ဒေါက်တာလွဏ်းဆွေ (သို့မဟုတ်) ဆရာဝန် မလုပ်တဲ့ ဘလော့ဂါ

မေး။ ကဲ ဆရာလွဏ်းရေ.. ဗျူး တော့မယ်ဗျာ။ ဆရာတို့ ညီ အစ်ကို လေးယောက်စလုံး ဆရာဝန်တွေ လို့ သိရတယ်။ အဲတော့ ဆရာတို့ရဲ့ ငယ်စဉ် ပညာရေးက တော်တော့် ကို ကောင်းခဲ့ပုံပဲ။ ဘယ်လိုဆရာတွေ မိဘတွေနဲ့ ငယ်ငယ်က သင်ယူခဲ့ရသလဲ။
ငယ်စဉ် ပညာရေးနဲ့ ဆရာတို့ တောင်ငူမြို့လေးအကြောင်းရော အမှတ်တရ ပြောပြပါလား။

ဖြေ။ ညီအစ်ကို လေးယောက်စလုံး ဆေးကျောင်း ရောက်ခဲ့ပါတယ်။ လေးယောက် စလုံးတော့ ဆရာဝန် မဖြစ်ခဲ့ပါဘူး။ အစ်ကိုကြီးရယ်၊ ကျနော်ရယ်၊ အငယ်ဆုံး ညီလေးရယ် သုံးယောက်ပဲ ဆရာဝန် ဖြစ်ခဲ့ပါတယ်။ ကျနော့်အောက်က ညီ (နို့ညှာ) က မန္တလေး ဆေးကျောင်းတက်နေရင်း နောက်ဆုံးနှစ် အပိုင်း (ခ) မှာ နိုင်ငံရေးမှုနဲ့ ထောင် ၇ နှစ်ခွဲကျသွားခဲ့တယ်။ ပုဒ်မ ၅ (ည) နဲ့ပါ။ ထောင်က ပြန်လွတ်လာပြီး နောက်ပိုင်း ဆေးကျောင်း ပြန်တက်ခွင့်ရပေမယ့် သူက ကျူရှင်ပြတဲ့ အလုပ်နဲ့ အဆင်ပြေနေတာကြောင့် ကျောင်းပြန်မ တက်ဖြစ်တော့ဘဲ ကျူရှင်ဆရာအဖြစ်နဲ့ပဲ အသက်မွေးနေ ပါတယ်။

ညီအစ်ကို လေးယောက်စလုံး ဆေးကျောင်းရောက်တာ ငယ်စဉ်ပညာရေးကောင်းခဲ့တာကြောင့်လို့ ယူဆမယ် ဆိုရင်တော့ အဲဒီရဲ့ အရင်းခံ အကြောင်းတရားတွေထဲမှာ ကျနော့်အမေရဲ့ မောင်းနှင်မှုကျေးဇူးတရားက အဓိက ကျတယ်လို့ ပြန်တွေးမိပါတယ်။ ငယ်စဉ်က ပညာရေးနဲ့ ပတ်သက်ရင် ကျနော့်အမေက စည်းကမ်းအရမ်းကြီးပါတယ်။ ကျနော်တို့ ညီအစ်ကို လေးယောက်စလုံး သူငယ်တန်းကနေ ၇ တန်းအထိ ကျောင်းက တစ်နေ့တာ သင်ကြားလိုက်တဲ့ ဘာသာရပ်တွေအားလုံးကို အမေ့ဆီမှာ အလွတ်ပြန်ဆိုပြပြီးမှ ညအိပ်ရာဝင်ရပါတယ်။ ၈ တန်းရောက်မှသာ အမေက လွှတ်ပေးလိုက်ပြီး ကိုယ့်ဘာသာကိုယ် ကျက်မှတ်ခွင့်ပြုတာပါ။

