မြန်မာစာပေ မြန်မာစကားပြေ ပညာရှင်

မြန်မာစာပေ မြန်မာစကားပြေ ပညာရှင်သည် မြန်မာစာပါမောက္ခ ဦးမောင်မောင်ကြီးကို ဆိုလိုပေ သည်။ မြန်မာစာဌာနပါမောက္ခများတွင် မြန်မာစကားပြေ သင်ကြားရေးကို ဦးစားပေးလမ်းညွှန်ခဲ့သော စာပေပညာရှင်တစ်ဦး ဖြစ်ပေသည်။

ဆရာဦးမောင်မောင်ကြီး ပါဝင်ရေးသားခဲ့သော စာနယ်ဇင်း စာစုစာရင်း ၁၅ မျိုးခန့်ရှိခဲ့သည်။ ဆရာကြီး သည် စကားပြေသမားဟူ၍ပင် မော်ကွန်းတင်ချင်ပါသည်။ ဆရာကြီးရေးသားထားခဲ့သော စာစုစာရင်း တွင် ချစ်ရည်တူ (သဇင်ပန်းဘွဲ့) ကဗျာတစ်ပုဒ်သာ တွေ့ရကြောင်းကို "ရန်ကုန်တက္ကသိုလ် မြန်မာစာ ဌာန နှစ် ၆၀ ပြည့် အထိမ်းအမှတ်စာစောင်" တွင်ဖော်ပြထားသည်။ ဆရာကြီးသည် စကားပြေသမား ပီသလှပါသည်။ ဆရာကြီးနောက်ဆုံး စာပေလက်ရာမွန်သည်ပင် "မြန်မာစကားပြေသမိုင်း" ဖြစ်နေပါ သည်။

ဆရာကြီးသည် မြန်မာစာပေ စကားပြေအကျိုးပြု စာအုပ်များစွာ ရေးသားပြုစုထုတ်ဝေခဲ့သည်။ ဆရာကြီး ပြုစုခဲ့သော စာအုပ်များအနက် စာမျက်ရှု (၁၉၆၄)၊ အသုံးချမြန်မာစာ (၁၉၇၀)၊ ယောင်တတ် မှားတတ်သော စာလုံးပေါင်းများ (၁၉၇၀) စသည့် စာအုပ်များသည် မြန်မာစာပေ မြန်မာစကားပြေ စာပေမြင့်မားရေးကို ရှေ့တန်းမှ ရှေးရှုအကျိုးပြုခဲ့သည်။ မြန်မာစာပေ မြန်မာစကားပြေပညာရှင်ဟူ၍ ပင် မော်ကွန်းတင်ချင်ပါသည်။

စာပေအသင်အပြကောင်းသောဆရာကြီး

"တက္ကသိုလ်မောင်မောင်ကြီးနှင့် ကျွန်တော်" ဆောင်းပါးတွင် ဆရာမင်းယုဝေက ဤသို့ ရေးပြထား သည်။

"ဆရာက ဖီလဒင်ဟော ရေးသမျှ စာအုပ်အားလုံးကို ဖတ်ဖူးကြောင်း ပြောပြသည်။ ဖီလဒင်ဟော၏ စိတ်စေတနာနှင့် အမြင်ကျယ်မှုတို့ကို လေးစားနှစ်သက်သည်နှင့်အမျှ ဖီလဒင်ဟော၏ စကားပြေရေး ဟန်ကို နှစ်သက်ကြောင်း၊ သူ့စကားပြေရေးရာတွင် ဖီလဒင်ဟော၏ ရေးဟန်ကို အတုယူ လိုက်နာခဲ့ ကြောင်းပြောပြလေသည်။"

