CCA သည် မွန်ကလေး (သို့) သင်ယူသူကို ဗဟိုပြုပါတယ်။
- Details
- Category: အင်တာဗျူး
- Published on Saturday, 26 February 2011 09:09
- Written by Editor
- Hits: 3474
သို့
အယ်ဒီတာ (မောက္ခပညာရေးမဂ္ဂဇင်း)
မောက္ခပညာရေးမဂ္ဂဇင်း အွန်လိုင်းပေါ်တွင် ပါရှိသည့် မွန်ပညာရေးဆိုင်ရာ သတင်းတစ်ပုဒ်နှင့် ပတ်သက်ပြီး အယ်ဒီတာဆီ စာရေးသားလိုက်ရပါတယ်။ သတင်းခေါင်းစဉ်ကတော့ “မွန်ကလေးဗဟိုပြု ပညာရေး မဖြစ်သေးဟု ဝေဘန်သုံးသပ်” ဖြစ်ပါတယ်။
မွန်ပြည်နယ် တစ်ခုလုံးမှာရှိတဲ့ အခြေခံပညာ ကျောင်းတွေ အားလုံးအတွက် မပြောနိုင်သေးပေမယ့် ကျွန်တော်တို့ရဲ့ မွန်ပြည်သစ်ပါတီ NMSP၊ မွန်အမျိုးသား ပညာရေးကော်မီတီ MNEC တို့ရဲ့ ကြီးကြပ်မှုအောက်မှာရှိတဲ့ မွန်ပညာရေးဌာနက ဖွင့်လှစ်တဲ့ CCA ကလေးဗဟိုပြု ပညာရေးသင်တန်းတွေနဲ့ စာသင်ကျောင်းတွေအကြောင်းကို ဆွေးနွေး တင်ပြချင်ပါတယ်။
အဓိကအချက်အနေနဲ့ကတော့ CCA ဟာ မွန်ကလေးဗဟိုပြု ပညာရေးစနစ်အတွက် ဖြစ်တယ်ဆိုတာကို ထောက်ပြလိုခြင်းပါ။

မွန်အမျိုးသားကျောင်းတွေမှာ မွန်သမိုင်း၊ မွန်နိုင်ငံရေး၊ မွန်ယဉ်ကျေးမှု အမွေအနှစ်တွေကို တတိယတန်းမှ အဌမတန်းအထိ သင်ကြားပေးခြင်းဟာ နှစ်ပေါင်းထောင်ချီ ရှည်ကြာခဲ့ပြီဖြစ်တဲ့ မွန်သမိုင်း၊ နိုင်ငံရေး၊ ယဉ်ကျေးမှုတို့ကို သမုဒ္ဒရာ ရေစီးကြောင်းကြီးမှ တစ်ငုံနှစ်ငုံ သောက်သုံး အရသာခံတတ်ရုံ၊ နောက်ထပ် သောက်ချင်လာအောင် လေ့ကျင့် သင်ကြားပေးခြင်းသာဖြစ်၍ အလုံးစုံ တတ်သိနားလည်ပြီးဖြစ်ခြင်းသို့ မရောက်ရှိနိုင်သေးပါ။
မွန်အမျိုးသားကျောင်းများသည် မွန်လူမျိုးများအတွက် သမိုင်း၏ တောင်းဆိုမှုအရ၊ဒေသခံမွန်လူမျိုးများ၏ လိုအပ်ချက်အရ ပေါ်ပေါက်လာပြီး၊ အရှိတရား၊ ဖြစ်တည်မှုတရားတို့အပေါ်အခြေခံ၍ မွန် ကလေးများကို အခြေခံပညာ သင်ကြားပေးနေခြင်းဖြစ်ပါတယ်။ မွန်နိုင်ငံရေးဆိုပြီး နိုင်ငံရေးဘာသာရပ် သီးသန့် သင်ကြားပေး ခြင်းမရှိပါ။ မွန်လူ့အဖွဲ့အစည်းအတွက် ပြည်သူ့နီတိ ဘာသာရပ်ကဲ့သို့ ပညာရပ်များကို အလယ်တန်းနှင့် အထက်တန်းကျောင်းတွေမှာ အလျဉ်းသင့်သလို သင်ကြားပေးပါတယ်။
မွန်အမျိုးသားသမိုင်းနှင့်ပတ်သက်ပြီး သမိုင်းမတင်မီခေတ်မှသည် မျက်မှောက်ခေတ်အထိ မွန်လူမျိုးများ၏ ရှည်လျားလှတဲ့ ရုန်းကန် လှုပ်ရှားမှုသမိုင်းကို မွန်ကျောင်းသားများ လေ့လာသင်ယူခွင့် ရရှိပါတယ်။ သင်ယူဆဲလည်းဖြစ်တယ်။
MNEC သည် CCA နှင့်ပတ်သက်ပြီး ငြိမ်းဖောင်ဒေးရှင်းမှ အကူအညီများ ရရှိခဲ့ပါတယ်။ သင်နည်းစနစ်များ၊ ပညာရေးနည်းပညာများအပြင် မွန်အမျိုးသား ကျောင်းများနှင့် မွန်ကလေးများအတွက် မရှိမဖြစ်လိုအပ်တဲ့ ကျောင်းသုံး ဖတ်စာအုပ်များ၊ စာရေးကိရိယာများ၊ ကျောင်းစာကြည့်တိုက်အတွက် လိုအပ်တဲ့ စာအုပ် စာတမ်းများ စသည့် အကူအညီရရှိ၍ များစွာ အကျိုးရှိပါတယ်။
