အနုရသဘာသာရပ် သင်တန်းဆရာမနှင့် တွေ့ဆုံမေးမြန်းခြင်း

ဆရာမတို့ အဖွဲ့ရဲ့ နောက်ခံ အကြောင်းကို အရင်ဦးဆုံး ပြောပြ ပေးပါလား။

ကျမတို့ အဖွဲ့ကို ၂၀၀၂ ခုနှစ်မှာ ချင်းမိုင်မြို့မှာ စတင် ဖွင့်လှစ်ခဲ့ပါတယ်။ Visual arts လို့ ခေါ်တဲ့ အမြင်အာရုံ အနုပညာ

သင်တန်းတွေပေးတဲ့ အဖွဲ့ပါ။ မြန်မာကလေး ၁၀ ဦးနဲ့ စတင် ခဲ့တာပါ။ Bamboo Garden မှာ စနေနေ့ မနက်ပိုင်းတွေမှာ သင်ပေးတာပါ။ အခုတော့ ၂၀၁၀ မှာ သင်တန်း ၁၃ ခု ရှိနေပါပြီ။ MAP Foundation က မိုက်ဂရန့် ကလေးငယ်တွေ ပိုပြီးတော့ သင်တန်း တက်လာနိုင်ဖို့ကို အကူအညီ ပေးပါတယ်။ အပတ်စဉ် သင်တန်းတွေမှာ ကလေးတွေကို အိမ်တွေကနေ သွားခေါ်ပြီး သင်တန်း ပေးတယ်။ ပြီးရင် အိမ်ကို ပြန်ပို့ပေးတယ်။ အထူးသဖြင့် ရွှေ့ပြောင်း မြန်မာအလုပ်သမား မိသားစုတွေ နေထိုင်ကြတဲ့ တန်းလျားတွေမှာ ကလေးတွေကို သွားခေါ်ရတာ၊ သင်တန်းကို အဲဒီ နေရာတွေမှာလည်း ပေးပါတယ်။ FPB အဖွဲ့နဲ့ IRC တို့က ပညာရေးလုပ်ငန်းတွေ တိုးချဲ့ လုပ်ဆောင်နိုင်ဖို့ အတွက် အကူအညီတွေ ပေးခဲ့ပါတယ်။

အခု နောက်ပိုင်းမှာတော့ ဆရာအတတ် ပညာသင်တန်းတွေနဲ့ Child Development     ကလေးသူငယ်ဖွံ့ဖြိုးရေး လုပ်ငန်းတွေနဲ့ အတူ တွဲဖက်ပြီးတော့ သင်တန်းတွေ ပေးနေပါတယ်။

Visual art လို့ ခေါ်တဲ့ အမြင်အာရုံ အနုပညာဆိုတာ ဘာလဲ ဆရာမ။

ဒီ Visual art သင်တန်းတွေမှာ လေ့ကျင့် သင်ကြားပေးထားတဲ့ ဘာသာရပ်   နယ်ပယ်တွေကတော့ -

(၁) ပုံဆွဲခြင်း
(၂) အရောင်ခြယ်ခြင်း
(၃) 3D ဖန်တီးမှု

(၄) Printing
(၅) လက်မှုအနုပညာ Craft
(၆) မျက်လုံး၊ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းတွေကို အသုံးပြုပြီး ဖန်တီးရတဲ့ အနုပညာတို့ ဖြစ်ပါတယ်။ အမြင်အာရုံခံစားမှု ထက်သန်စေပြီး အနုရသပညာ ဖွံ့ဖြိုးမှု၊ တတ်သိမှုတို့ ရရှိစေပါတယ်။

စတူဒီယိုဇန်

အခုလို Visual art သင်တန်းတွေပေးရခြင်းရဲ့ ရည်ရွယ်ချက်များကိုလည်း ပြောပြပေးပါဦး ဆရာမ။