ကျနော့်အဖေနဲ့ အမေက တောင်ငူမြို့မှာ သင်္ချာဘာသာရပ်ကို သင်ကြားပြသတဲ့ အလွတ်ကျူရှင်ဆရာတွေပါ (အစိုးရကျောင်းဆရာတွေ မဟုတ်ပါဘူး)။ အမေက ၅ တန်း၊ ၆ တန်း၊ ၇ တန်းကို သင်ပြပြီး၊ အဖေက ၈ တန်း၊ ၉ တန်း၊ ၁၀တန်းကို သင်ပါတယ်။ ကျနော့်အမေက တစ်နာရီစာ ကျူရှင်ချိန်ကို တစ်နေ့ မနက် ၂ ချိန်၊ ညနေ ၃ ချိန် သင်ပါတယ်။ အဖေလည်း ထိုနည်းတူပါပဲ။ တချို့နှစ်တွေမှာတော့ အဖေက ညနေပိုင်း ၄ ချိန်အထိ သင်ရပါတယ်။ ကျနော်တို့ ညီအစ်ကိုတွေ အားလုံးလည်း သင်္ချာနဲ့ပတ်သက်ရင် အမေနဲ့ အဖေ့ဆီမှာပဲ ကျူရှင်တက်ရပါတယ်။

အမေက ညနေကျူရှင်ချိန်တွေပြီးလို့ ကျနော်တို့ မိသားစု စားသောက်ထားတဲ့ အိုးခွက်ပန်းကန်တွေအားလုံးကို ဆေးကြော၊ အိမ်သန့်ရှင်းရေးလုပ်ပြီးတာနဲ့ ကျနော်တို့ ညီအစ်ကိုတွေ စာပြန်ခိုင်းတာပါပဲ။ ပြန်လို့မပြီးမချင်း သူလည်း မအိပ်ဘူး၊ ကျနော်တို့လည်း မအိပ်ရဘူး၊ အဲဒီလောက်ကို မောင်းတာ။ နောက်ပြီး စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်ကျရင်လည်း တပတ်စာ ဘာသာရပ်တွေကို အမေ့ဆီမှာ အလွတ်ပြန်ရပါတယ်။ လပတ် စာမေးပွဲတွေ၊ အစမ်းစာမေးပွဲတွေ၊ အတန်းတင်စာမေးပွဲတွေ နီးပြီးဆိုရင်တော့ သင်ပြီးသမျှ စာတွေအားလုံး အလွတ်ပြန်ပေတော့ပဲ။

အဲဒါကြောင့်မို့ ငယ်ငယ်ကဆို ကလေးသဘာဝ ဆော့ချင်ပြုချင်တာတောင် စာမရသေးရင် မဆော့ရဲတာကြောင့် ကျနော်တို့ ကလေးဘ၀မှာ ကစားချိန်နည်းပါးခဲ့တယ်လို့ ပြောရမယ်။ ပညာရေးနဲ့ ပတ်သက်ပြီး အမေ့ကို ကြောက်ရတဲ့စိတ်ကြောင့် စိတ်လွတ်ကိုယ်လွတ် မကစားရဲ၊ မပျော်ရဲခဲ့တာပါ။ ပြီးတော့ ကျနော့် အဖေနဲ့ အမေက စာမရလို့ပဲဖြစ်ဖြစ်၊ ညီအစ်ကိုချင်း ရန်ဖြစ်လို့ပဲဖြစ်ဖြစ် အမေရိုက်လို့ အဖေ့ဆီ ပြေးကပ်ရင် အဖေ ရိုက်တာကိုပါ ခံရတယ်။ အဲလိုပဲ အဖေရိုက်လို့ အမေ့ဆီ ပြေးကပ်ရင်လည်း အမေကပါ ရိုက်လွှတ်လိုက်တယ်။ တခါတရံ စိတ်မထိန်းနိုင်ဘဲ ပါးစပ်ကနေ ဖရုဿဝါစာတွေ ဆဲဆိုမိတာကို အမေ ကြားသွားလို့ကတော့ လိမ်ဆွဲချက်က ပါးပြတ်ထွက်မတတ်ပဲ။

