ဈေးကွက်စီးပွားရေးမဟုတ်၊ ဂိမ်းဖြစ်နေဟု ဒေါက်တာဆခ်ျ ပြော
- Details
- Category: ဗွီဒီယိုမှတ်တမ်း
- Published on Sunday, 18 December 2011 04:35
- Written by ဝင့်ထန်း
- Hits: 734

ဖွံ့ဖြိုးပြီး စက်မှုနိုင်ငံကြီးတွေမှာ ဘဏ္ဍာရေးနဲ့ ငွေကြေးဈေးကွက်တွေ ကသောင်းကနင်းဖြစ်၊ ငွေကြေးတန်ဖိုးတွေ ထိုးကျ၊ ဘဏ်တွေ ပြိုလဲ၊ ကြွေးမြီပြဿနာကြီးမားခဲ့ပြီးနောက် ပုံမှန်အနေအထား ပြန်ရောက်ဖို့ အသေအလဲ ရုန်းကန်ကြိုးစားနေကြရပါတယ်။ဒါပေမဲ့ ဒီပြဿနာဟာ အနောက်နိုင်ငံတွေအတွက်သာ မဟုတ်ပါဘူး။ ဈေးကွက်စီးပွားရေးကြီးတစ်ခုလုံးရဲ့ ပြဿနာ ဖြစ်ပါတယ်။ ထွန်းသစ်စ ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ကော ဈးကွက်စီးပွားရေးကို ဘယ်လို ယုံယုံကြည်ကြည်နဲ့ ရှေ့ဆက် စခန်းသွားရမလဲ။
ဒီလို ဈေးကွက်စီးပွားရေး ဖယိုဖရဲဖြစ်မှုကနေ နောက်ဆက်ဖြစ်လာတဲ့ အကျိုးဆက်တစ်ခုကလည်း ထိန်လန့်စရာ ကောင်းပါတယ်။ ကမ္ဘာပေါ် က လူချမ်းသာ ၁ ရာခိုင်နှုန်းကို ဆန့်ကျင်လှုပ်ရှားမှုတွေ ရှိလာတာပါ။ အရင်းရှင်နိုင်ငံတွေက လူထုကိုယ်တိုင် ဂလိုဘယ် ဈေးကွက်အရင်းရှင်စနစ်ကို အံ့ဩဖွယ် ဆန့်ကျင်လာတာပါ။
စစ်အေးခေတ်အပြီး ဂလိုဘယ်လိုက်ဇေးရှင်းစနစ် ၀င်လာတယ်။ ဂလိုဘယ်လိုက်ဇေးရှင်း နှစ်နှစ်ဆယ် ၀န်းကျင်အောက်မှာ ဆင်းရဲချမ်းသာ ကွာဟမှုက ကြောက်စရာ ဖြစ်လာပါတယ်။ နိုင်ငံတိုင်းမှာ အချမ်းသာဆုံးသူ ၁ ရာခိုင်နှုန်းနဲ့ အောက်ခြေ ၉၉ ရာခိုင်နှုန်းကြား ကွဟချက်တွေ ကြီးမားလာပါတယ်။
ကိုလံဘီယာ တက္ကသိုလ်က ဒေါက်တာဂျက်ဖရီဆခ်ျက အဲဒီပြဿနာကို ဆွေးနွေးထားပါတယ်။ ဂျက်ဖရီဆခ်ျ ဟာ လက်ရှိ ကုလသမဂ္ဂ ထောင်စုနှစ်ပန်းတိုင် စီမံကိန်းများကို တာဝန်ယူဆောင်ရွက်နေတဲ့ စီးပွားရေး ပညာရှင် ဖြစ်ပါတယ်။
ယခု အယ်ဂျာဇီးယား ရုပ်သံက မစ္စတာဆခ်ျကို ဂလိုဘယ်စီးပွားရေး ဘာမှားသွားခဲ့သလဲ၊ ကမ္ဘာ့ငွေကြေးနဲ့ ကြွေးပြီ အကျပ်အတည်းကို ဘယ်လို ဖြေရှင်းမလဲ ဆိုတာ ဆွေးနွေးမေးမြန်းထားပါတယ်။
