အကျဉ်းစံများရဲ့ ပညာ့အားမာန်

၂ဝ၁၅ - ၂ဝ၁၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အင်းစိန် အကျဉ်းထောင်အတွင်းရှိ ဗဟို အကျဉ်းထောင်(အင်းစိန်) အခြေခံပညာ အလယ်တန်းကျောင်းခွဲမှ အကျဉ်းကျနေသူ ဆယ်တန်းကျောင်းသား ၁၉ ဦး ဝင်ရောက်ဖြေဆိုခဲ့သည်။ ယင်းအနက် ၁၁ ဦးအောင်မြင်ပြီး ဘောဂဗေဒဂုဏ်ထူးရှင် တစ်ဦးနှင့် ရူပဗေဒ ဘာသာရပ် ဂုဏ်ထူးရှင် တစ်ဦးတို့ ထွက်ပေါ်ခဲ့သည်။ ယင်းကြောင့် အကျဉ်းထောင်အတွင်း ပညာသင်ကြားမှုများကို သိရှိနိုင်စေရန် အဆိုပါကျောင်းမှ ကျောင်းအုပ်ဆရာ ဓာတုဗေဒဘာသာရပ် မဟာဘွဲ့ရ ဦးဇေယျာလင်းမြတ်ကို The Voice က တွေ့ဆုံမေးမြန်း ဖော်ပြအပ်ပါသည်။

 Voiceး ဆရာ့ နာမည်လေးသိပါရစေ။ နောက်ပြီး ဒီအကျဉ်းထောင်ကို ဘယ်လိုရောက်လာတယ်ဆိုတာ ပထမဆုံး ပြောပြပေးပါခင်ဗျ။

UZYLMး ကျွန်တော်က ကျောက်ပန်းတောင်း ဇာတိပါ။ ခုလက်ရှိ အကျဉ်းထောင်ထဲ မူးယစ်ဆေးဝါးမှုနဲ့ ရောက်လာတာ အားလုံးပေါင်း ဒီမှာ ငါးနှစ်ရှိပါပြီ။ ကျွန်တော့်ပြစ်ဒဏ်က ၂၃ နှစ် ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော် နိုင်ငံတော် လွတ်ငြိမ်းသက်သာခွင့် နှစ်ကြိမ် ရခဲ့ပါတယ်။ လေးဖို့ တစ်ဖို့ နှစ်ခါရတော့ တစ်ဝက် လျော့သွားခဲ့ပြီ။ အပြင်မှာတုန်းက ကျောင်းတက်နေစဉ်မှာ ကျွန်တော် ကိုးတန်း၊ ဆယ်တန်း ဓာတုဗေဒ ဘာသာရပ်ကို စာသင်ပါတယ်။

Voiceး ဒီနှစ်အောင်ချက်က ဘယ်လို အခြေအနေ ရှိတယ်ဆိုတာ ရှင်းပြပေးပါ။

UZYLMး ကျွန်တော် ဒီကျောင်းကို ၂ဝ၁၂ ခုနှစ် ကတည်းက စရောက်တာပါ။ ကျွန်တော် စရောက်တဲ့ အချိန်မှာပဲ ဆယ်တန်းတွေ စပြီးဖြေကြတယ်။ ဆယ်တန်း စပြီးတော့ သင်ရတယ်။ ပထမဆုံး ၂ဝ၁၂-၂ဝ၁၃ ပညာသင်နှစ်မှာ ကျောင်းသားလေးယောက် ဖြေပါတယ်။ အဲဒီတုန်းက လေးယောက်စလုံး ကျခဲ့တယ်။ နောက် နှစ်ကျတော့ ၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ်မှာ ခုနစ်ယောက် ဖြေတယ်။ ခုနစ်ယောက်ဖြေတော့ နှစ်ယောက်အောင်တယ် (၂၈ ဒသမ ၅၇ ရာခိုင်နှုန်း-အောင်ချက်)။ ပြီးခဲ့တဲ့ ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်မှာကျတော့ အားလုံး ၁၇ ယောက်ဖြေတယ်။ ခုနစ် ဦး အောင်တယ်(အောင်ချက် ရာခိုင်နှုန်း ၄၁ ဒသမ ၁၈ ရာခိုင်နှုန်း)။ ဒီနှစ် ၂ဝ၁၅ - ၂ဝ၁၆ ပညာသင်နှစ်မှာဆိုရင် အားလုံး ၁၉ ဦးဖြေတယ်။ ၁၁ ဦး အောင်တယ်။ ဂုဏ်ထူး နှစ်ယောက်ထွက်တယ်။ အောင်ချက် ရာခိုင်နှုန်း ၅၇ ဒသမ ၈၉ ရာခိုင်နှုန်းပေါ့။ တစ်နှစ်ထက် တစ်နှစ် ပိုပိုပြီးတော့ တိုးတက်လာတယ်လို့ ပြောလို့ရပါတယ်။

