အကျဉ်းစံများရဲ့ ပညာ့အားမာန် (၂)

 

Voiceး ထောင်ထဲက ဘယ်လိုရောက်လာတာလဲ။

MTHAး ကျွန်တော် ၂ဝ၁၃ တုန်း ဆယ်တန်း ကျောင်းသားဘဝတုန်းက သူငယ်ချင်းတွေနဲ့ လျှောက်သွားရင်းနဲ့ ဟိုဘက်၊ ဒီဘက်ရန်ဖြစ်ကြတယ်။ ကျွန်တော်က ဓားနဲ့ထိုးလိုက်တယ်။ ဓားနဲ့ထိုးတော့ သေရော။ လူသတ်မှုနဲ့ ကျွန်တော့်ကို ထောင်ငါးနှစ် ချလိုက်တာပါ။ အမှုဖြစ်တော့ ကျွန်တော် စာမေးပွဲဖြေဖို့ ဖောင်တောင် မတင်လိုက်ရပါဘူး။ ကျွန်တော် အခုဆိုရင် ၂ နှစ်နဲ့ ၇ လရှိပါပြီ။ ကျွန်တော် မနှစ်က ဒီမှာပဲ ဆယ်တန်း ဖြေသေးတယ်။ အင်္ဂလိပ်စာ တစ်ဘာသာနဲ့ ကျခဲ့ပါတယ်။ အဲဒီလိုကျတော့ ကျောင်းအုပ်ကြီးက ဖြေဖျောက်ပေးတယ်။ အားမငယ်ဖို့ ပြောပြပါတယ်။ ဒီနှစ်မှာတော့ ရူပဗေဒ ဘာသာရပ်နဲ့ ဂုဏ်ထူး ထွက်ပါတယ်။

Voiceး စာသင်ကြားတဲ့အခါ၊ လေ့လာတဲ့အခါ ဘယ်လိုလေ့လာလဲ။

MTHAး အင်္ဂလိပ်စာကို ပုံမှန်လုပ်ဖြစ်တယ်။ ကျွန်တော် စိတ်ဝင်စားတဲ့ ဘာသာရပ်ကို ပိုလုပ်ဖြစ်တယ်။ ကျွန်တော်က အတွက်အချက် ဝါသနာ ပါတယ်။ အဲဒီတော့ သင်္ချာနဲ့ ရူပ ပိုလုပ်ဖြစ်တယ်။ ကျွန်တော်ကတော့ စာသင်တာ ဆရာညွှန်ကြားတဲ့အတိုင်း အကုန်လုပ်တယ်။ အပြင်က ဆရာက မသိတာရှိရင် မေးလှည့်တဲ့။ မသိတာရှိရင် မေးတာပါပဲ။ အဲဒါတွေကို ကြိုးစား မှတ်ထားတာပါပဲ။ မနက် ၅ နာရီ ထတယ်။ ၆ နာရီအထိ စာလေ့လာတယ်။ တစ်နာရီက ရေချိုး၊ သွားတိုက်ပေါ့။ နောက်ပြီး ၇ နာရီထိုးတော့ ကျောင်းလာရတယ်။ ၇ နာရီကနေ ၁၁ နာရီအထိ ကျောင်းတက်။ ၁၁ နာရီခွဲက နေ ၁ နာရီခွဲအထိ နား။ နားပြီး ကျောင်းပြန်တက်။ စာဆက်သင်။ နေ့လယ် ၃ နာရီအထိပေါ့။ ညနေကျ ရေပြန်ချိုးတယ်။ ညနေ ၅ နာရီထိုးတာနဲ့ ကမ့်ထဲ ပြန် ဝင်တယ်။ ည ၁၁ နာရီအထိ။ ညမှာတော့ လိုအပ်ရင် လိုအပ်သလို ထားပေးတယ်။ ဆရာတွေက စာပြန်ပြပေးတယ်။ ကျောင်းအုပ်ကြီးရယ်၊ ရူပဗေဒဆရာရယ်၊ မြန်မာစာဆရာရယ် သုံးယောက် နီးနီးကပ်ကပ် သင်ပေးတယ်။