နောက်ပြီး ကျနော်တို့ ညီအစ်ကိုတွေ အခြားဘယ်သူနဲ့ပဲ ရန်ဖြစ်ဖြစ်၊ ကိုယ်က မှားမှား မှန်မှန် အဖေနဲ့ အမေ သိလို့ကတော့ ရန်ဖြစ်တယ်ဆိုတဲ့ ပုဒ်မနဲ့ကို ကျနော်တို့ကို ဆော်ပလော်တီးတော့တာပဲ။ ပြောရရင် အဖေရော အမေရော ကျနော်တို့ ညီအစ်ကိုတွေကို လုံးဝအလိုမလိုက်ဘူး။ တစ်ချက်ကလေးမှ မျက်နှာသာမပေးဘူး။ သားယောက်ျားလေးတွေချည်းမို့ ပျက်စီးကုန်မှာစိုးတာလည်း ပါမယ်ထင်တယ်။ ပညာရေးနဲ့ ပတ်သက်ရင် ကျနော့်အမေက ဘယ်လောက်အထိ စိတ်ကြီးသလဲဆို ကျောင်းက စာမေးပွဲ report card တွေ ပေးလိုက်လို့ ပထမအဆင့် ရတယ်ဆိုမှ report card မှာ သူကိုယ်တိုင် လက်မှတ်ထိုးပေးတယ်။ ပထမ မဟုတ်ဘဲ ဒုတိယ၊ တတိယဆိုရင်တော့ သူ လုံးဝလက်မှတ်ထိုးမပေးဘူး။ အဲဒီအခါကျရင် report card ကျောင်းကို ပြန်အပ်ဖို့ အဖေ့ကို တိတ်တိတ်ကလေး ချဉ်းကပ်ပြီးတော့ပဲ လက်မှတ်ထိုးခိုင်းရတယ်။

ကျောင်းသင်ပညာရေးနဲ့ ပတ်သက်လို့ ပြောရရင်တော့ ကျနော်တို့ ညီအစ်ကိုတွေအားလုံး သူငယ်တန်းကနေ ၄ တန်းအထိ တောင်ငူဆရာအတတ်သင်ကျောင်း (TTC) ရဲ့ တွဲဘက်မူလတန်းကျောင်းလေးမှာ ပညာသင်ကြားခဲ့ပါတယ်။ ၅ တန်းကနေ ၁၀တန်းအထိကိုတော့ တောင်ငူမြို့ အခြေခံပညာ အထက်တန်းကျောင်း (အ.ထ.က ၁) မှာ သင်ကြားခဲ့ပါတယ်။ ကျနော်တို့ခေတ် (၁၉၇၅-၈၅) မှာ မူလတန်းကနေ အထက်တန်းအထိ ပညာသင်ကြားပေးခဲ့တဲ့ ဆရာတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်လောက်က စည်းကမ်းပိုင်းရော စာအသင်အပြရော ကောင်းမွန်ကြပါတယ်။ ဆရာတွေအားလုံး ကိုယ်သင်ကြားတဲ့ ဘာသာရပ်နဲ့ ပတ်သက်ပြီး ကျွမ်းကျင်နိုင်နင်းကြတယ်။

ဆရာတွေရတဲ့ လစာကလည်း အဲဒီခေတ် အဲဒီအခြေအနေမှာ မိသားစုစားဝတ်နေရေးအတွက် လောက်လောက်ငင ရှိသေးတဲ့အခါကျတော့ စေတနာပါပါနဲ့ အပြည့်အ၀ အာရုံစိုက် သင်ကြားပေးတာကို ကျနော်တို့ ခံယူဆည်းပူးခွင့်ရခဲ့ပါတယ်။ အဲဒီခေတ်အခါက ပညာရေးလောကအတွင်းမှာ အကျင့်ပျက်ခြစားမှုတွေကလည်း မရှိသလောက်နည်းပါးတော့ အောင်မြင်ခဲ့တဲ့ စာမေးပွဲရလဒ်တွေဟာလည်း စစ်မှန်တယ်လို့ ပြောလို့ရပါတယ်။