Voiceး အကျဉ်းထောင်ထဲမှာရှိနေပြီး ဘာလုပ်လို့ အောင်ချက်က တိုးလာတာလဲဗျ။

UZYLMး အမြဲတမ်း သူတို့ကို ကျွန်တော် အနီးကပ်နေပြီး လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ၊ မသိနားမလည်တဲ့ဟာတွေကို အနီးကပ် ပြုစုပျိုးထောင်ပေးနေတော့ တဖြည်းဖြည်းနဲ့ ဒီအောင်ချက်က တိုးတိုး လာတာပေါ့။ ကျွန်တော်တို့ ပထမနှစ် စရောက်တဲ့ အချိန်တုန်းက ဒီကလေးတွေနဲ့ ဒီလို စိတ်ဓာတ် ကြမ်းတမ်းနေတဲ့ ကလေးတွေနဲ့ စာသင်ဖူးတဲ့ အတွေ့အကြုံ မရှိတော့ ကျွန်တော်တို့ စာသင်တဲ့အခါ သိပ်ပြီးတော့ သဟဇာတ မဖြစ်တဲ့အတွက် အဲဒီမှာ ကျွန်တော်တို့ အောင်မြင်မှု မရခဲ့ဘူး။ နောက်နှစ်ကျတော့ ကျွန်တော်တို့ သူတို့ စိတ်ခံစားချက်တွေကို နားလည်သွားတော့ သူတို့စိတ် ခံစားချက်ပေါ် မူတည်ပြီး သူတို့စိတ်ဓာတ်ကို ပြုပြင်ပြီး အဓိက သူတို့ ဆိုဆုံးမမှု နည်းခဲ့တာလေးတွေကို အဲဒါတွေကို ပြန်ပြီး ပြင်ပေးတယ်။ ဆိုဆုံးမပေးတယ်။ သူတို့က မေတ္တာတွေ ငတ်တယ်။ ကျွန်တော်တို့လည်း အကျဉ်းသားပေမယ့် တတ်နိုင်သရွေ့ သူတို့ မိဘမေတ္တာမျိုး ရအောင်ပေးပြီးတော့ ကိုယ့်ဘက်ကိုပါအောင် စည်းရုံးပြီးတော့ တဖြည်းဖြည်း သင်ခဲ့တယ်။ တစ်ခုကံကောင်းတာက ကျွန်တော်က သူတို့နဲ့ အနီးကပ် နေခွင့်ရတော့ အချိန်တိုင်း သူတို့ကို ပြောဆို ဆုံးမ သွန်သင်ခွင့် ရတယ်။ နောက်ပြီးတော့ သူတို့ရဲ့ အားနည်းချက်ကို ပြန်ပြင်ပေးလို့ရပါတယ်။

Voiceး သူတို့အားနည်းချက်ဆိုတာ အဓိက ဘာလဲဆရာ။ ကျွန်တော် နားမလည်ဘူးဗျ။

UZYLMး သူတို့ အားနည်းချက်က အဓိက သူတို့ ပညာနဲ့ ဝေးလာတာ။ ဒီစာကို တတ်ချင်စိတ်၊ စိတ် ပါဝင်စားမှု မရှိတာပေါ့။ စိတ်ဝင်စားမှု မရှိတာကို စိတ်ဝင်စားအောင် ပညာကို ဆက်သင်တဲ့အခါမှာ ကိုယ့်ဘဝအတွက် ဘယ်လို တိုးတက်မှုရှိတယ်ဆိုတာပေါ့။ ကျွန်တော့်ဘဝနဲ့ ယှဉ်ပြီးတော့ ပြောပြရပါတယ်။ ကျွန်တော် ပညာတတ်ခဲ့တဲ့အတွက် သူတို့ကို ဒီမှာ ပြုပြင်ပြောင်းလဲပေးလို့ ရခဲ့တယ်။ ထောင်ကျနေပေမယ့်၊ အကျဉ်းသား ဖြစ်နေပေမယ့် ကျွန်တော့်အနေနဲ့ သူတို့ကို ပြန်ပြီး ဦးဆောင်ခွင့်ရတဲ့ အကျဉ်းသားမျိုးဖြစ်တယ်။ ဒါ ပညာရဲ့ အကျိုးကျေးဇူးကြောင့် ဒီမှာတောင် ဒီလိုနေရတယ်ဆိုတာတွေ ပြောပြရတာပေါ့။