ကျမတို့ အဖွဲ့ရဲ့ အဓိက ရည်ရွယ်ချက်တွေကတော့ ကလေးသူငယ်ဖွံ့ဖြိုးမှုနဲ့ ကလေးသူငယ်များရဲ့ စွမ်းဆောင်နိုင်စွမ်း မြင့်မားလာဖို့ ဖြစ်ပါတယ်။ ကလေးငယ်တိုင်းရဲ့ ဖွံ့ဖြိုးမှု ပုံစံတွေမှာ အဆင့်အလိုက် တူညီတဲ့ အဆင့်တွေ ရှိပါယတ်။ ခန္ဓာ ကိုယ်လက်အင်္ဂါကြီးထွားဖွံ့ဖြိုးမှု၊ အသိပညာနဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးလာမှုတွေမှာ ဖွံ့ဖြိုးမှု အဆင့်ဆင့်တွေကို အတူတူ ဖြတ်သန်းကြရတာကို ဆိုလိုပါတယ်။ အနုပညာ သင်တန်းတွေ၊ လေ့ကျင့် ပေးမှုတွေဟာ ဒီလို အဆင့်ဆင့် ဖွံ့ဖြိုးလာခြင်း အတွက် အထောက်အကူ အများကြီး ပေးနိုင်ပါတယ်။ အနုပညာ လေ့ကျင့်မှုတွေဟာ ကလေး ဖွံ့ဖြိုးမှု နယ်ပယ် (၇) ရပ်စလုံး အတွက် တန်ဖိုးမြင့်မား လှပါတယ်။

ကလေးဖွံ့ဖြိုးမှုနယ်ပယ်(၇) ခုကတော့-

(၁)ရုပ်ပိုင်ဆိုင်ရာ ဖွံ့ဖြိုးမှု Physical - လက်အထိန်းအသိမ်း၊ စာရေးနိုင်မှု အရည် အသွေး၊ မျက်လုံးနှင့် လက်ညှိုးနှိုင်း ဆောင်ရွက်မှု။

(၂) စိတ်ခံစားမှု ဖွံ့ဖြိုးမှု Emotional - မိမိကိုယ်ကို ဖော်ပြနိုင်စွမ်းနှင့် ယုံကြည် မှုတိုးပွားစေခြင်း။

(၃) လူမှုဆက်ဆံရေးဖွံ့ဖြိုးမှု Social - အခြားကလေးများနှင့် ဆွေးနွေး၊ အမြင်ဖလှယ်၊ ပူးပေါင်းဆောင်ရွက်တတ်ခြင်း။

(၄) သိမှုဖွံ့ဖြိုးမှု Cognitive - အတွေး၊ ရွေးချယ်မှု၊ ကျိုးကြောင်းဆင်ခြင်မှု။

(၅) အာရုံခံစားခြင်း ဖွံ့ဖြိုးမှု Perception - အာရုံ ငါးပါးကို ဆက်စပ် ဆောင်ရွက်တတ်မှု။

(၆) အလှရသခံစားတတ်ခြင်း ဖွံ့ဖြိုးမှု Aesthethic - မိမိနှင့် အခြားသူများ၏ ကြိုး စားဖန်တီးမှုအပေါ် တန်ဖိုးထားခံစား။

(၇) ဖန်တီးမှု စွမ်းရည် ဖွံ့ဖြိုးမှု Creativity - မိမိအမြင်၊ ခံစားချက်များကို နည်း စနစ်များနှင့် ပေါင်းစပ်ပြီး ဖန်တီးခြင်း။ ဒါတွေဟာ ကလေးငယ်ရဲ့ ကိုယ်ရည် ကိုယ်သွေးတွေ ဘက်စုံ ဖွံ့ဖြိုးစေခြင်းဖြစ်ပါတယ်။

အနုပညာဘာသာရပ် art education ကနေ ဒီနယ်ပယ် ၇ ခု ဖွံ့ဖြိုးမှုအတွက် ဘယ်လို ကူညီပေးပါသလဲ။

