လမြတ်ဝါဆို

https://fbcdn-sphotos-h-a.akamaihd.net/hphotos-ak-xaf1/v/t1.0-9/11403472_1002443416441245_7548303324194526809_n.jpg?oh=25c59e4299cd7cedc7907880066359e5&oe=563347D3&__gda__=1445186404_d1229304f755621a446c7211d571cc7d

မြန်မာ့ဆယ့်နှစ်လရာသီတွင် စတုတ္ထမြောက်လဖြစ်သော ဝါဆိုလသည် ဘုရားသာသနာတော်ကို ထူ ထောင်၍ သာသနာတော်၏ အထောက်အပံ့ဖြစ်သော သံဃာ့အဖွဲ့အစည်းကို ကျစ်လျစ်ခိုင်မာစေရန် ပြုစုသည့်သဘောရှိ၍ အထွတ်အမြတ်ဖြစ်သည်။ အထူးသဖြင့် ဝါဆိုလပြည့်နေ့သည် လွန်စွာထူးခြား သည်။ ဘုရားအလောင်းတော်သည် တုသိတာနတ်ပြည်၌ စုတေပြီးသော် လူ့ပြည်၌ပဋိသန္ဓေနေသည့် နေ့၊ နိမိတ်ကြီးလေးပါးကို နတ်များဖန်ဆင်းပြသရာတွင် သံဝေဂရ၍ တောထွက်တော်မူသောနေ့၊ သဗ္ဗ ညုတဉာဏ်တော်ကို ရရှိပြီးနောက် ပဉ္စဝဂ္ဂီငါးပါးကို ဓမ္မာစကြာတရားဦးဟောတော်မူသောနေ့ သာဝတ္ထိ ပြည်သရက်ဖြူပင်၏အရင်း၌ တိတ္ထိတို့ကိုနှိမ်နင်း၍ တန်ခိုးပြာဋိဟာပြသောနေ့ ဖြစ်သည်။

ဝါဆိုလကို ပုဂံခေတ်က “မွယ်တာ၊ မြွယ်တာ” ဟု ရေးသားခဲ့သည်။ တစ်ခါတစ်ရံ “နွယ်တာ၊ နွေတာ” ဟုလည်းရေးသားကြောင်း သိရသည်။ ဝါဆိုလတွင် နေသည်နံနက် ၄ နာရီ ၄၈ မိနစ်တွင်ထွက်ပြီး ည ၇ နာရီ ၁၂ မိနစ်တွင်နေဝင်သည်ဟု ယေဘုယျအားဖြင့် အမှန်နှင့်နီးစပ်ကြောင်း ဆရာမောင်ထင်၏ “မြန်မာ့ဆယ့်နှစ်လရာသီအကြောင်း” တွင် မှတ်သားဖူးပါသည်။ မြန်မာနာရီအားဖြင့် နေ့ ၃၆ နာရီ၊ ည ၂၄ နာရီရှိသည်ဟု မြန်မာ့စွယ်စုံကျမ်းအတွဲ-၁၂ တွင်ဆိုပါသည်။ ထို့ကြောင့်ဝါဆိုလသည် နေ့တာအ ရှည်ဆုံးလဖြစ်ပါသည်။ ရာသီ၏အမည်မှာ ဗေဒင်အခေါ်အားဖြင့် “ကက္ကဋ”၊ မြန်မာအားဖြင့် “ကရကဋ်”၊ လက်တင်ဘာသာအားဖြင့် “ကင်ဆာ (cancer)” ဟုခေါ်ဆိုပြီး ရာသီရုပ်ပုံမှာ “ပုစွန်လုံး၊ ကဏန်း” ဖြစ် သည်။ ဝါဆိုလတွင် ပြုပ္ပာသန်နှင့် လမင်းတို့ယှဉ်ပြိုင်ကာ မွန်းတည့်၏။ ဖူးသျှနက္ခတ်နှင့် နေမင်းတို့ယှဉ် ပြိုင်လေသည်။ “ပြုဗ္ဗာသာဠ် (ဥတ္တရာသာဠ်) နက္ခတ်နှင့် ဆင်တာရာစန်းယှဉ်ထွန်းပသည်ဆို၏။ ဝါဆိုလ တွင်အင်္ဂါနှင့် ရာဟုခေါ်သော ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းမှာ ပြဿဒါးရက်များဖြစ်ပြီး တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူး နေ့တို့မှာ ရက်ရာဇာများဖြစ်သည်။ ဝါဆိုလတွင် ရက်စုံကွယ်သောကြောင့် ရက်ပေါင်း ၃၀ ရှိသည်။ ရာသီပန်းမှာ ပုန်းညက်ပန်းနှင့် မြတ်လေးပန်းဖြစ်သည်။

ဂေါတမမြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ရောက်တော်မူပြီးနောက် ရှေးဦးစွာဖြစ်သော ဓမ္မာစကြာ ဒေသနာတော်ကို ပဉ္စဝဂ္ဂီငါးဦးတို့အား ဝါဆိုလပြည့်နေ့တွင် မိဂဒါဝုန်တော၌ ဟောကြားတော်မူသည်။ ထို့ကြောင့် ဝါဆိုလပြည့်နေ့ကို ဓမ္မာစကြာအခါတော်နေ့ဟူ၍ သတ်မှတ်ထားပါသည်။ ဝါဆိုလဟူသည် ရဟန်းသံဃာတော်တို့ ခရီးသွားလာခြင်းမပြုတော့ဘဲ မိမိတို့ကျောင်းသင်္ခမ်းတွင်သာ ဝါတွင်းသုံးလ (ဝါဆိုလပြည့်နေ့မှ သီတင်းကျွတ်လပြည့်နေ့အထိ) ပတ်လုံး တရားအားထုတ်ရသောကြောင့် “ဝါဆို သည်”၊ “ဝါကပ်သည်” ဟုခေါ်ဆိုကြခြင်းဖြစ်သည်။ ဘိက္ခု၊ ဘိက္ခုနီမအပါအဝင် သံဃာတော်တို့သည် မိုးတွင်း၌ (ငှက်တိရစ္ဆာန်တို့သော်မှ သစ်ပင်ဖျားဝယ် အသိုက်လုပ်ကာ ကိန်းအောင်းတည်နေကြသော် လည်း) အရပ်ရပ်သို့ လှည့်လည်သည်ရှိသော် စိမ်းစိုသောမြက်ခင်းကိုနင်း၍ ညှဉ်းဆဲကြကုန်လျက် ပိုးအမွှားငယ်တို့ကိုလည်း သေကျေပျက်စီးခြင်းသို့ ရောက်စေသော် “ပါစိတ်အာပတ်” သင့်သဖြင့် ဝါဆို လပြည့်ကျော် ၁ ရက်နေ့ ညဥ့်အရုဏ်မတက်မီ “ဣမသိံ္မ ဝိဟာရ ဣမံတေမာသံ ဝဿံဥပေမိ” (ဝါတွင်း သုံးလပတ်လုံး ဤကျောင်းအာရမ်အတွင်း၌ ဝါသို့ကပ်ပါ၏။ နေပါ၏၊ ကပ်ရောက်ခိုကိုးပါ၏) ဟု နှုတ် ဖြင့်သုံးကြိမ်ရွတ်ဆို၍ ဝါကပ်၏။ ပုရိမဝါကပ်ခြင်းဖြစ်သည်။ ဝါတွင်းသုံးလလုံးလုံး မိမိတို့ကျောင်းသင်္ခမ်း များတွင်သာ သီတင်းသုံးကြရသော သံဃာတော်တို့အား ဝါဆိုသင်္ကန်းကပ်လှူပွဲများကို ဝါဆိုလပြည့် နေ့မှ စတင်ကာဝါတွင်းသုံးလအတွင်း ပြုလုပ်ကြရပါသည်။