MNEC သည် ငြိမ်းဖောင်ဒေးရှင်းနှင့် လက်တွဲ အလုပ်လုပ်ရခြင်း အကြောင်းသည် ငြိမ်းတွင် ပညာရေး ပညာရှင်ရှိခြင်း၊ စီမံချက်လုပ်ငန်းများကို ကောင်းစွာ စီမံလုပ်ကိုင်နိုင်ခြင်း၊ စေ့စပ်သေချာခြင်း၊ စည်းကမ်းစနစ် ကောင်းမွန်ခြင်း၊ Unity in Diversity and Multi-culture အတွေးအမြင်ရှိခြင်း၊ တိုင်းရင်းသား လူမျိုးစုများအပေါ် ထားရှိတဲ့ စာနာစိတ်ရှိခြင်း၊ စေတနာ ကောင်းမွန်ခြင်းစသည့် ကောင်းမြတ်သည့် စေတနာကံ တို့ကြောင့် ဖြစ်တယ်။
MNEC နှင့် CCA Project အကောင်အထည်မဖော်မီ မွန်ပညာရေးအတွက် Education Survey လုပ်ခြင်းမှ စ၍ CCA TOT သင်တန်းပေးခြင်း၊ ဆင့်ပွားသင်တန်းများပေးခြင်း၊ မွန်ပညာရှင်များနှင့် တွေ့ဆုံခြင်း၊ မွန်ပညာရေး အုပ်ချုပ်သူ တာဝန်ခံများကို CCA အမြင်ဖွင့်သင်တန်းများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်း၊ ကျောင်းသားမိဘများအား CCA Awareness workshops စာကားဝိုင်း ဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်း၊ CCA ဆင့်ပွား သင်တန်းတက်ပြီးသော ဆရာ၊ ဆရာမများကို ထပ်ဆင့်ပြီး CCA Special Endorsement ပေးခြင်း၊
မူလတန်းကျောင်းများသို့ Monitoring သွားခြင်း၊ Mentorship ပြုလုပ်ပေးခြင်း၊ ပညာရေးတာဝန်ခံများ၊ ကျောင်းဆရာအသင်းများကို Monitoring and Evaluation သင်တန်းများပေးခြင်း၊ အစီရင်ခံစာရေးသားခြင်း စတဲ့ အတတ်ပညာ၊ အသိပညာများကို ရရှိအောင် ငြိမ်းဖောင်ဒေးရှင်းမှ ဦးဆောင်ပြီး MNEC ကျောင်းပညာရေး အတွက် ပြုလုပ်ပေးနိုင်ခြင်းကို ကြည့်ခြင်းဖြင့် ‘ငြိမ်း’၏ စွမ်းဆောင်နိုင်မှုနှင့် စေတနာကို သိသာနိုင်ပါတယ်။
MNEC သည် ငြိမ်းဖောင်ဒေးရှင်းနှင့် လက်တွဲ၍ ကလေးဗဟိုပြုချဉ်းကပ်နည်း သင်တန်းများပြုလုပ် နိုင်ခြင်းကြောင့် မွန်အမျိုးသား ကျောင်းများတွင် တိုးတက်မှုရှိခဲ့သည်ကို တွေ့ရပါတယ်။ သာဓကအားဖြင့် မူလတန်းကလေးများ ကျောင်းနေပျော်လာ၍ ကျောင်းထွက်နှုန်း ကျလာခြင်း၊ ဆရာဆရာမများ ခေတ်မီ သင်နည်းစနစ်တွေ သိရှိ နားလည်လာ၍ သင်ကြားရေးမှာ ပိုမို စိတ်ဝင်စားလာခြင်းတို့ဖြစ်တယ်။ တက်တက်ကြွကြွရှိလာပြီး အလုပ် စွန့်နှုန်းကျလာတာကို တွေ့ရပါတယ်။ ကျောင်းသားမိဘများကိုလည်း CCA Awareness ပေးနိုင်ခြင်းကြောင့် မိဘများ မွန်ပညာရေးမှာ ပါဝင်ကူညီလာကြသည်ကို တွေ့ရှိရပါတယ်။