နောက်ပြီး ကျနော်တို့ တောင်ငူမြို့က ပညာရေးနဲ့ ပတ်သက်ရင် ပြိုင်ဆိုင်မှုကြီးမားတဲ့ မြို့လို့ ပြောရပါမယ်။ အထက်တန်းကျောင်း ၇ ကျောင်းရှိပြီး၊ မြန်မာတနိုင်ငံလုံးမှာ ၆ ဘာသာဂုဏ်ထူးရှင်ဆိုတာ ရန်ကုန်မြို့မှာပဲ ထွက်ပေါ်သေးတဲ့အချိန်၊ ၁၉၈၂ နဲ့ ၁၉၈၃ ခုနှစ်မှာ တောင်ငူမြို့မှာ ခြောက်ဘာသာဂုဏ်ထူးရှင် ၂ ဦး နှစ်နှစ်ဆက်တိုက် ထွက်ပေါ်ခဲ့ပါတယ်။ ၁၉၈၂ မှာ တောင်ငူ အ.ထ.က (၄) က ဘာသာစုံဂုဏ်ထူးရှင်တစ်ဦး ထွက်ပေါ်ပြီး၊ ၁၉၈၃ မှာ အ.ထ.က (၁) က ကျနော့်အစ်ကိုကြီး ဘာသာစုံဂုဏ်ထူးထွက်ပါတယ်။ ကျနော်တို့မြို့က ရန်ကုန်-မန္တလေး ရထားလမ်း၊ ကားလမ်း ပေါ်မှာ တည်ရှိပြီး ကရင်ပြည်နယ်ဘက်ကိုလည်း ကားလမ်းပေါက်တဲ့ လမ်းဆုံမြို့လိုဖြစ်နေတော့ စီးပွားရေးလုပ်ငန်း ကိုင်ငန်းတွေလည်း ကောင်းမွန်တဲ့မြို့လို့ ပြောလို့ရပါတယ်။

မေး။ ငယ်ငယ်ကတည်းက ဆရာဝန်ဖြစ်ချင်တာလား။ တခြားညီအစ်ကိုနှစ်ယောက်ကော လက်ရှိဆရာဝန်တွေ လုပ်နေကြသလား။ ဘယ်လိုကနေ စာဖတ်ဝါသနာပါခဲ့တာလဲ။

ဖြေ။ ငယ်ငယ်က ကြီးလာရင် ဘာဖြစ်ချင်တယ်ဆိုတဲ့ စဉ်းစားချက်မျိုးတော့ မရှိခဲ့ပါဘူး။ ၁၀ တန်းအထိက အမေ့ရဲ့ တရစပ်မောင်းနှင်မှုအောက်မှာ စာပြီးရင် စာနေရတဲ့ အနေအထားနဲ့ ကြီးပြင်းခဲ့ရတယ်။ အားလပ်ချိန် နည်းနည်းရရင်တော့ ညီအစ်ကိုချင်း ဆော့ကစားတာထက် အဖေ ၀ယ်လာပေးတဲ့ ရွှေသွေး၊ တေဇ၊ လှပ၊ တို့ကျောင်းသား၊ မိုးသောက်ပန်း … စာစောင်တွေကို အလုအယက်ဖတ်ကြ၊ တခါတလေ ဦးဦးဖျားဖျား ဖတ်ရအောင် လုယက်ကြရင်း ရန်ဖြစ်လို့ အရိုက်ခံရပေါ့။

၆ တန်း၊ ၇ တန်း လောက်ရောက်တဲ့အခါကျတော့ အဖေ လစဉ်ဝယ်သိမ်းထားတဲ့ မဂ္ဂဇင်းပုံကို ဖွပြီး ကိုယ်ဖတ်ချင်တာ ရှာဖတ်ကြတယ်။ အဓိကကတော့ မဂ္ဂဇင်းတွေမှာပါတဲ့ ကာတွန်းတွေကို ရှာဖတ်ကြတာပေါ့။ နည်းနည်း ကြာလာတော့မှ ကဗျာတွေ၊ ၀တ္ထုတွေ စမ်းပြီး ဖတ်တတ်လာတယ်။ ၉ တန်း၊ ၁၀တန်း လောက်မှာတော့ ဆောင်းပါးတွေပါ ရှာဖတ်တတ်လာပြီး အဖေ့စာအုပ်စင်မှာရှိတဲ့ လူထုဒေါ်အမာ၊ ဒဂုန်တာရာ၊ ဗန်းမော်တင်အောင်၊ သခင်မြသန်း၊ မြသန်းတင့်တို့ရဲ့ စာအုပ်တွေကို ဟိုမြည်းဒီစမ်းတဲ့အဆင့် ရောက်လာတယ်။