“ပဉ္စင်းတော်ခံ

မယွင်းနော် အခါတန်ပေါ့

မဟာဒါန် အဌင်္ဂငယ်နှင့်

ဘဂဝါ အရဟံရင်ပြင်ဝမှာလ

တင်သရန် မာလာကုံးကြတယ်

ပုန်းညက်ငွေပန်း” ဟူသည့်အတိုင်း ဝါဆိုလတွင် ပဉ္စင်းတော်ခံပွဲများ ကျင်းပကြသည်။

ရှေးမြန်မာဘုရင်တို့သည် နယုန်လတွင် စာပြန်ပွဲကျင်းပကာ ရဟန်းသံဃာတော်များအား ချီးမြှောက်ပူ ဇော်ကြသည်။ ပဉ္စင်းတက်ရန် အရွယ်ရောက်သောရှင်သာမဏေတို့ကို ဝါဆိုလတွင် ပဉ္စင်းခံပေးကြ သည်။ ရှေးမြန်မာဘုရင်ခေတ် ပဉ္စင်းခံပုံမှာ ရှေးဦးစွာ ပဉ္စင်းလောင်း (ရှင်လောင်း) အမည်စာရင်းကို လွှတ်တော်က စာရင်းကောက်ယူပြီး ဘုရင်မင်းမြတ်နှင့် အိမ်ရှေ့မင်းသားတို့မှအစ ရှင်ဒကာ၊ ပဉ္စင်းဒ ကာတို့ထံ အပ်နှံရသည်။ ထို့နောက် ပဉ္စင်းလောင်းတို့ကို ရွှေစည်းခုံသို့ ထမ်းစင်ဖြင့်ပင့်ဆောင်လှည့် လည်ကြရသည်။ ရွှေစည်းခုံတွင် ဘုရင်မင်းမြတ်က ပဉ္စင်းလောင်းတို့အား “လူ့အဖြစ်ကိုရခဲသည်။ လူ ဖြစ်ပါသော်လည်း ယောက်ျားကောင်းစင်စစ် ဖြစ်ခဲလှသည်။ ယောက်ျားကောင်း စင်စစ်ဖြစ်ပါသော် လည်း အသိပညာနှင့် ပြည့်စုံရန်ခက်ခဲလှသည်။ အသိပညာနှင့်ပြည့်စုံပါသော်လည်း ရဟန်းဘဝကိုရခဲ လှသည်။ ပဉ္စင်းလောင်းတို့သည် ရခဲခြင်းငါးပါးနှင့်ပြည့်စုံကြသည့်အခါ ရှင်တော်ဘုရား၏ အဆုံးအမနှင့် အညီကျင့်ဆောင်ကြရမည်” ဟု အမိန့်တော်ပြန်သည်။ ထို့နောက် ပဉ္စင်းလောင်း၊ ရှင်လောင်းတို့က မိမိ တို့ကျောင်းသင်္ခမ်းသို့ ပြန်ကြွကြရသည်။ ကျောင်းသင်္ခမ်းတွင် အတွင်းတော်၊ အိမ်ရှေ့မင်းသားနှင့် အခြားဒါယကာ၊ ဒါယိကာမအသီးသီးတို့က ဆွမ်းဖြင့်ကျွေးမွေးပြုစုပြီး ပရိက္ခရာရှစ်ပါးနှင့်တကွ ရဟန်း အသုံးအဆောင်များကို လှူဒါန်းကြသည်။ ထို့နောက် ပဉ္စင်းလောင်း၊ ရှင်လောင်းတို့သည် မိမိတို့ဆိုင်ရာ ဌာန၌ ပဉ္စင်းဘဝသို့ ရောက်ကြကြောင်း “လောကဗျူဟာ” ကျမ်းတွင်ပြဆိုပါသည်။ ဤအစဉ်အလာ ကောင်းကို လက်ဆင့်ကမ်းဆက်ခံ၍ ဝါဆိုလတွင် ရှင်ပြုပွဲ၊ ပဉ္စင်းခံပွဲများကို စုပေါင်း၍ဖြစ်စေ ကျင်းပနေ ခြင်းဖြစ်ပါသည်။ ထို့အပြင် ရှေးခေတ်အခါက ဘုရင်မင်းမြတ်တို့သည် “ဝါဆိုလသို့ရောက်ပြီဖြစ်၍ တိုင်း သူပြည်သားတို့သည် ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ဆယ်ပါးသီလကိုတည်ဆောက်၍ အလှူပေးခြင်း၊ ဘာဝ နာစီးဖြန်းခြင်းစသည်တို့ကို ဆောင်ရွက်ရမည်” ဟူ၍ ဝါဝင်အမိန့်တော်ပြန်ရပါသည်။