အထူးသဖြင့် အနုပညာ ဘာသာရပ်ဟာ ဒီနယ်ပယ် ၇ ခု စလုံး တပြိုင်နက်တည်း ဟန်ချက်ညီစွာ ဖွံ့ဖြိုးလာစေဖို့ ကူညီ လေ့ကျင့်ပေးခြင်း ဖြစ်ပါတယ်။ ကလေးငယ်တွေရဲ့ အနုပညာစိတ်၊ အနုပညာ စွမ်းရည်တွေကို ဖွံ့ဖြိုးစေခြင်း၊ ရသခံစားတတ်သိမှု အတွက် လေ့ကျင့် ပျိုးထောင် ပေးပါ တယ်။ ဒီစွမ်းရည်တွေ ရရှိမှသာလျှင် နယ်ပယ် ၇ ခု ဖွံ့ဖြိုးဖို့ အလားအလာ ပိုကောင်းပါတယ်။ အနုပညာ ဘာသာရပ်ထဲ လေ့ကျင့်ခန်းတွေဟာ ကလေး ဖွံ့ဖြိုးမှု နယ်ပယ် ရ ခု စလုံး တပြိုင်နက်တည်း ဖွံ့ဖြိုးလာစေနိုင်တဲ့ အပြင် ကျောင်းသင်ပင်မ ဘာသာရပ်တွေဖြစ်တဲ့ ဘာသာစကာား၊ သင်္ချာနဲ့ အသိ ပညာ ဖွံ့ဖြိုးမှုတို့အတွက်လည်း အများကြီး အထောက်အကူ ဖြစ်တာကို တွေ့ရပါတယ်။

အဲဒီတော ငယ်စဉ်ကာလမှာ အနုပညာဘာသာရပ်ကို လေ့လာ သင်ယူခွင့် ရရှိတဲ့ ကလေးနဲ့ သင်ယူ လေ့လာခွင့် မရရှိခဲ့တဲ့ ကလေးတွေ အကြားမှာ ဘယ်လို ကွာခြားမှု ရှိနိုင်ပါသလဲ။

အများကြီးကို ကွာခြားနေတာ တွေ့ရပါတယ်။ အထူးသဖြင့် အနုပ ညာဘာသာရပ်ကို လေ့ကျင့်ခွင့် မရရှိဘူးဆိုရင် ကလေးငယ်ရဲ့ ဖွံ့ဖြိုးမှုမှာ တွဲဖတ်ပါလာရမယ့် စွမ်းရည်တွေဟာ တစ်ဦးချင်းအလိုက် အမြင့်မားဆုံး ဖွံ့ဖြိုးဖို့ အခက်အခဲ ရှိပါတယ်။ ငယ်ရွယ်စဉ်ကတည်းက လေ့ကျင့် ပျိုး ထောင်ပေးမှ ရရှိမယ့် စွမ်းရည်တွေ အတွက် အများကြီးလည်း နစ်နာ နိုင်ပါတယ်။ ဒီစွမ်းရည်တွေဟာ အထက်က ဆွေးနွေးခဲ့တဲ့ ဖွံ့ဖြိုးမှု နယ်ပယ် ၇ ရပ်စလုံးနဲ့ တိုက်ရိုက် သက်ဆိုင် နေတာပါ။ ဒီတော့ ကလေးငယ်ရဲ့ စွမ်းရည်အမျိုးမျိုး ဖွံ့ဖြိုးမှုအတွက် ပြဿနာ ရှိနေပြီ။ မိမိ ခံစားချက်ကို ဖော်ပြနိုင်စွမ်းနဲ့ မိမိကိုယ်ကို ယုံကြည်မှုတွေ ရရှိဖို့လည်း အခက်အခဲ ရှိနေတယ်။ အခြားသူများနဲ့ လူမှုဆက်ဆံရေးမှာ အဖုအထစ်တွေ ပိုဖြစ် တတ်တယ်။ သူများတွေဆီကလည်း သင်ယူလေ့လာရမှာ ဖြစ်တယ်ဆိုတဲ့ အသိတရားရဖို့ ခက်မယ်။ ဖန်တီးမှု စွမ်းရည်ဖွံ့ဖြိုးမှု အတွက် အကန့်အသတ် ရှိနေပါလိမ့်မယ်။