ငယ်ငယ်က ကျနော်တို့ မိသားစု ငှားနေတဲ့ ပျဉ်ထောင်အိမ်မှာ ဘုရားစင်ရှိပေမယ့် ဘုရားစင်မှာ ဘုရားမတွေ့ရဘဲ အဖေ လစဉ်ဝယ်ပြီး စုဆောင်းထားတဲ့ မဂ္ဂဇင်းတွေ အထပ်လိုက် သိမ်းထားတာကိုပဲ တွေ့ရတယ်။ ကလေးဘ၀က ကျောင်းပိတ်ရက်ဆို ဘုရားစင်ပေါ်တက် မဂ္ဂဇင်းပုံပေါ် ထိုင်ပြီး ကာတွန်းတွေ ရှာဖတ်တော့တာပဲ။ ဒီနေ့အထိလည်း ဘုရားစင်မှာ ဘုရားရုပ်တုထားပြီး ဘာဖြစ်လို့ မကိုးကွယ်တာလဲလို့ အဖေ့ကို ကျနော် တစ်ခါမှ မမေးဖြစ်ခဲ့ဘူး။ ကျနော့်အဖေ ဘုရားရှိခိုးတာလည်း ကျနော် တခါမှ မတွေ့ဖူးခဲ့ဘူး။ အဖေက သူ စုဆောင်းထားတဲ့ စာအုပ်တွေကို ဘာဖတ်ပါ ညဖတ်ပါဆိုပြီး ဂိုက်လိုင်းပေးတာမျိုးလည်း မရှိဘူး။ ကိုယ့်ဘာသာ ဖတ်ချင်တာ မွှေနှောက်ရှာဖတ်ရင်းနဲ့ပဲ ပြင်ပစာပေဖတ်ရှုတာကို ၀ါသနာပါလာခဲ့တာ။ ဒါပေမဲ့ ကျောင်းစာအပြင် ပြင်ပစာပေ လေ့လောဖတ်ရှုတာကို ၀ါသနာပါလာရတဲ့ အရင်ခံအကြောင်းတရားကို ပြောပါဆိုရင်တော့ အဓိက အဖေ့ကျေးဇူးကြောင့်ပေါ့။

အဖေ့ရဲ့လောဘတကြီး စာအုပ်စုဆောင်းမှုကြောင့် ကျနော်တို့အိမ်က စာကြည့်တိုက်တစ်ခုလိုဖြစ်နေတယ်။ မဂ္ဂဇင်းဆိုရင် ၁၉၄၇ လောက်ကထုတ်တဲ့ ရှုမ၀လို မဂ္ဂဇင်းမျိုးကအစ မဆလခေတ်တလျှောက် ထုတ်ဝေခဲ့တဲ့ မြ၀တီ၊ ငွေတာရီ၊ သွေးသောက်၊ စန္ဒာ၊ မိုးဝေ၊ စစ်ပြန်၊ သပြေ၊ ပေဖူးလွှာ၊ ပန်၊ ချယ်ရီ၊ မဟေသီ၊ မြတ်လေး၊ ဒဂုန် … မဂ္ဂဇင်းတွေဆို အိမ်မှာ စီးရီးလိုက်ကို ရှိတယ်။

သတင်းစာဆိုလည်း လူထု၊ ဟံသာဝတီ၊ ဗိုလ်တထောင်၊ သတင်းဂျာနယ်ကအစ မဆလခေတ်နှောင်းပိုင်းမှာ ထုတ်တဲ့ ကြေးမုံ၊ လုပ်သားတို့အထိ အဖေက တစ်လချင်းကို ပေါင်းချုပ်ပြီး သိမ်းထားတာ။ ၁၉၈၅ မှာ အိမ်အသစ်ကိုပြောင်းပြီး စာအုပ်အရောင်းဆိုင်နဲ့ စာအုပ်အငှားဆိုင် ဖွင့်လိုက်တော့မှပဲ အဖေ့ရဲ့ သဲကြီးမဲကြီး စာအုပ်စုဆောင်းမှု ရပ်ဆိုင်းသွားခဲ့တာ။

