ပညာကို လေ့လာရင်း အသက်အရွယ်တွေရလာသည်။ လူမှုဘ၀တွေနှင့် ကင်းကွာလာကြသည်။ သူတို့ပညာကို နိုင်ငံရပ်ခြားမှတစ်ပါး သွားပြီးအသုံးချစရာ၊ အကျိုးအမြတ်ပြန်ရှာစရာ နေရာမရှိ။

မြန်မာနိုင်ငံတွင် ငွေစာရင်းလောက်၊ ဘဏ်အ၀င်အထွက်လောက် ပရိုဂရမ်လေးတွေ ရေးရရေးကိုပင် အပြိုင် အဆိုင် လက်ဝါးဖြန့်ကာ အသနားခံနေကြရသည့် အိုင်တီပညာရှင်တွေကိုကြည့်ပြီး စိတ်မကောင်းများစွာဖြစ်နေ မိသည်။ လည်သူစားတမ်းခေတ်တွင် အစိုးရခေတ်အဆက်ဆက် ခွင်ဆင်တတ်သူတွေက ရှေ့တက်သွားသည်။ လုပ်ပိုင်ခွင့်လေးတစ်ခုအတွက် ကိုယ်ကျိုး၊ အဖွဲ့အကျိုး၊ မိတ်ဆွေသူငယ်ချင်းများအကျိုးကို ချနင်းပြီး အပေါ် ရောက်အောင် တက်သူတွေ တက်သွားကြသည်။ ထိုထိုသော အခြေအနေတွင် ပညာရှင်ဆိုသူတွေက ယူနီကုတ်ဆိုသည့် မြန်မာစာလုံးတွေကို ဟိုလိုရေး၊ သည်လိုရေးနှင့် ရေးထုံးတွင် တိုင်ပတ်နေကြတုန်းဖြစ်သည်။

စီးပွားရေးတွေပိတ်ဆို့သည်။ နိုင်ငံရေးအခြေအနေကြောင့် အလုပ်အကိုင်အခွင့်အလမ်းတွေမရဟု ပြောကြ သည်။ ယခုလို ဒေါ်အောင်ဆန်းစုကြည်နှင့်အစိုးရ ငြိမ်းချမ်းရေးရသွားသည်ကို ၀မ်းသာမိသည်။ အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ငြိမ်းချမ်းရေးခရီးလမ်းတွင် ပိတ်ဆို့ထားမှုတွေကို ပိတ်ဆို့ထားသည့် နိုင်ငံနှင့် အဖွဲ့အစည်းတွေက တစ်ထစ်ချင်း လျှော့ချပေးလာသည်။

မကြာမီ ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲ ၀င်မည်။ လွှတ်တော်တွင် အကောင်းဆုံး အတိုက်အခံကောင်းတစ်ယောက်၊ ပြည်သူ့ဘက်တော်သားတစ် ယောက်ဖြစ်လာလိမ့်မည်မှာ မုချဧကန် ဖြစ်ပါသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကြားထဲကဖြတ် ၀င်ရသည့် လွှတ်တော်ြ ဖစ်ကြောင်းကိုလည်း သဘောပေါက်ထားကြရန်လိုပါသည်။

ကျွန်တော်တို့မြန်မာတွေ အကျင့်တစ်ခုရှိပါသည်။ ဟိုလူ့မျှော်၊ သည်လူ့အားကိုး၊ မင်းလောင်းမျှော်၊ သတင်း ကောင်းမျှော်တတ်ကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မည်သို့ဆိုစေ ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်သော်လည်း နိုင်ငံတော် သမ္မတအပေါ် ကျော်နိုင်မည်လော၊ လွှတ်တော် ဥက္ကဋ္ဌအသီးသီးကို ကျော်နိုင်မည်လော။ ၀န်ကြီးတစ်နေရာ ရနိုင်မည်လော။

ဒေါ်အောင်ဆန်းစုကြည်သည် မည်မျှစွမ်းနိုင်ပါမည်နည်း။ ဥုံဖွမန်း ကာ တိုင်းပြည်ကြီးကို ချက်ချင်း ရွှေနိုင်ငံကြီးဖြစ်အောင် လုပ်နိုင်ပါမည်လော၊ အိုင်တီလောကကြီးကို ၁၀ နှစ်ကျော်တိုင်တိုင် ဥက္ကဋ္ဌကြီးများ၊ အတွင်းရေးမှူးကြီးများ ဘာမျှမလုပ်နိုင်သည်ကို ဒေါ်အောင်ဆန်းစုကြည်က ချက်ချင်း လက်ကလေး ဝှေ့ရမ်းလိုက်သည်နှင့် အိုင်တီလောကကြီး တိုးတက်ပြောင်းလဲသွားမည်လော၊ ပြန်ပြီး ဆန်းစစ်ကြဖို့လိုပါသည်။

ကျွန်တော်တို့ ပြင်သင့်တာတွေ ပြင်ထားကြရပါလိမ့်မည်။ အနာဂတ်နိုင်ငံတော်နှင့် အံဝင်ခွင်ကျဖြစ်စေရန် ပြင်ထားကြရပါလိမ့်မယ်။ ဒီမိုကရေစီလိုချင်ပြီး ဒီမိုကရေစီနှင့် မထိုက်တန်သော စိတ်ဓာတ်များကို ဦးစွာပြင်ထား ကြရန်လိုပါသည်။ ဖယောင်းတိုင်တွေကိုင်ထားကြရပါမည်။ မီးကူးလာသူကို ကြိုဆိုရပါမည်။ အမှောင်ဆုံးနေရာ တွေကို အလင်းရောင်လိုက်ပေးရန်လိုပါသည်။

လျှပ်စစ်မီးတွေ ထိန်ထိန်ညီးနေသည့် ခမ်းမကြီးထဲတွင် မီးတွေကိုပိတ်ပြီး စတန့်ထွင်ကာ ဖယောင်းတိုင်များကို မထွန်းစေချင်ပါ။ လူငယ်တို့၏ဘားကမ့်ပွဲသည် လူကြီးတွေအတွက် အမြတ်ထုတ်ပွဲတော့ မဖြစ်စေချင်ပါ။

တင်ညွန့်

Powered by Bullraider.com

Notice: Undefined index: data in /home/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238