မြန်မာပြည်သူများနှင့် မျိုးဆက်သစ်လူငယ်များအတွက် (၆၉)နှစ်မြောက် အာဇာနည်နေ့အမှတ်တရ စကားများ

 

ရန်ကုန် ဇူလိုင် ၁၉

၂ဝ၁၆ ခုနှစ် ဇူလိုင်လ ၁၉ ရက်၊ နံနက် ၁ဝ နာရီ ၃၇ မိနစ်။ယနေ့နံနက်ပိုင်း တွင် ရန်ကုန်မြို့တစ်ခွင် နေသာသော်လည်း အာဇာနည်ခေါင်းဆောင်ကြီး များကျဆုံးချိန် ၁ဝ နာရီ ၃၇ မိနစ် နီးခါမှ ပဇ္ဇုန်မိုးကလည်း ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ရွာသွန်းဖြိုးလာပြန်ပါ သည်။ မြန်မာ့ အသံနှင့်ရုပ်မြင် သံကြား၏ ဥသြဆွဲသံများ၊ မော်တော်ယာဉ်နှင့် ရေယာဉ်တို့မှ ဟွန်းတီးသံများ၏ မြည်ဟည်းမှုနှင့် အတူ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာ နည်ခေါင်းဆောင်ကြီးများကို တစ်နိုင်ငံလုံးရှိ ပြည်သူအပေါင်းက ရောက်ရာနေရာများမှ ဦးညွတ် အလေးပြုလျက်ရှိချေပြီ။

မြန်မာအသံနှင့် ရုပ်မြင်သံကြားကလည်း အဆိုတော် မေလှမြိုင်၏ ''နှစ်လ ရာသီ ခါရာသီ ရွေ့ပေမယ့် ... အာဇာနည်နေ့ကိုဖြင့် မမေ့သင့်ပါသလေ။ အာဇာနည် ခေါင်းဆောင်ကြီးတွေ ကောင်းရာသုဂတိသို့ ရောက်ရှိကြ ပါစေ ...''ဟူသည့် ''အလေးပြု ပါတယ်လေ''သီချင်း သံများကလည်း မြန်မာပြည် သူတို့၏ အလွမ်းဓာတ်ကို အသစ်တစ်ဖန် နှိုးဆွနေပြန်ပါသည်။


ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်တွင် ၂ဝ၁၆ ခုနှစ် (၆၉)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို နံနက် ၈ နာရီတွင် စတင်ကျင်းပရာ နိုင်ငံတော်အဆင့်တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် အာဇာနည်ခေါင်းဆောင်ကြီး များ၏မိသားစုဝင်များ တက်ရောက်ဦးညွတ် ဂါရဝပြု၊ အလေးပြု ခဲ့ကြသည်။

မြန်မာပြည်သူများနှင့် မျိုးဆက်သစ်လူငယ်များအတွက် (၆၉)နှစ်မြောက် အာဇာနည်နေ့ အမှတ်တရ စကားများကို မြန်မာ့သတင်းစဉ်က မေးမြန်း၍ ကောက်နုတ်စုစည်းတင်ပြလိုက်ရပါသည်။

အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏သမီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်

အမေ့ရဲ့စိတ်ထဲမှာ အာဇာနည်နေ့အတွက် အမှတ်တရ စကားဆိုတာ ပြည်သူတွေရဲ့နှလုံးသားက ပေါ်ထွက်လာတဲ့ စကားသံတွေပါပဲ။ အမေက ပြောဖို့မလိုပါဘူး။ ပြည်သူ တွေကသာ ပြောဖို့ ဖြစ်ပါတယ်။


(၆၉)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား
ကျင်းပရေး ဗဟိုကော်မတီ နာယက ဒုတိယသမ္မတ ဦးမြင့်ဆွေ
အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ကျေးဇူးရှိပါတယ်။ ဒီအာဇာနည် ခေါင်းဆောင်ကြီးတွေကြောင့် လွတ်လပ်ရေးရခဲ့တာပါ။ ဒါကို ဘယ်တော့မှ မမေ့တဲ့ အနေနဲ့ သတိတရဂါရဝပြုတဲ့ အခမ်းအနားဖြစ်ပါတယ်။ ဒီအချိန်ကတော့ ကျွန်တော်တို့နိုင်ငံမှာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးရရှိဖို့၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုရရှိဖို့ တည်ဆောက်နေတဲ့အချိန်ဖြစ်တယ်။