နောက် အရေးကြီးတဲ့ အချက်တစ်ခုကတော့ အနုပညာဟာ  ကိုယ်ပိုင်နေရာငယ်၊ ကမ္ဘာငယ်လေးတစ်ခုကို ပိုင်ဆိုင်ခွင့် ပေးတယ်။ ဒါဟာ ဒီမိုကရေစီ အခွင့်အရေး တစ်ရပ်လိုပါ။ အစိုးရဖြစ်ဖြစ်၊ မိဘဖြစ်ဖြစ်၊ ဆရာ ဆရာမဖြစ်ဖြစ် ဝင်ရောက်စွက်ဖက်လို့ မရတဲ့ ကိုယ်ပိုင် သီးသန့် ကမ္ဘာငယ်လေး။ အဲဒီနေရာမှာ ကလေးငယ်ဟာ ကိုယ်ပိုင် ရှင်သန်မှုနဲ့၊ ကိုယ်ပိုင် အတွေးအခေါ်နဲ့၊ လွတ်လပ်နေတယ်။ ပျော်ရွှင်ချမ်းမြေ့ခွင့် ရတယ်။ ဘယ်သူ့ကိုမှ အနှောက်အယှက်မပေးသလို၊ သူ့ကိုလည်း ဘယ်သူကမှ အနှောက်အယှက် မပေးနိုင်တဲ့ ကိုယ်ပိုင် ကမ္ဘာငယ်လေး။ အဲဒီ ကမ္ဘာငယ်လေးမှာ ကလေးတိုင်းမှာ ရှိသင့်တယ်။ အနုရသပညာကို လေ့လာ ခွင့်၊ ဆည်းပူးခွင့် မရရှိတဲ့ ကလေးငယ်အတွက် အဲဒီ ကိုယ်ပိုင် နေရာ၊ ကမ္ဘာငယ်လေးကို ပိုင်ဆိုင်ခွင့် မရှိဘူးပေါ့။

ဒီတော့ ကလေးငယ်တိုင်းဟာ အနုရသပညာ ဘာသာရပ်ကို သင်ယူ လေ့လာခွင့် ရရှိသင့်ပါတယ်။

ဆရာမတို့ရဲ့ စတူဒီယိုဇင်းက ဘယ်လို လေ့ကျင့် ပေးပါသလဲ။

ကလေးများရဲ့ ကိုယ်ပိုင် တီိထွင်ဖန်တီးမှု၊ ခံစားချက်တွေ အပေါ်မှာ အဓိက အလေးထားပါတယ်။ လွတ်လွတ်လပ်လပ် ဖန်တီးခွင့်ကို ပေးထား တယ်။ စိတ်ကူးစိတ်သန်းတွေကို မပိတ်ဆို့ထားဘူး။ အဖွင့်သဘောနဲ့ ထားကြတယ်။ ဆရာတွေကလည်း လွှမ်းမိုးမှု၊ ချုပ်ချယ်မှု မရှိဘူး။ ကလေးရဲ့ စွမ်းဆောင်ရည်နဲ့ ကိုယ်ပိုင် အတွေးအတိုင်း ဖန်တီး စေတာပါ။

ကလေးရဲ့ အနုပညာဖန်တီးမှု အပေါ်မှာ မှားတယ်၊ မှန်တယ်ရယ်လို့ မဆုံးဖြတ်ဘူး။ “မင်းဟာကမလှဘူး” “မင်းဟာ မှားနေတယ်” လို့လည်း မပြောကြပါဘူး။ ဖန်တီးမှု၊ ကြိုးစားမှု၊ ရေးဆွဲမှု၊ ကိုယ်ပိုင်အတွေးတွေ အပေါ်မှာ တန်ဖိုး ထားပေးတယ်။ ချီးကျူး စကား ဆိုရတယ်။ အားပေးတယ်။ မိမိကိုယ်ကို ယုံကြည်မှုနဲ့ ဖန်တီးလိုစိတ်ကို တိုးပွားစေဖို့ အရေးအကြီးဆုံးပါ။ ကလေးအချင်းချင်းလည်း နှိုင်းယှဉ်တာမျိုး မလုပ်အပ်ပါဘူး။ သိမ်ငယ်စိတ်၊ အားလျော့စိတ်၊ အဖျက်စိတ်တွေ ကင်းနိုင်သမျှ ကင်းစေဖို့ လိုအပ်တယ်။ အပြုစိတ်၊ အကောင်းမြင်စိတ်၊ ကြိုးစားလိုစိတ်နဲ့ ယုံကြည်မှုကို လေ့ကျင့် ပေးခြင်းပါ။ အနုပညာနဲ့ နည်းစနစ်တွေကတော့ ကြားခံ ကိရိယာမျှသာ ဖြစ်တယ်။