ဆရာမင်းယုဝေက ဆက်လက်၍-

"ကျွန်တော်သည် ဆရာဦးမောင်မောင်ကြီး၏ စကားပြေအရေးအသားကို နှစ်သက်၏။ ဆရာသည် စကားပြေကို ရိုးရိုးနှင့်ရှင်းလင်းပြတ်သားစွာ ရေးသူဖြစ်၏" ဟူ၍ ချီးကျူးစကား ရေးသားထားသည်။ မှန်ပါသည်။ ဆရာဦးမောင်မောင်ကြီးသည် စာသင်ရာတွင် ရိုးရိုးရှင်းရှင်း သင်ပြနိုင်စွမ်းရှိသည်။ ကဗျာ ကို သင်ရာတွင်ပင် ကဗျာ့ဟန်ကို စကားပြေရိုးရိုးဖြင့်သာ ရှင်းပြလေ့ရှိသည်။ မြန်မာစာ ဂုဏ်ထူးတန်း တွင် ဆရာကြီးက နေမိဘုံခန်းပျို့ကို သင်ကြားပေးသည်။ ဗဟုသုတပြည့်ဝအောင် စွမ်းဆောင်သင် ကြားပေးသည်။ ဆရာကြီးသည် ကဗျာကို အလွတ်ကျက်မှတ်ရန်ထက် စကားပြေသက်သက်ကိုသာ သင်ပြသည်။ နေမိဘုံခန်းကို မြှောက်လွန်းသည်ဟု ဆိုစမှတ် ပြုထားသော်လည်း ဆရာကြီး သင်ပြ သောအခါ သိလွယ်၊ မှတ်လွယ်၊ အံ့သြဖွယ်ဖြစ်စရာများ အမှတ်တရ မှတ်သားနားလည်စေခဲ့ပါသည်။ မြန်မာစာပေ အသင်အပြကောင်းသော ဆရာကြီးဟူ၍ ချီးမွမ်းဂုဏ်ပြုထိုက်ပါသည်။

ကမ္ဘာ့သမိုင်းကျမ်းများကို ကျွမ်းကျင်နိုင်နင်း နှံ့စပ်သူ

ဦးမောင်မောင်ကြီးသည် မြန်မာစာပါမောက္ခ ဖြစ်သော်လည်း ကမ္ဘာ့သမိုင်းကိုပါ ကျွမ်းကျင်နှံ့စပ်လွန်းသူ ဟု အမွှမ်းတင်လိုပါသည်။ ၁၉၅၄ ခုနှစ်တွင် ကမ္ဘာ့သမိုင်း အခြေပြပထမပိုင်းကို ရေးသားပြုစုခဲ့သည်။ ထိုစာအုပ်၏ မြန်မာစကားပြေ အရေးအသားသည် စံထားစံပြုဖွယ်ရာ အရေးအသားဖြစ်ကြောင်း စာပေ ပညာရှင်များက ချီးမွမ်းဂုဏ်ပြု ရေးသားခဲ့ကြသည်။

ဆရာမင်းယုဝေက "ကျွန်တော်တို့ စံထားနှစ်သက်သော အရေးအသားမျိုးဖြစ်သည်" ဟု စံပြုဖော်ပြ ရေသားခဲ့သည်။

ကမ္ဘာ့သမိုင်းအခြေပြ ပထမပိုင်းစာအုပ်တွင်…

"ကျွန်ုပ်တို့နေထိုင်သော ကမ္ဘာကြီးသည် နှစ်ပေါင်းမရေမတွက်နိုင်လောက်အောင်ကြာမြင့်သော အချိန် အခါမှ စတင်ပေါ်ပေါက်ခဲ့သည်။ ထိုကမ္ဘာ၌ ကမ္ဘာမြေပြင်ကြီးသည် ကျောက်စိုင်၊ ကျောက်ခဲများသာ ဖြစ်၏။ သစ်ပင်၊ မြက်ပင်များ မပေါက်နိုင်သောကြောင့် ပြောင်ချော၍နေလေသည်။ နေလည်း အလွန်ပူ ပြင်း၏။ မိုးလည်း သည်းထန်စွာ ရွာသွန်း၏။ လေလည်း ပြင်းထန်စွာတိုက်ခတ်၏။ အသက်ရှိသော အရာဟူ၍ တစ်စုံတစ်ရာမျှ မနေနိုင်ကြသေးချေ။ မြေပြင်ကြီးနှင့် ရေပြင်ကြီးသာ တည်ထွန်းခဲ့လေ သည်" ဟု အစချီလျက် ရေးသားထားသည်မှာ အလွန်နှစ်သက်ဖွယ်ကောင်းလှသည်။ စံထားလောက် ပေသည်ဟူ၍ သုံးသပ်ဖော်ပြထားပါသည်။ ထို့အတူ ဦးတင်ဧ (ရှမ်းပြည်) မြန်မာစာပါမောက္ခ ဦးတင်ဧကလည်း ချီးကျူးပြောဆိုခဲ့ပါသည်။