အာဇာနည်ခေါင်းဆောင်ကြီးတွေတုန်းကလည်း လုပ်ဆောင်ခဲ့တဲ့ ပင်လုံညီလာခံကို ယနေ့ ဆောင်ရွက်နေတဲ့ အနေအထားမှာ တိုင်းရင်းသားစည်းလုံးညီညွတ်မှု နဲ့ နိုင်ငံငြိမ်းချမ်းရေးရပြီး တိုင်းသူပြည်သားတွေအားလုံး တိုးတက်မှုအတွက် ဆောင်ရွက်နေချိန် ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးရရှိမယ်လို့ ယုံကြည်ပါတယ်။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုလည်း မကြာခင်မှာ ရရှိတော့မယ်လို့ ယုံကြည်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်

အမျိုးသားအာဇာနည် ခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး၊ တပ်မတော်ရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက မူဝါဒချမှတ်ခဲ့တာရှိပါတယ်။ ဒါကတော့ ဒီမိုကရေစီဝါဒသာ လွတ်လပ်ရေးနဲ့ ဆီလျော် တယ်။ ဒီဝါဒသာငြိမ်းချမ်းရေးကို အားပေးတယ်။ ဒီလို မိန့်မှာခဲ့ပါတယ်။ ဒါကြောင့်မို့လို့ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ဖို့နဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ နဂို ကတည်းက နိုင်ငံတော်ရဲ့ အမျိုးသားအာဇာနည် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့တဲ့မူနဲ့ အညီ ကျွန်တော်တို့အနေနဲ့ ပန်းတိုင်ကိုရောက်ရှိဖို့ အတွက် တက်ညီလက်ညီနဲ့ အမျိုးသားရင်ကြားစေ့ရေး ကို အခြေခံပြီးတော့ အားလုံးပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း

ကျွန်တော့်အနေနဲ့ကတော့ ကိုယ့်အဘိုးရဲ့ တိုင်းကျိုး ပြည်ပြုဖော်ဆောင်တဲ့ လုပ်ငန်းကိုဆက်ပြီး လုပ်ကိုင်ခွင့် ရလို့ အများကြီးဝမ်းသာပါတယ်။ တိုင်းပြည်ကောင်းစား အောင်ရယ်၊ တိုးတက်အောင်ရယ် လုပ်ဆောင်သွားဖို့ ရည်မှန်းချက်တွေရှိပါတယ်။ အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်သွားမယ်လို့ ပြောကြားလိုပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ဂုဏ်ကျေးဇူး တွေကို မမေ့ဖို့၊ တိုင်းပြည်အတွက် လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတွေကိုအားလုံး စည်းစည်းလုံးလုံး လုပ်ကြဖို့၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကိစ္စတွေ ကို တိုင်းသူပြည်သားတွေအနေနဲ့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် လုပ်ဆောင်သွားကြဖို့ ပြောချင်ပါတယ်။

အာဇာနည်ခေါင်းဆောင်ကြီး သခင်မြ၏
မွေးစားသား ဦးရဲမြင့်အောင်

အာဇာနည်ခေါင်းဆောင်ကြီးတွေ ဆောင်ရွက်ခဲ့ပုံနဲ့ စိတ်ဓာတ်တွေကို ဆက်လက်ပြီး ထိန်းသိမ်းထားဖို့လိုပါ တယ်။ အာဇာနည်စိတ်ဓာတ်ဆိုတာ တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်ဆောင်ရွက်ခဲ့ကြတာဖြစ်တယ်။ နောင် မျိုးဆက်တွေ တိုင်းပြည်အကျိုးကို ဝိုင်းဝန်းပြီး ဆောင်ရွက် ပေးကြပါလို့ ပြောလိုပါတယ်။

အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ် ဦးဘချို၏
မြေး ဦးသန့်စင်ချို