လက်ရှိကျောင်းတွေက မြန်မာသင်ရိုးညွန်းတမ်း အပေါ်မှာ ဆရာမ ဘယ်လို မြင်ပါသလဲ။

အသေးစိတ်တော့ ကျမ မပြောပြနိုင်ပါဘူး။ မိဘတွေနဲ့ ကျမရဲ့ လုပ်ဖော်ကိုင်ဖက် နည်းပြဆရာ ဆရာမတွေက အမြဲတမ်း ပြောပြကြတယ်။ မြန်မာပြည် ကျောင်းသင်ရိုးညွန်းတမ်းမှာ အနုရသပညာဘာသာရပ်နဲ့ ပတ်သက်လို့ တိကျတဲ့ သင်ရိုးညွန်းတမ်း မရှိသေးဘူးတဲ့။ အချိန်လည်း မပေးကြဘူး။ သင်ကြားပေးမယ့် ဆရာ ဆရာမလည်း မရှိကြတာများတယ်လို့ ပြောကြပါတယ်။ ဒါဟာ အင်မ တန်မှ ဝမ်းနည်းစရာပါ။ စံနှုန်းတွေ  အကြီးအကျယ် လွဲနေသလားလို့ ထင်မိ ပါတယ်။ ပညာရေးကို အဓိပ္ပါယ် ဖွင့်ဆိုမှုမှာ ဘောင်သိပ်ကျဉ်းလွန်းတယ်လို့ လည်း ကျမ ခံစားမိတယ်။

မိဘတွေ၊ ဆရာ ဆရာမတွေအနေနဲ့ ဒီအနုပညာဘာသာရပ်ကို တန်ဖိုးထား နိုင်လာအောင်ရယ်၊ အရေးကြီးပုံကို သိမြင်လာအောင်ရယ် အတွက် ပံ့ပိုးမှုတွေ၊ ကူညီမှုတွေ အများကြီးလိုအပ်နေတယ်လို့ ဆွေးနွေးကြပါတယ်။ အနုရသ ဘာသာရပ်ကို အများပြည်သူနဲ့ ပညာရေးသမားများ နားမလည်ကြသေးတဲ့ နယ်ပယ်လို့လည်း ပြောကြပါတယ်။

အဓိကအချက်ကတော့ ကျောင်းသင်ရိုးညွန်းတမ်းရဲ့ မပြည့်စုံမှုပါပဲ။

ကျောင်းပညာရေးမှာ အထင်ကရ ထည့်သွင်း လေ့ကျင့်သင်ကြား  ပေးနိုင်ဖို့ အတွက် ဆရာအတတ် ပညာရေးသင်တန်းတွေမှာ လေ့ကျင့် ပေးရမယ်။ သင်ရိုးညွန်းတမ်းနဲ့ ကိုးကားစာအုပ်တွေ၊ ကလေးစာအုပ်တွေကို ပြုစုသင့်ပါတယ်။

အနုရသဘာသာရပ်ကို လေ့ကျင့် သင်ကြားပေးခြင်းဟာ ကလေးရဲ့ သိမှုစွမ်းရည်နဲ့ ခံစားမှုစွမ်းရည်၊ ဉာဏ်ရည်တွေကို ထက်သန်စေလို့ အခြား သော ဘာသာရပ်နယ်ပယ်အသီးသီး၊ သင်္ချာနဲ့ ဘာသာစကားတွေကို လေ့လာရာမှာလည်း အထောက်အကူ ပြုပါတယ်။ ကျိုးကြောင်း ဆင်ခြင်ဉာဏ် တိုးတက်လာမယ်။ မျှတတဲ့ စိတ်ထားကို ဖြစ်ပေါ်စေမယ်။ အရေးကြီးတဲ့ အချက်ကတော့ ပိုမို လူသားဆန်လာစေခြင်း ဖြစ်ပါတယ်။