ကမ္ဘာ့နိုင်ငံအသီးသီးသည် ပြက္ခဒိန်ပြုလုပ်ရာဝယ် “ကမ္ဘာမြေကြီးသည် နေကိုဗဟိုပြုလျက် လှည့်လည် ရာတွင် တစ်ပတ်ပြည့်သောအချိန်၌ တစ်နှစ် (A year is the length of time the earth takes to travel around the sun one time) ဟူ၍ အညီအညွတ်သတ်မှတ်ကြသော်လည်း နှစ်ဆန်းရက်များ သည် လူမျိုးတစ်မျိုးနှင့်တစ်မျိုး မတူညီကြပါ။ ဥပမာ-အနောက်နိုင်ငံ သိုးဆောင်းများ၏ နှစ်ဆန်းရက် သည် ဇန်နဝါရီလ ၁ ရက်နေ့ဖြစ်သည်။ အိန္ဒိယနှစ်ဆန်း ၁ ရက်သည် မတ်လ ၂၂ ရက်နေ့ဖြစ်သည်။ မြန်မာလူမျိုးတို့သည် သင်္ကြန်တက် နှစ်ဆန်းချိန် (အတာတက်ချိန်) ဖြစ်၍ အတာတက်ပြီးနောက်တစ် ရက်သည် နှစ်ဆန်း ၁ ရက်နေ့ဖြစ်သည်။ ထို့အတူမြန်မာပြက္ခဒိန်သည် သူရိယမာသနှစ်၊ စန္ဒရမာသနှစ်၊ ဝေါဟာရမာသနှစ်တို့ကို အခြေခံပြီး ညီညွတ်အောင်ပြုဟုသောအခါ အချို့သောနှစ်များကို ဝါဆိုလနှစ် လထား၍ နယုန်လတွင် တစ်ရက်တိုးရသည်။ ၎င်းကိုဝါထပ်ရက်ငင်ခြင်းဟု ခေါ်သည်။