အခု ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်နေတဲ့ အချိန်မှာ လမ်းကြောင်းက သွေဖည်မသွားအောင် အားလုံး သတိရှိရှိနဲ့ ကြိုးစားပြီး အလုပ်ကိုလုပ်ကြဖို့၊ နိုင်ငံ့ဝန်ထမ်း တွေအနေနဲ့လည်း ပင်ပန်းတယ်လို့ သဘောမထားဘဲ ကျရာနေရာမှာ ကြိုးစားပြီးဝိုင်းဝန်းလုပ်ကြဖို့ လိုပါတယ်။ မျိုးဆက်သစ်တွေအနေနဲ့ အခုလို အာဇာနည်နေ့ကို မပျက် မကွက် အစဉ်အလာတစ်ခုကို ဆက်လက်ကျင်းပနိုင်အောင် ထိန်းသိမ်းသွားကြဖို့၊ အချိန်မဖြုန်းဘဲ ဗဟုသုတ တွေ ရှာဖွေဖို့ မှာချင်ပါတယ်။

အာဇာနည်ရဲဘော်ကိုထွေး၏တူ
ဒုတိယဗိုလ်မှူးကြီးအောင်ကိုကို (အငြိမ်းစား)

အာဇာနည်နေ့ကို ကြုံကြိုက်လာတာ ခုဆို (၆၉)နှစ်ရှိ ပါပြီ။ ကမ္ဘာတည်သရွေ့ နှစ်တိုင်းလည်း လုပ်ဆောင်ရမယ့် အခမ်းအနားပါ။ ဗိုလ်ချုပ်နဲ့တကွ ခေါင်းဆောင်ကြီးတွေ နိုင်ငံအတွက် အသက်ပေးပြီး လွတ်လပ်ရေးရအောင် ဆောင်ရွက်ခဲ့တယ်။ လွတ်လပ်ရေးရရင် ဘယ်လိုဆောင် ရွက်မယ်ဆိုတာ စီမံခန့်ခွဲခဲ့တယ်။ ဒီလိုကြိုးစားမှုတွေ ကြောင့် ရလာတဲ့အသီးအပွင့်တွေကို အားလုံးက အမှတ်တရ ရှိဖို့ လိုပါတယ်။

လူငယ်တွေသာမက လူကြီးတွေရော ဒီအာဇာနည်တွေရဲ့ လုပ်ဆောင်ချက်တွေကို ပြန်ပြီးတမ်းတသတိရပြီး အတတ်နိုင်ဆုံး ကိုယ့်တိုင်းပြည်နဲ့ လူမျိုးအတွက် ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်တာတွေ၊ လွတ်လပ်ရေးမဆုံးရှုံး အောင် လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ကြဖို့ သန္နိဋ္ဌာန်ချပြီး ဆောင်ရွက်စေချင်ပါတယ်။

အာဇာနည်ခေါင်းဆောင်ကြီးမန်းဘခိုင်၏
မြေး မန်းသင်းခိုင်သန်း

အာဇာနည်ခေါင်းဆောင်ကြီးတွေ ချမှတ်ခဲ့တဲ့လမ်းစဉ် အတိုင်း တစ်သဝေမတိမ်းလိုက်ခဲ့ဖို့၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ဖို့၊ တန်းတူညီမျှရှိဖို့၊ ဒါတွေက ဗိုလ်ချုပ်တို့ ခေါင်းဆောင်တွေဖြစ်ချင်တဲ့ ဆန္ဒအမွေတွေ ထိန်းသိမ်းဖို့ ပြောချင်ပါတယ်။ မျိုးဆက်သစ်တွေအနေနဲ့ တိုင်းပြည်ရဲ့ တိုးတက်ရာတိုးတက်ကြောင်းကို အစွမ်းကုန်ကြိုးစား ကြပါ။

အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်၏
သမီး ဒေါ်မြင့်မြင့်ခိုင်