ကမ္ဘာ့သမိုင်းကို မြန်မာနားနှင့် မရိုင်းအောင်၊ ရှင်းအောင်၊ စွမ်းဆောင် ရေးပြနိုင်ပါသည်။ ကမ္ဘာ့သမိုင်း ကျမ်းများကို ကျွမ်းကျင်နိုင်နင်းနှံ့စပ်သူဟူ၍ ဖော်ပြလိုပါသည်။

စာပေကလောင်များစွာ ပိုင်ဆိုင်ခဲ့သူ

ထို့ပြင် ဆရာကြီးသည် မြန်မာစာပရိသတ်ကို အထူးသဖြင့် မြန်မာ့ မျိုးဆက်သစ်လူငယ်ထုအတွက် စာပေသုတမျိုးဆက်အမွေကို ဖန်တီးပေးစွမ်းနိုင်သူ စာပေပညာရှင်လည်း ဖြစ်ပါသည်။ ရှုမဝမဂ္ဂဇင်း တွင် အခန်းဆက် ဆက်တိုက်ရေးသားခဲ့သည့် တိဗက်ပုံပြင်များသည် ထင်ရှားသိသာပါသည်။ မြန်မာ မျိုးဆက်သစ်လူငယ်တို့ စစ်မှန်သော စွန့်စားလိုစိတ် ထက်သန်စေလိုပါသည်။ သူရသတ္တိ ရှိစေလိုပါ သည်။ "တမူး" သူရဲကောင်းအကြောင်းကို တခမ်းတနား ရေးသားတင်ပြခဲ့ပါသည်။

ဆရာကြီးသည် သမိုင်းဝတ္ထုရေးဆရာ ဟာရိုးလင့်၏ "ဂျင်ဂျစ်ခန်" ဝတ္ထုကို ဘာသာပြန်ဆိုခဲ့သည်။ ဘာသာပြန်ဝတ္ထုတို အပုဒ် ၂ဝ ရေးသားထုတ်ဝေခဲ့သည်။ လုံးချင်းဝတ္ထုများမှာ ပင်ကိုယ်ရေး ၁၅ အုပ် နှင့် ဘာသာပြန်ခြောက်အုပ် ရေးသားနိုင်ခဲ့ပါသည်။ ဆရာကြီးသည် စာပေသုတ၊ ရသစွယ်စုံ ရေးနိုင် စွမ်းရှိသည်။ မြန်မာစာပေလောကတွင် စာပေကလောင်ခွဲများစွာဖြင့် ရေးသားတင်ပြခဲ့သည်။

၁။       ကျော်စွာ

၂။       ကျောက်ခဲ၊ မောင်၊

၃။       ကြီးမြင့်

၎။       ချစ်စရာ

၅။       ပညာဗလ

၆။       ပွင့်လင်း

၇။       ဘိုးထင်ပေါ်

၈။       မောင်မောင်ကြီး (တက္ကသိုလ်)

၉။       မောင်မောင်ကြီး (ဦး)

၁၀။     မောင်မောင်ကြီး (ဦး) (ကထိက)

၁၁။     မောင်မောင်ကြီး (ဦး) (ပါမောက္ခ)

၁၂။     သူရ (ရန်ကုန်သား)

မြန်မာစာပေ မြန်မာစကားပြေပညာရှင်၏ ဘဝဖြစ်စဉ်

မြန်မာစာပေ မြန်မာစကားပြေပညာရှင်၏ ဘဝဖြစ်စဉ်မှာ ဤသို့ဖြစ်ပါသည်။

ပါမောက္ခ ဦးမောင်မောင်ကြီးကို ၁၉၁၄ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင်အဖဦးစံညွန့်နှင့် အမိဒေါ်ခင်မေ တို့မှ ရန်ကုန်မြို့အနောက်ပိုင်း ၁၃ လမ်း နေအိမ်တွင် ဖွားမြင်ခဲ့သည်။ ဆရာကြီး၏ ငယ်နာမည်မှာ မောင်ကျော်ညွန့် ဖြစ်သည်။ ဒေါ်ထွေးစိန်သည် အိမ်ထောင်ပြုခဲ့ပြီး သားသုံးယောက်၊ သမီးငယ်တစ် ယောက် ထွန်းကားခဲ့ပါသည်။