အခြားသော ဘာသာရပ်နဲ့ ဆက်စပ်မှုနဲ့ အထောက်အကူပြုပုံကို ဆွေးနွေး ပေးပါဦး။

ဥပမာ - သမိုင်း သင်ခန်းစာ ဆိုကြပါစို့။ ကလေးငယ်တွေဟာ သမိုင်းထဲက အဖြစ်အပျက်တစ်ခုကို အနုပညာဘာသာရပ်ထဲက သရုပ်ဆောင် သင်ကြားခြင်း နည်းလမ်းနဲ့ ဇာတ်ကို ပြန်လည် ဆန်းသစ်နိုင်ကြတယ်။ စာသင် ခန်းထဲမှာပါ။ နေရာဒေသတစ်ခုခုကို ရွေးချယ်ကြမယ်။ ဘုရင်လုပ်မယ့်သူ၊ ဖိဖုရားလုပ်မယ့်သူ၊ စစ်သူကြီးလုပ်မယ့်သူ၊ သံတမန်လုပ်မယ့်သူ၊ ဝန်ကြီးလုပ်မယ့် သူတွေကို ရွေးချယ်ပြီး အဖြစ်အပျက်အတိုင်း ပြန်လည် သရုပ် ဆောင်ကြမယ်။ သမိုင်းထဲက စကားတွေကို ပြန်ပြောကြမယ်။ အဖြစ်အပျက် နောက်ခံ စကားပြောပြီး သင်ခန်းစာကို မသိမသာ မိတ်ဆက် လိုက်တာပါဘဲ။ ဟန်ပါပါ။ မာန်ပါပါနဲ့ ကလေးတွေဟာ သိပ်ကို လုပ်ချင်ကြတာ။ စာသင်မှန်း၊ သမိုင်းသင်မှန်း မသိလိုက်ပဲနဲ့ကို သူတို့ သမိုင်းအမြင်တွေ၊ နားလည်မှုတွေ ရသွားကြမယ်။ ပိုအရေးကြီးတာက အတိတ်သမိုင်းဟာသူတို့ ဘဝထဲ၊ ရင်ဘတ်ထဲကို ဝင်ရောက်ခွင့် ရရှိခြင်းပါ။ သိမြင်ခံစားနိုင်စွမ်း ရရှိခြင်းပါ။ “ကစားရင်းပင် ပညာသင်” ဆိုတဲ့ ပညာရေး သဘောတရားလည်း ရှိတယ် မဟုတ်လား။ ကလေးတွေဟာ အုပ်စုအလိုက် သမိုင်း အဖြစ်အပျက်တွေကို အရုပ်တွေ ဖန်တီးနိုင်သေးတယ်။ ရွှံ့ပျော့တွေနဲ့ ပုံစံငယ်တွေ ဖန်တီး နိုင်ပြန်တယ်။ ဒီလိုဆိုရင် သမိုင်းသင်ခန်းစာတွေဟာ ပိုပြီး ပျော်ရွှင်ဖွယ်ရာ ဖြစ်လာမယ်။

အခြားသော ဘာသာရပ်တွေတိုင်းကိုလည်း အနုပညာအခြေခံပြီး သင်ကြား သင့်ပါတယ်။ ဘာသာစကား၊ သင်္ချာ၊ သိပ္ပံနဲ့ လူမှုရေးဘာသာတွေ အားလုံးမှာ အခါအားလျော်စွာ အနုပညာ နည်းစနစ်နဲ့ ပေါင်းစပ်ပြီး သင်ကြား ပေးနိုင်ပါတယ်။

ငယ်ရွယ်တဲ့ ကလေးငယ်တွေ အတွက် စာရေးရတာထက် ပုံဆွဲရတာ ပိုလွယ် ကူတာကို ပြောပြချင်ပါတယ်။ အဲဒါ ကလေးသဘာဝ ဖြစ်တယ်။ abstract ဆန်တဲ့ စာရေးခြင်းဟာ ကလေးအတွက် မိမိကိုယ်ကို ဖော်ပြရာမှာ အခက်အခဲ ရှိပါတယ်။ ဒါပေမယ့် ပုံရေးဆွဲခြင်း၊ ကောက်ကြောင်း ခြစ်ချင်းမှာတော့ မိမိအတွေး၊ စိတ်ကူးနဲ့ သိမြင်မှုကို လွတ်လွတ်လပ်လပ် ဖော်ထုတ်ခွင့် ပေးနိုင်တယ်။

အခုလို ဆွေးနွေးပေးတာ ဆရာမကို ကျေးဇူးအများကြီး တင်ပါတယ်။

မောက္ခအယ်ဒီတာအဖွဲ့ က ဆရာမဒေါဝ် - စတူဒီယိုဇန် Studio Xang အဖွဲ့နှင့် တွေ့ဆုံမေးမြန်းသည်။ (နိုဝင်ဘာလ ၂၀၁၀)

မောက္ခပညာရေးအင်တာဗျူး

 

Powered by Bullraider.com

Notice: Undefined index: data in /home/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238