တိုင်းပြည်ကောင်းအောင် အားလုံး ဝိုင်းဝန်းကြိုးပမ်း ကြပါလို့ ပြောလိုပါတယ်။

အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်၏
အကြီးဆုံးသား ဦးတင်မြင့်

အခုတက်လာတဲ့ အစိုးရက ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတာဖြစ်တယ်။ ပြည်သူက မျှော်လင့်ချက်တွေလည်း အများကြီးထားကြတယ်။ ဒါတွေကို စိတ်မစောစေချင်ဘူး။ အချိန်ယူပါ။ သည်းညည်းခံပါ။ အစိုးရက လုပ်နေပါတယ်။ မျိုးဆက်သစ်တွေအနေနဲ့ ပညာတတ်ဖို့ အရေးကြီးတယ်။ ပညာတတ်မှ တိုင်းပြည်က တင့်တယ်မှာဖြစ်တယ်။ အတန်းပညာတင် မဟုတ်ပါဘူး။ အတတ်ပညာပါတတ်ဖို့လိုတယ်။ တိုင်းပြည်မှာ အခွင့်အရေးတွေက အများကြီးပေါ်လာပါပြီ။ မျိုးချစ်စိတ်ရှိရမယ်။ ပြည်သူ့နီတိကိုလည်း တတ်ရမယ်။ ဒါကိုသိမှ ပြည်သူကောင်းဖြစ်မှာ။ ဒါတွေကို မျိုးဆက်သစ်တွေကိုမှာချင်တာပါ။

အာဇာနည်ခေါင်းဆောင်ကြီး ဦးအုန်းမောင်၏
အငယ်ဆုံးသား ပါမောက္ခ/ဌာနမှူး(ငြိမ်း)

ကုန်ထုတ်ဓာတုဗေဒဌာန ဒေါက်တာမင်းမြင့်တိုင်းပြည် လွတ် လပ်ရေးကို တည်တံ့ခိုင်မြဲအောင် ဆက်လက်ကြိုးစားစေချင်တယ်။ ဗိုလ်ချုပ်လို အာဇာနည် စိတ်ဓာတ်၊ ထူးချွန်ထက်မြက်သော ဥာဏ်ပညာ၊ ခေါင်းဆောင်မှု၊ ရိုးသားဖြောင့်မတ်မှုတွေကို ပြည်သူတွေ အတုယူစေချင်တယ်။ တခြားအာဇာနည်ခေါင်းဆောင် တွေလည်း သူ့အလျောက်သူပါပဲ၊ အတုယူစေချင်တယ်။ လမ်းခင်းပေးခဲ့တဲ့ လွတ်လပ်ရေးနဲ့ တိုင်းပြည်တိုးတက် ကြီးပွားရေး၊ ပြည်ထောင်စုစည်းလုံးညီညွတ်ရေး၊ အခု လည်း ငြိမ်းချမ်းရေးလုပ်နေပါတယ်။ ဒါတွေကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ မျိုးဆက်သစ်တွေ ကျရာတာဝန်ကို သူ့နေရာနဲ့သူ ဝိုင်းဝန်းပြီး လုပ်ဖို့ကောင်းပါတယ်။

အာဇာနည်ခေါင်းဆောင်ကြီး ဦးဘဝင်း၏
အငယ်ဆုံးသား ဦးထွေးဝင်း

တိုင်းပြည်တိုးတက်အောင် နှစ်ဆလောက် ကြိုးစားရမယ်။ ဒါမှ တော်ရုံလောက်ကျမှာပါ။ မလိမ်ကြ၊ မညာ ကြပါနဲ့။ မျိုးဆက်သစ် နောင်လာနောက်သားတွေကို ပြောကြားချင်တာကတော့ ဒီလိုနေ့ကို မမေ့ပျောက်အောင် ကြိုးစားကြပါလို့ ပြောလိုပါတယ်။

မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၏သား စဝ်ကိုင်ဖ

အာဇာနည်နေ့ နှစ်တိုင်းတက်ပါတယ်။ အာဇာနည်နေ့တိုင်းပဲ ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုပြီး ဖခင်ကြီးကို ဂါရဝပြုတယ်။ နိုင်ငံတော်ကလည်း စီစဉ်ပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။
မျိုးဆက်သစ်တွေကို ပြောကြားချင်တဲ့စကားကတော့ အာဇာနည်ခေါင်းဆောင်ကြီးတွေ အသက်ပေးလှူသွားကြ တယ်။ နောက်ပြီးသူတို့တစ်တွေ ညီညီညွတ်ညွတ် လုပ်ဆောင်သွားတာကို အားလုံးက နမူနာယူပြီး ညီညီညွတ်ညွတ်နဲ့ ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြပါလို့ မှာကြားလိုပါတယ်။

တွေ့ဆုံမေးမြန်း-ခင်မောင်ထွေး၊ ဝင်းဝင်းမော်၊ မြတ်စန္ဒီ၊
ဓာတ်ပုံ-ဇော်မင်းလတ်

ကြေးမုံသတင်းစာ (၂၀.၇.၂၀၁၆)

Powered by Bullraider.com