ဆရာကြီးသည် ရန်ကုန်ဟိုက်စကူးကျောင်း၌ ပညာသင်ကြားခဲ့ပြီး ၁၉၃၀ ပြည့်နှစ်တွင် "ရန်ကုန်ဟိုက်စ ကူးနှစ်ပတ်လည်မဂ္ဂဇင်း၌ ဟိုက်စကူးကျောင်းဘွဲ့ပိုက်စုံရတုကို အမည်ရင်းဖြင့် ရေးသား၍ စာပေနယ် ထဲသို့ ဝင်ရောက်ခဲ့သည်။

၁၉၃၁ ခုနှစ် ဆယ်တန်းစာမေးပွဲကို အောင်မြင်ခဲ့ပြီး ၁၉၃၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ ရောက်ရှိခဲ့ သည်။ ဆရာကြီးသည် မြန်မာစာပေ၌ ထူးချွန်ထက်မြက်သူဖြစ်သည့်အလျောက် ဥပစာတန်း စာမေးပွဲ တွင် မြန်မာစာဂုဏ်ထူးမှတ်ရရှိ၍ "သာဒိုးအောင်" ဆုကို ချီးမြှင့်ခံခဲ့ရသည်။ ၁၉၃၇ ခုနှစ်တွင် မြန်မာစာ ဂုဏ်ထူးတန်းကို အောင်မြင်ခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။

၁၉၃၇ ခုနှစ်တွင် မြန်မာစာဌာနတွင် နည်းပြအဖြစ် စတင်ခန့်ထားခြင်း ခံရသည်။ ၁၉၆၄ ခုနှစ်တွင် လက်ထောက်ကထိကရာထူး၊ ၁၉၄၈ ခုနှစ်တွင် ကထိကရာထူးကို ရရှိခဲ့သည်။ ၁၉၆၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနတွင် ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၂ ခုနှစ် မေလ ၂၄ ရက်နေ့တွင် မြန်မာစာပါမောက္ခ တာဝန်ယူခဲ့ပါသည်။ ၁၉၇၄ ခုနှစ်တွင် မြန်မာစာပါမောက္ခရာထူးမှ အငြိမ်းစားယူခဲ့ပြီး ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့တွင် အဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင် ခဲ့သည်။ မြန်မာစာဌာနတွင် တာဝန်ထမ်းဆောင်ခဲ့စဉ် မဟာဝိဇ္ဇာကျမ်းပေါင်းများစွာကိုလည်း ကြီးကြပ် လမ်းညွှန်ပေးခဲ့ပါသည်။

ရန်ကုန်တက္ကသိုလ်တွင် ပညာဆည်းပူးလေ့လာရင်း စာပေရေးသားမှုကိုလည်း ဆောင်ရွက်ခဲ့သည်။ "တက္ကသိုလ်နှစ်ပတ်လည် မဂ္ဂဇင်း" များ၌ "ချာတိတ်" ဟူသော ကလောင်အမည်ဖြင့် ရေးသားခဲ့သည်။

ဂန္တလောကမဂ္ဂဇင်းတွင်လည်း "မင်းမဟာ"၊ "သူရ"၊ "ကြီးမြင့်" ဟူသော ကလောင်အမည်များဖြင့် ဆောင်းပါးများ၊ ကဗျာများ၊ ဝတ္ထုများကို ရေးသားခဲ့ရာ ၁၉၄၁ ခုနှစ်တွင် "ဆေးမင်ကြောင်စုပ်ထိုး" ဟူသော ဝတ္ထုတစ်ပုဒ်ဖြင့် ဒုတိယဆုရရှိခဲ့သည်။

၁၉၅၄ ခုနှစ်တွင် "ကမ္ဘာ့သမိုင်းအခြေပြ ပထမပိုင်း" ကိုပြုစုရေးသားခဲ့သည်။ ထိုစာအုပ်ထဲမှ အရေး အသားများသည် စံထားလောက်သော စကားပြေအရေးအသားမျိုးဖြစ်ကြောင်း ပညာရှင်များ၏ ချီးမွမ်း ခြင်း ခံခဲ့ရသည်။