အဲသလို ပညာရေးနဲ့ ပတ်သက်ပြီး အမေ့ရဲ့ မောင်းနှင်မှု၊ ပြင်ပစာပေလေ့လာဖတ်ရှုမှုနဲ့ ပတ်သက်ပြီး အဖေ့ရဲ့ စာအုပ်ပုံတွေထဲမှာ ၀ဲလည်နေရင်း ၁၉၈၃ ခုနှစ်မှာ ဆယ်တန်းကျောင်းသား ကျနော့်အစ်ကိုကြီးက အတန်းတင်စာမေးပွဲမှာ ၆ ဘာသာဂုဏ်ထူးထွက်ပါလေရော။ အဲဒီနှစ်မှာ ၆ ဘာသာဂုဏ်ထူးရှင်က ရန်ကုန်မှာ ၈ ယောက်နဲ့ နယ်အားလုံးမှာ အစ်ကိုကြီးတစ်ယောက်တည်း၊ စုစုပေါင်း ၉ ယောက်ပေါ့။ အစ်ကိုကြီးက အဲသလို ဘာသာစုံဂုဏ်ထူးထွက်ပြီး ဆေးကျောင်းရောက်သွားတဲ့အခါကျတော့ ကျနော့်အမေရဲ့ မောင်းနှင်မှုတွေက နောက်ကနေ နှစ်နှစ်ကြီး နှစ်နှစ်ငယ် ကပ်ပါလာတဲ့ ကျနော့်အပေါ် စုပြုံရောက်လာတော့တာပေါ့။

ကျနော့်ကိုလည်း ဘာသာစုံဂုဏ်ထူးထွက်ရေး ဖိအားမျိုးစုံပေးတော့တာပေါ့။ ဒါပေမဲ့ အလတ်ကောင်ဆိုတဲ့အတိုင်း လစ်ရင်လစ်သလို လတ်လျားလတ်လျား ဟိုစပ်စပ် ဒီစပ်စပ်လုပ်တာကို ၀ါသနာပါတဲ့ ကျနော်ကတော့ အမေ ဘယ်လောက်ပဲမောင်းမောင်း၊ ဘယ်လိုပဲမောင်းမောင်း အစ်ကိုကြီးခြေရာကို ဆက်မနင်းနိုင်ဘဲ ဆယ်တန်း အောင်စာရင်းထွက်တဲ့အခါမှာ ၅ ဘာသာဂုဏ်ထူးပဲပါခဲ့တယ်။ မြန်မာစာဂုဏ်ထူးမထွက်ခဲ့ဘူး။ ကျနော် ဆယ်တန်းအောင်တဲ့ နှစ်ကဆို တောင်ငူမှာတင် ၆ ဘာသာဂုဏ်ထူး ၄ ယောက်ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆို ဘာသာစုံ ဂုဏ်ထူးရှင်တွေ တော်တော်များလာတဲ့ နှစ်ပေါ့။

ဒါပေမဲ့ ကျနော်ရတဲ့ အမှတ်ကလည်း ဆေးတက္ကသိုလ်ဝင်ခွင့်ကို မီတဲ့အခါကျတော့ ကျနော်လည်း ငါ ဘာဝါသနာပါတာပါလိမ့်လို့ ထွေထွေထူးထူး စဉ်းစားမနေတော့ဘဲ၊ ကျနော့်အစ်ကိုကြီး ရှေ့ကသွားနှင့်တဲ့အတိုင်း ဆေးကျောင်းကိုပဲ ခရီးနှင်ဖြစ်ခဲ့တော့တယ်။ အလိုက်သင့် မောင်ဘဦးလို့ပဲ ပြောရမလား၊ ရောရောယောင်ယောင် မောင်ဘမောင်လို့ပဲ ကင်ပွန်းတပ်ရမလား ဆိုတဲ့အနေအထားပေါ့။

ဆရာဝန်ဘွဲ့ရပြီးတဲ့အခါမှာတော့ ကျနော်က ဆရာဝန်အလုပ်ကို ဖင်ပူအောင် မလုပ်လိုက်ရဘဲ မဂ္ဂဇင်းအယ်ဒီတာဘ၀ကို ရောက်သွားခဲ့တယ်။ ကျနော့်အစ်ကိုကြီးနဲ့ ညီအငယ်ဆုံးကတော့ အခုအချိန်အထိ အစိုးရအမှုထမ်းဘ၀နဲ့ ဆရာဝန်အလုပ်ကို ဆက်လုပ်နေကြတယ်။ အစ်ကိုကြီးက နှလုံးအထူးကုဆရာဝန်၊ ညီအငယ်ဆုံးက မေ့ဆေးဆရာဝန်ပါ။

(ဆက်လက်ဖတ်ရှုပါရန် …)

ဆရာဝန်မလုပ်တဲ့ ဘလော့ဂါ (ဒုတိယပိုင်း)

ဆရာဝန်မလုပ်တဲ့ ဘလော့ဂါ (တတိယပိုင်း)


Powered by Bullraider.com

Notice: Undefined index: data in /home/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238