Voiceး ဒီမှာ ဘာသာစုံသင်တဲ့ ဆရာတွေ ရှိသလား။

MTHAး ဘာသာစုံသင်တဲ့ ဆရာရှိတယ်။ ကျန်တဲ့ ဆရာတွေက လူကြီးဆောင်ထဲကနေ လာသင်ပေးတယ်။ ကျွန်တော်တို့ ထောင်ထဲမှာ လူကြီးဆောင်ရယ်၊ လူငယ်ဆောင်ရယ် သက်သက်ရှိတယ်။ လူငယ်တွေက လူငယ်တွေ သက်သက်နေရတာ။ လူကြီးတွေက လူကြီး သက်သက်နေရတာ။ အသက် ၁၈ နှစ်အောက်တွေက လူငယ်တွေပေါ့။ ၁၈ နှစ်အထက် လူကြီးဖြစ်သွားပြီ။ အဲဒီအခါကျ သူတို့ကို လူကြီးဆောင်မှာ သက်သက် ထားရတယ်။ အဲဒီကနေမှ ဆရာတွေက ဒီကိုလာသင်ပေးတယ်။

Voiceး ထောင်ထဲမှာ စာသင်ပြီး ကြိုးစားရတဲ့အခါ ဖြစ်ပါ့မလားဆိုတဲ့ စိုးရိမ်မှု မရှိဘူးလား။

MTHAး အရင်တုန်းကတော့ ရှိပါတယ်။ နောက် တဖြည်းဖြည်းနဲ့ ကျွန်တော်တို့ဖြေတဲ့စာကို ထပ်ခါ ထပ်ခါ စစ်ပေးတယ်လေ။ အဲဒီတော့ ကျွန်တော်တို့ အောင်နိုင်ခြေရှိတယ်။ ဂုဏ်ထူး ထွက်နိုင်ခြေရှိတယ် ဆိုပြီးတော့ စနေနေ့တိုင်း အထက(၁)အင်းစိန်က ဆရာမတွေ လာပြီးတော့ စာသင်ပေးတယ်။ လိုအပ်တာ တွေလုပ်ပြတယ်။ စာသင်တဲ့အခါ အပြန်အလှန် မေးခွင့်ရပါတယ်။ သူတို့လည်း ရှင်းပြပါတယ်။ ဥပမာ - ရူပဗေဒဆရာ၊ ဆရာမတွေ အုပ်စုမှာဆို အုပ်စုခေါင်းဆောင်တွေက လာသင်ပေးတယ်။

Voiceး ရူပဗေဒ ဘာသာရပ်နဲ့ ဂုဏ်ထူးထွက်တယ်။ ဘာဆက်လုပ်မှာလဲ။

MTHAး အပြင်ရောက်ရင် ကျွန်တော်က ကျောင်းတက်ဖို့ပဲ စိတ်ကူးရှိတာပါ။ ဒီကနေ မလွတ်သေးဘူး ဆိုတော့ ဒီကနေ ဖောင်တင်ပြီး တက်ရမှာပေါ့။ အပြင်ရောက်မှ ကျောင်းတက်တာပေါ့။ အဝေးသင်ပဲ တက်ရမှာပေါ့။ ကျွန်တော့်စိတ်ကူးတာ သင်္ချာနဲ့ ရူပဗေဒ အထူးပြုယူဖို့ စိတ်ကူးထားတယ်။

Voiceး မိဘနဲ့ တခြား ကျောင်းသားတွေ၊ သူငယ်ချင်းတွေကို ဘာပြောလိုက်ချင်သလဲ။

MTHAး ကျွန်တော်တို့ ထောင်ထဲ ရောက်လာတာ ခံစားချက်တွေနဲ့ အကုန်လုံး ရောက်လာတာ။ နောက်လာမယ့် ဆယ်တန်း ကျောင်းသားတွေကို တစ်နေ့စာ တစ်နေ့ လုပ်သွားဖို့ ပြောချင်တယ်။ ဘယ်လိုခံစားချက်လဲဆို ပြောရမယ်ဆို အိမ်နဲ့ ဝေးတာပေါ့။ ကျွန်တော်ဆို အိမ်နဲ့အဝေးကြီးပဲ။ တစ်ခါတစ်ခါ ဖျားတာ နာတာရှိရင် လွမ်းတာပေါ့ဗျာ။ အဲဒါတွေကို အားတင်းပြီး စာ လုပ်ခဲ့တယ်။ အဲဒီတော့ ခုလို ဂုဏ်ထူး ထွက်ခဲ့တာပေါ့။ ဒီနှစ်ကျရင် နောက်နှစ် ဂုဏ်ထူးထွက်ရမယ် ဆိုတဲ့စိတ်နဲ့ ကြိုးစားခဲ့တာပေါ့။    

The Voice Daily, 12.6.2016

Powered by Bullraider.com