ယခုရောက်ရှိနေသော မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ်တွင် ဝါထပ်ပါသည်။ ဇူလိုင်လ ၁ ရက်နေ့သည် ပထမဝါဆိုလပြည့်နေ့ဖြစ်ပြီး ဇူလိုင်လ ၃၁ ရက်နေ့သည် ဒုတိယဝါဆိုလပြည့်နေ့ဖြစ်ပါသည်။ ဒုတိယဝါ ဆိုလရောက်မှသာ ရဟန်းတော်များအား ဝါဆိုဝါကပ်ကြရပါသည်။ ယခုနှစ်သည် ဝါထပ်သည့်အတွက် စုစုပေါင်းမြန်မာလ ၁၃ လ ဖြစ်နေပါသည်။ မြန်မာပြက္ခဒိန်၏ ဝါထပ်ရက်ကို လေ့လာသောအခါ မြန်မာ ပြက္ခဒိန်သည်နေကိုအစွဲပြုသောနှစ် (နေစွဲနှစ်)၊ လကိုအစွဲပြုသော နှစ် (လစွဲနှစ်)၊ ဗေဒင်ပညာရှင်များ စီစဉ်ရေးဆွဲသောနှစ် (ဝေါဟာရမာသနှစ်) ဟူ၍ရှိသည်။ နေစွဲနှစ် (သူရိယမာသ) တွင် ၃၆၅ ရက်၊ ၆ နာရီ ၁၂ မိနစ် ၃၇ စက္ကန့်ရှိသည်။ လစွဲနှစ် (စန္ဒရမာသ) တွင် ၃၅၄ ရက် ၈ နာရီ၊ ၄၈ မိနစ် ၃၄ စက္ကန့် ရှိသည်။ စန္ဒရမာသနှစ်နှင့် သူရိယမာသနှစ်တို့သည် ၁၀ ရက် ၂၁ နာရီ ၂၄ မိနစ်နှင့် ၃ စက္ကန့်ကွာခြား သည်။ ပြက္ခဒိန်စီရင်သောအခါ ကွာခြားချက်ကို နည်းနိုင်သမျှနည်းအောင် ပြုစုရသဖြင့် အကြမ်းအား ဖြင့် တစ်နှစ်လျှင် ၁၀ ရက်၊ သုံးနှစ်လျှင် ရက် ၃၀ တစ်နည်းတစ်လကွာခြားသည်ဟု ဆိုရပါမည်။ ထို့ ကြောင့် သုံးနှစ်လျှင်တစ်ကြိမ် တစ်လတိုးပေးလိုက်လျှင် ကိုက်ညီသွားပေမည်။ ဤသို့တိုးပေးခြင်းကို လထပ်သည်ဟုခေါ်သည်။ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံဖြစ်၍ အဆိုပါလထပ်ခြင်းကိုရဟန်းတော် များ ဝါဆိုသောကာလတွင် ပြဋ္ဌာန်းပေးလေ့ရှိပါသည်။ ဤသည်ကို ဝါထပ်သည်ဟု ခေါ်ပါသည်။ အမှန် တကယ် အတိအကျတွက်ချက်သော် တစ်နှစ်လျှင် ရက်ပိုတစ်ရက်ရှိနေသေး၍ သင့်မြတ်သောနှစ်တွင် တစ်ရက်အပိုဖြည့်ပေးရပါသည်။ ၎င်းကို ဗေဒင်စကားအားဖြင့် “ရက်ငင်” သည်ဟု ဆိုပါသည်။ ရက်ငင် သော နှစ်ကို ဝါကြီးထပ်သောနှစ်ဟုဆိုပြီး ဝါကြီးထပ်သောအခါ နယုန်လကို ရက် ၃၀ သတ်မှတ်လိုက် ပါသည်။ ဗုဒ္ဓအယူဝါဒထုံးစံအရ ဝါဆိုလကျရောက်မှ ပထမဝါဆိုလ၊ ဒုတိယဝါဆိုလဟူ၍ နှစ်လထပ်ရိုး ရှိသော်လည်း ဓညဝတီ ရခိုင်ပြည်၌ “ဒွေစိတြ” ဆို၍ တန်ခူးကဆုန်နှစ်လထပ်သည်ကို တွေ့ရ၏။ အ ချို့လူမျိုးများတွင် လိုအပ်သောလ၌ပင် နှစ်လထပ်ကြကြောင်း လေ့လာတွေ့ရှိရပါသည်။

ဤသို့လျှင် ထူးခြားမှုအပေါင်းဖြင့် ဗုဒ္ဓဘာသာဝင်တို့အတွက် အထွတ်အမြတ်ထားရာ ဝါဆိုလတွင် ဝါဆို သင်္ကန်း၊ ဝါဆိုပန်း၊ ဝါဆိုဖယောင်းတိုင်များ ကပ်လှူပူဇော်ခြင်း၊ ပဉ္စင်းတော်ခံပွဲများကျင်းပခြင်း၊ ဝါဆို တော်မူကြသော ရဟန်းတို့၏သိက္ခာပုဒ်တော်များကို ကြည်ညိုရည်မှန်းလျက် ဗုဒ္ဓဘာသာဝင်သူတော် စင်တို့က သီတင်းသီလဆောက်တည်ခြင်း၊ သူတော်ကောင်းတရားပွားများ အားထုတ်ခြင်းတို့ဖြင့် ဝါ ကပ်သောရဟန်းတို့အား ချမ်းမြေ့စေရန် ထောက်ပံ့ကြသည်မှာ နှလုံးမွေ့လျော် သာဓုခေါ်ဖွယ်ရာ ကောင်းလှပါသည်။    ။

မြန်မာ့အလင်းသတင်းစာ

ဇူလိုင်လ (၂၁) ရက်၊ ၂၀၁၅ ခုနှစ်

Powered by Bullraider.com