တက္ကသိုလ်ကျော်စွာ၊ ပညာဗလ၊ မောင်ကျောက်ခဲ၊ ချစ်စရာ၊ တက္ကသိုလ် မောင်မောင်ကြီး၊ ကထိက မောင်မောင်ကြီးစသော ကလောင်အမည်များဖြင့် ငွေတာရီ၊ ရှုမဝ၊ မြဝတီ၊ စန္ဒာ စသည့် မဂ္ဂဇင်းများ တွင် စာပေဆိုင်ရာ ဆောင်းပါးများ၊ ဘဝအတွေ့အကြုံဆိုင်ရာ ဆောင်းပါးများ၊ ပုံပြင်များ၊ ဝတ္ထုများကို အခွင့်သင်လျှင် သင့်သလို ရေးသားခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် မြန်မာစာပါမောက္ခအဖြစ် ထမ်းဆောင် ရင်း ဆောင်းပါးများ၊ မြန်မာစာပေဆိုင်ရာစာအုပ်များ၊ ဘာသာပြန်ဆောင်းပါးများကို ရေးသားခဲ့သည်။

တက္ကသိုလ်မြန်မာစာအတွက် "တရုတ်သံရောက်မော်ကွန်း"၊ "မဟာရာမ ဝတ္ထု" စသည် စာအုပ်များကို တည်းဖြတ်ခဲ့သည်။ ပါမောက္ခဦးချမ်းမြနှင့် တွဲဖက်၍ "ကဗျာလက်ရွေးစဉ်" စာအုပ်ကို ရွေးချယ်စီစဉ်ခဲ့ သည်။

ဆရာကြီးပြုစုခဲ့သော စာအုပ်များသည် မြန်မာစာပေ မြင့်မားရေးအတွက် အခြေခံအုတ်မြစ်များ ဖြစ်ခဲ့ သည်။ ဆရာကြီး လုံးချင်းစာအုပ် ၂၀ ကျော်နှင့် ဆောင်းပါး ၃၀၀ ကျော်ကို ရေးသားခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် ထုတ်ဝေသော "မြန်မာစကားပြေသမိုင်း" စာအုပ်သည် ဆရာကြီး၏ နောက်ဆုံးလက်ရာ ဖြစ် သည်။

ဆရာကြီးသည် ဤ "မြန်မာစကားပြေသမိုင်း" စာအုပ်ကို အခန်းနှစ်ခန်းခွဲပြီး ပြုစုထားပါသည်။ အခန်း (၁) မှာ ခေတ်ဦးစကားပြေ (၁၀၃၈-၁၂၈၇) ဖြစ်ပြီး အခန်း (၂) မှာ အလယ်ခေတ် မြန်မာစကားပြေ (၁၃၆၄-၁၇၂၂) ဖြစ်ပါသည်။ ဆရာကြီး အခန်းခွဲပုံနှင့် ဆရာ့အရေးအသားကို ထောက်ရှုသော် ဆရာ သည် မျက်မှောက်ခေတ်  စကားပြေအထိ ရေးသားပြုစုရန် ရည်သန်ထားကြောင်း သိသာပါသည်။

ဆရာသည် ၁၉၃၇ ခုနှစ်တွင် မြန်မာစာ ဝိဇ္ဇာဂုဏ်ထူးဘွဲ့ကိုရရှိပြီး ၁၉၄၂ ခုနှစ်တွင် မြန်မာစာမဟာဝိဇ္ဇာ ဘွဲ့ကို ရရှိပါသည်။ ၁၉၃၇ ခုနှစ်မှစ၍ ၁၉၇၄ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန၌ နည်းပြ ဆရာလေး၊ နည်းပြဆရာကြီး၊ လက်ထောက်ကထိက၊ ကထိက၊ မြန်မာစာ ပါမောက္ခအဖြစ် တာဝန်အ သီးသီးထမ်းဆောင်ခဲ့ပါသည်။ သက်စေ့ပင်စင် ယူပြီးနောက်တွင်လည်း ဆရာသည် ပညာရေးဝန်ကြီး ဌာန မြန်မာစာအဖွဲ့တွင် အဖွဲ့ဝင်တစ်ဦးအဖြစ် အခြားစာပေပညာရှင်များအတူ စာပေတာဝန်များကို ကွယ်လွန်သည်အထိ ဆက်လက်ထမ်းဆောင်သွားပါသည်။ မြန်မာစာသမိုင်းတွင် မြန်မာစာပေတာဝန် ကို ကျေပွန်စွာထမ်းဆောင်ခဲ့သည့် မြန်မာစာပေ မြန်မာစကားပြေပညာရှင်ဟု မော်ကွန်းတင် ဂုဏ်ပြု ထိုက်ပေသည်။

မြန်မာစာ မြန်မာမှုကို ပြုစုပျိုးထောင် ခေါင်းဆောင်ခဲ့သူများ

Powered by Bullraider.com

Notice: Undefined index: data in /home2/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238