Voiceး ဒီအကျဉ်းထောင်ထဲက အလယ်တန်း ကျောင်းခွဲမှာ ဘယ်အတန်းကနေ ဘယ်အတန်းထိ ကျောင်းသားတွေ ဘယ်လောက်ရှိတာလဲ။

UZYLMး ဒီကျောင်းက သူငယ်တန်းကနေ ဆယ်တန်းအထိပေါ့။ ကျောင်းသား အရေအတွက်ကတော့ နှစ်စဉ်နဲ့အမျှ ပြောင်းလဲမှုကတော့ ရှိတာပေါ့။ အခုနှစ် ကျောင်းစဖွင့်တဲ့အချိန်မှာတော့ ဆယ်တန်း ကျောင်းသား ၂ဝ ရှိတာပေါ့။ နောက် ခု အောင်စာရင်းလည်း ထွက်လာပြီဆိုတော့ ဒီမှာကျခဲ့တဲ့ ကလေးတွေနဲ့ ထပ် ပေါင်းမယ်ဆိုရင် ၂၇ ဦးလောက် ဖြစ်သွားဦးမှာပေါ့။ နောက်ပြီးတော့ ဒီမှာ ဆယ်တန်းတက်နေတဲ့ ကျောင်းသားတွေက ဗမာပြည် အရပ်ရပ်က အကျဉ်းထောင် အသီးသီးမှာ အကျဉ်းကျနေတဲ့ အကျဉ်းသားတွေထဲက ပညာလိုလားတဲ့ ကလေးတွေဖြစ်တယ်။ ထပ်ပြီးတော့ ပညာဆက်လက် သင်ကြားချင်တဲ့ ကလေးတွေကို မန္တလေးတို့၊ သာယာဝတီတို့ စုပြီးတော့ ဒီကိုပို့ပြီးတော့ ပညာသင်ကြားခွင့် ပေးတာပေါ့။ ပညာဆက်လက် သင်ယူစေတာပေါ့။ ဒီမှာ ကျောင်းသား အင်အားလည်း များတာပေါ့။ အကုန်လုံးက ဒီကိုပဲ ပို့ကြတာပေါ့။

Voiceး အကျဉ်းထောင်ထဲက စာသင်ကျောင်းက အခြားအပြင်က အစိုးရကျောင်းတွေလို တခြား ဘယ်လိုလှုပ်ရှား ဆောင်ရွက်မှုတွေ ရှိပါသလဲ။

UZYLMး ကျွန်တော်တို့ ကျောင်းလှုပ်ရှားမှု မနက် ကျောင်းစတက်ပြီဆိုတာနဲ့ အခန်းနဲ့ ကိုယ့်အတန်း သန့်ရှင်းရေး လုပ်တယ်။ သန့်ရှင်ရေး လုပ်ပြီးတာနဲ့ ကျွန်တော်တို့ ဘုရားရှိခိုးကြပါတယ်။ ဘုရားရှိခိုးပြီးရင် ၁၅ မိနစ် တရားထိုင်ခိုင်းပါတယ်။ ၁၅ မိနစ် တရား ထိုင်ပြီးတော့မှ စာသင်ချိန်တွေ စပါတယ်။ ၁ဝ နာရီခွဲရင် ထမင်းစား နားပါတယ်။ ၁၂ နာရီခွဲမှာ ပြန်ပြီးတော့ စပါတယ်။ ခု ဒီကျောင်းမှာ စာသင်ကြားပေးနေတဲ့ ဆရာ အရေအတွက်ကတော့ အခုနှစ်ကတော့ ဆရာ ၁၂ ဦးရှိပါတယ်။ အရင်နှစ်တွေကလည်း ဆရာ ၁၂ ဦး ကနေ ၁၅ ဦး ဝန်းကျင်ကတော့ ရှိပါတယ်။