ဂျက်ဖရီဆခ်ျ ပြောတာတွေ စိတ်ဝင်စားစရာပါပဲ။
“ပုဂ္ဂလိက ဘဏ်တွေက ပြောတယ်။ ကျုပ်တို့ ဘယ်လို လည်ပတ်ရမယ်ဆိုတာ သိတယ်။ အစိုးရ ၀င်မရှုပ်ပါနဲ့၊ ၀င်မစွက်ပါနဲ့၊ ၀င်မထိန်းချုပ်ပါနဲ့၊ ကျုပ်တို့ဘာသာ အေးအေးဆေး လုပ်ပါရစေ ဆိုပြီး ပြောခဲ့တယ်။ အခု ကမ္ဘာ့ဈေးကွက်စနစ်ကို ပျက်အောင်လုပ်တာ အဲဒီဘဏ်ကြီးတွေပဲ။ တရားမ၀င်အလုပ်တွေ လုပ်တယ်။ လွတ်လပ်မှုကို အလွဲသုံးပြီး၊ ကြီးမားတဲ့ အလောင်းအစားမျိုးတွေ လုပ်တယ်။
သူတို့ ဘဏ်တွေ ဒေ၀ါလီခံရတော့မယ်ဆိုတော့ အစိုးရနဲ့ ကမ္ဘာ့အဖွဲ့အစည်းတွေဆီ အူယားဖားယား ပြေးလာပြီး ကျုပ်တို့ ဘဏ်တွေကို ကယ်တင်ပါ၊ ကယ်တင်ပါ (bail us out!) တစာစာနဲ့ အော်ကြပြန်တယ်။ ခင်ဗျားတို့မှ ၀င်မကယ်ရင် ကျုပ်တို့ ဘ၀ပျက်ရချည်ရဲ့ဆိုပဲ။
အဲဒီမှာ လူထုက သူတို့ကို အံဩတကြီးနဲ့ ကြည့်နေကြတယ်။ သူတို့ပေးထားတဲ့ အခွန်ငွေတွေနဲ့ ဒီဘဏ်တွေနဲ့ သူဌေးကြီးတွေကို ၀င်ကယ်ပေးရမှာကို သိနေတယ်။ နောက်ဆုံး ဒါကို မခံမရပ်နိုင်ဖြစ်တဲ့ လူထုက ဝေါလ်စထရိ သိမ်းပိုက်ရေး (Occupy Wall Street) ဆိုပြီး ချမ်းသာတဲ့ ၁ ရာခိုင်နှုန်း ဆန္ဒပြလာတာပဲ။ စနစ်တစ်ခုလုံး ဖျက်ပစ်တာ ခင်ဗျားတို့ သူဌေးတွေပဲ၊ နိုင်ငံကို ကြွေးမြီတင်အောင် လုပ်တာ ခင်ဗျားတို့ပဲ ဆိုပြီး အော်ဟစ်ကြတယ်။
ဒီလို ဖြစ်မယ်ဆိုတာ အမေရိကမှာ ကျနော် အစောကြီးကတည်းက ပြောခဲ့တာပါ။ ကျနော့်ကို ၀ိုင်းတိုက်တယ်။ ဒေါက်တဆခ်ျ က ဈေးကွက်စီးပွားရေး မယုံကြည်တဲ့လူဆိုပြီးတော့။ ကျနော် ပြောတာက ဈေးကွက်ကို ဘယ်လောက်များများ လွှတ်ထားမှာလဲ၊ နှောင်ကြိုးမဲ့ လုပ်ချင်တိုင်းလုပ်ဆိုပြီး လုပ်ထားလို့မရဘူးဆိုပြီး ပြောခဲ့တာ။ အဲဒီလို လွှတ်ချင်တိုင်း လွှတ်ထားတာဟာ လွတ်လပ်တဲ့ဈေးကွက်စနစ်မဟုတ်ဘူး၊ ဒါ ဂိမ်း ဖြစ်သွားပြီ (that’s not a free market, that’s a game.)။ အဲဒီ သူဌေးတွေရဲ့ ဂိမ်းထဲကနေ ကျနော်တို့ ပြန်ထွက်ဖို့ လုပ်ရမယ်”