CCA နှင့်ပတ်သက်ပြီး မွန်အမျိုးသားပညာရေးကို ငြိမ်းဖောင်ဒေးရှင်းမှ ပံ့ပိုးကူညီရာတွင် ပြီးပြည့်စုံခြင်းသို့ မရောက်သော်လည်း အတိုင်းအတာ တစ်ခုထိ ကျေနပ်အားရမှုကို ရရှိခဲ့ပါတယ်။ သင်ရိုးညွှန်းတမ်းနှင့် ပတ်သက်ပြီး MNEC သည် Curriculum Reform ပြုလုပ်လိုသော်လည်း အဖက်ဖက်က မပြည့်စုံမှုတို့ကြောင့် ဖတ်စာအုပ်များကို မပြောင်းလဲနိုင်သေးပါ။ သို့သော် ဆရာဆရာမများ သင်နည်းစနစ်ကို အတော်အသင့်ပြောင်းလဲ ကျင့်သုံးနိုင်ခြင်း၊ သင်ထောက်ကူများ အသုံးပြု သင်ကြားခြင်း၊ သင်ခန်းစာ အစီအစဉ်များ ကြိုတင် ရေးသားပြုစုခြင်း၊ ကလေးများ ကျောင်းနေပျော်လာအောင် စွမ်းဆောင်နိုင်ခြင်း စသည်တို့ကြောင့်သင်ကြားရေးတွင် ယခင်ကထက် ပိုမိုထိရောက်လာတယ်။
CCA နှင့် အံဝင်ခွင်ကျဖြစ်တဲ့ သင်ရိုးညွှန်းတမ်း၊ ဖတ်စာအုပ်များ မရှိသေးသော်လည်း “ကျောင်းသုံး ဖတ်စာအုပ်ကို မသင်ပါနှင့်၊ ကျောင်းသုံးဖတ်စာအုပ်များနှင့် သင်ပါ။” ဆိုသော ဆရာ့ဆရာကြီးများ၏ ပြောဆို ဆုံးမမှုများကို ဦးပန်ဆင်ပြီး လက်ရှိ ဖတ်စာအုပ်များကိုပင် အသုံးပြု၍ သင်ခန်းစာများကို CCA သင်နည်းစနစ်နှင့် ကိုက်ညီအောင် ကြိုးစားသင်ကြားခဲ့ကြသည်။ ဆရာက လမ်းညွှန် ကူညီသူအဖြစ် ကလေးကိုယ်တိုင်တက်ကြွတဲ့ ပါဝင် သင်ယူသူများဖြစ်အောင် စည်းရုံး စေ့ဆော်ပေးတဲ့ Lesson Plan များကို သေချာစွာ ရေးသားပြုစုပြီး သင်ကြားကြပါတယ်။ ထိုကဲ့သို့ သင်ကြားခြင်း-သင်ယူခြင်းသည် CCA သင်နည်းလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနေခြင်းပင်ဖြစ်တယ်။ ကြည့်တတ်သူမြင်၏။
ဒီ CCA အသိပညာ၊ အတတ်ပညာတွေကို ငြိမ်းဖောင်ဒေးရှင်းမှ လက်ခံရရှိခြင်းကြောင့် အကျိုးကျေးဇူး များလှ ပါတယ်။ Change ကို စာသင်ကျောင်းမှ စတင်ရပါတယ်လို့ MNEC က ခံယူထားပါတယ်။ စာသင်ခန်းများကို လင်းပွင့် စာသင်ခန်းဖြစ်လာမှ ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်း ဖြစ်ပေါ်လာမယ်လို့ မျှော်လင့်ထားပါတယ်။ ကလေးများ ကျောင်းနေပျော်ဖို့ ပထမခြေလှမ်း ဖြစ်ပါတယ်။ မွန်ကလေး ဗဟိုပြု ချဉ်းကပ်နည်းသင်တန်း၊ မွန်ကျောင်းပညာရေးနှင့် ပတ်သက်ပြီး သိလို၊ မေးမြန်းဆွေးနွေးလိုပါလျှင် ဆက်သွယ်နိုင်ပါတယ်။
လေးစားစွာဖြင့်
Nai Rod Gakao
Joint Secretary
MNEC
This e-mail address is being protected from spambots. You need JavaScript enabled to view it.
Phone: 034 595336
This e-mail address is being protected from spambots. You need JavaScript enabled to view it.
Notice: Undefined index: data in /home/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238