Voiceး အကျဉ်းထောင်ထဲမှာ အကျဉ်းသားတွေ ဖြစ်နေတော့ စာသင်ကျောင်းမှာ စာသင်ရတဲ့အခါ ဘာအကန့်အသတ်တွေ ရှိပါသလဲ။

UZYLMး မရှိပါဘူးခင်ဗျ။ ကျွန်တော်တို့ စိတ်ထဲ ရှိသလိုပဲ သူတို့အပေါ်ကို စိတ်ဆန္ဒရှိတဲ့အတိုင်း သင်ကြားခွင့် ရပါတယ်။ ကျွန်တော်တို့ သူတို့ကို ဘာသာရပ်နဲ့ ပတ်သက်ပြီးတော့ ဘယ်လိုပဲ သင်သင်၊ ဘယ်လို နည်းလမ်းပဲ သုံးသုံး၊ ဒီထောင် အာဏာပိုင်တွေအနေနဲ့က ဘာမှကန့်သတ်ထားခြင်း မရှိပါဘူး။ လွတ်လွတ်လပ်လပ်နဲ့ ကိုယ်နှစ်သက်တဲ့ နည်းလမ်းအတိုင်း သင်ကြားလို့ရပါတယ်။ သင်ကြားခွင့်ရှိပါတယ်။ ကျွန်တော်က အကျဉ်းသား ကျောင်းအုပ်မို့လို့ ကျောင်းနဲ့ပတ်သက်တဲ့ စီမံခန့်ခွဲရေးမှာလည်း မရှိပါဘူးခင်ဗျာ။ ဒီ ကျောင်းတိုးတက်ဖို့ ကျွန်တော် ဘာပဲလုပ်ဆောင် လုပ်ဆောင် ကျောင်းအကျိုးရှိမယ့်ဟာ မှန်သမျှ သူတို့ ခွင့်ပြုပါတယ်။ သူတို့ကိုတော့ ကျွန်တော်က တင်ပြရတာပေါ့။ ဥပမာ - သူတို့ အင်္ဂလိပ်စာ အားနည်းနေရင် ကျွန်တော် အပြင်ကနေ ကျူရှင်ခေါ်ချင်ပါတယ်။ အပြင်ကနေ စေတနာရှင်လေးတွေ၊ သင်ပေးမယ့်လူတွေ လိုချင်ပါတယ်ဆိုရင် ထောင်အာဏာပိုင်တွေအနေနဲ့ အဲဒါကိုရအောင် စီစဉ်ပေးပါတယ်။ ကျွန်တော်တို့ အကျဉ်းထောင်ထဲက ကျောင်းလေးကို အပြင်က စေတနာ၊ သဒ္ဓါတရားရှိတဲ့ လူတွေက အဲလိုသင်ကြားပေးတာတွေလည်း ရှိပါတယ်။

Voiceး ကျွန်တော်မေးတာတွေအပြင် တခြား ဘာများ ထပ်ဖြည့် ပြောချင်ပါသေးသလဲ။

UZYLMး ကျွန်တော်ကတော့ အထူးအထွေ ပြောစရာ မရှိပါဘူး။ ဒီကလေး အားလုံးက တူတွေ၊ သားတွေလိုပဲ ဖြစ်နေတဲ့အတွက် ကျွန်တော်ကိုယ်တိုင်လည်း အနီးကပ် ဆိုဆုံးမခွင့် ရနေတဲ့အတွက် ကျွန်တော် ဖြစ်စေချင်တဲ့ အတိုင်းအတာလေးထိ ပြုပြင်ခွင့်ရတဲ့အတွက်လည်း ကျွန်တော် ကျေနပ်ပါတယ်။ သူတို့ကို ထိန်းသိမ်းရတာမှာလည်း ဒီလောက်ကြီးခက်တာလည်း မဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် မေတ္တာ ရောင်ပြန်ဟပ်ပါတယ်။ ကိုယ်ကလည်း မေတ္တာ၊ စေတနာ ထားတော့ သူတို့လည်း ဘယ်လောက်ပဲ ဆိုးလာခဲ့၊ ဆိုးလာခဲ့ ဒါကို ခံစားတတ်ပါတယ်။

The Voice Daily, 12.6.2016 

Powered by Bullraider.com