ပြင်ပေးပါ အမည်ရှိ မိုဘိုင်း App ကို သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်မှ တတိယနှစ် (CS) ကျောင်းသားသုံးဦး၊ ပြင်ပမှ လူငယ်ပညာရှင်တစ်ဦးတို့နှင့် တွေ့ဆုံခြင်း

LL
ပြည်တွင်း၌ နည်းပညာ တီထွင်မှုများကို လူငယ်ပညာရှင်များက လုပ်ဆောင်လျက်ရှိရာ မိုဘိုင်း App များကိုလည်း လူငယ်အဖွဲ့များက များစွာ ရေးဆွဲထုတ်လုပ်လျက် ရှိနေသည်။ မိုဘိုင်း App များအနက်မှ မိမိနေထိုင်ရာ မြို့နယ်၊ ရပ်ကွက်၊ လမ်းများမှ ရေမြောင်းပိတ်ဆို့နေမှု၊ လမ်းပျက်စီး ချို့ယွင်းနေမှု၊ အမှိုက်ပုံများမှ အနံ့အသက်များကြောင့် ကျန်းမာရေး ထိခိုက်နေမှု စသည့် အချက်များကို မျှဝေတင်ပြနိုင်မည့် ပြင်ပေးပါ အမည်ရှိ မိုဘိုင်း App ကို သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်မှ တတိယနှစ် (CS) ကျောင်းသားသုံးဦးနှင့် ပြင်ပမှ လူငယ်ပညာရှင်တစ်ဦးတို့က ရေးဆွဲထုတ်လုပ်ခဲ့ကြသည်။ ပြင်ပေးပါ App ပြုလုပ်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် ပြင်ပေးပါ မိုဘိုင်း App အကြောင်း ကို ၎င်းတို့နှင့် တွေ့ဆုံမေးမြန်းပြီး ပြန်လည်ဖော်ပြအပ်ပါသည်။
 
Voice : ပထမဆုံး အနေနဲ့ ပြင်ပေးပါဆိုတဲ့ App ကို ထုတ်လုပ်ခဲ့တဲ့ အဖွဲ့နာမည်နဲ့ ဘယ်လိုရည်ရွယ်ချက်နဲ့ ထုတ်ခဲ့တယ် ဆိုတာကို ပြောပေးပါ။
 
Team PPP : အဖွဲ့အနေနဲ့က Team PyinPayPar ပေါ့။ ဘာရည်ရွယ်ချက်နဲ့ စလုပ်ခဲ့တာလဲ ဆိုတော့ ပထမ စဉ်းစားတာက ဒီနိုင်ငံမှာ လွှတ်တော်က ပိုပြီးတော့ အသက်ဝင်လာတယ်။ ဒီအချိန်မှာ လွှတ်တော်နဲ့ ပြည်သူတွေ ပိုပြီး ချိတ်ဆက်နိုင်အောင် လုပ်ဖို့ ဒီလိုမျိုးဟာကို စဉ်းစားမိတာ။ ဒီလိုစိတ်ကူးကို အင်တာနက်မှာ ရှာတော့လည်း နိုင်ငံတကာမှာ ရှိတယ်။ လမ်းပျက်တာတို့၊ မြောင်းပိတ်တာတို့ကို တိုင်လို့ရတယ်ပေါ့။ သူတို့ကတော့ အစိုးရနဲ့ ချိတ်ထားတာပေါ့။
 
Voice : အဲ့ဒီတော့ ပြင်ပေးပါ App မှာ ဘာတွေလုပ်လို့ ရမလဲဗျ။ 
 
Team PPP : လမ်းပျက်တာတွေ၊ မြောင်းပိတ်တာတွေ၊ ဓာတ်ကြိုးပြတ်ကျတာ၊ အမှိုက်ပုံတွေ အနံ့အသက် ဆိုးဝါးတာ၊ သစ်ပင်တွေ ကျိုးကျပြိုလဲတာတွေလိုမျိုးကို ပြင်ပေးပါ App မှာ တင်ပြလို့ရတယ်။
 
Voice : ဒီလိုဆိုတော့ သက်ဆိုင်ရာတွေကို အထောက်အပံ့ ပေးနိုင်မယ့် App တစ်ခုကို လုပ်လိုက်ပြီ။ ဒီကနေ တင်ပြတာကို သက်ဆိုင်ရာက သိနိုင်ဖို့အတွက်ကျတော့ ဘယ်လိုမျိုး စီစဉ်ပေးမလဲ။
 
Team PPP : ပြင်ပေးပါမှာ တင်ပြလာတဲ့ ပို့စ်တွေကို Like လုပ်တာ၊ သဘောထား မှတ်ချက်ပေးတာတွေ လုပ်လို့ရမယ်။ တင်လာတဲ့အထဲက လူပြောအများဆုံး ပို့စ်တွေကို အပေါ်ဆုံးမှာ တင်ထားပေးတယ်။ အဲ့ဒီအတွက် ဒီကနေ ဒီလိုအဖြစ်အပျက်တွေကို အာရုံစိုက်မှု ပိုရနိုင်တာပေါ့။ ဒီမှာဆိုရင် သက်ဆိုင်ရာ မြို့နယ်အလိုက်တွေ ခွဲပေးထားတယ်။
 
Voice : ပြင်ပေးပါ App မှာ သက်ဆိုင်ရာ မြို့နယ်အလိုက်၊ လမ်းတွေအလိုက် သက်ဆိုင်ရာက ပြုပြင်ပေးစေလိုတဲ့ အချက်တွေကို အသုံးပြုသူတွေက တင်ပြနိုင်ဖို့ လုပ်ထားတယ်။ ဒီမြို့နယ်တွေ၊ လမ်းတွေ စတဲ့ အချက်အလက်တွေကို ဘယ်လိုရယူခဲ့သလဲ။
 
Team PPP : ကျွန်တော်တို့တွေ မြေပုံဝယ်ပြီးတော့ မြို့နယ်တွေ၊ ရပ်ကွက်တွေ၊ လမ်းတွေအလိုက် ပြန်ကြည့်ပြီး ရိုက်ထည့်ရတယ်။ မြေပုံက မြို့နယ်အလိုက် ရောင်းတဲ့ မြေပုံတွေကို ကြည့်ရပါတယ်။ မြို့နယ်နဲ့ ရပ်ကွက် အချက်အလက်တွေက ရှိတယ်။ လမ်းတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကျတော့ မရှိဘူးလေ။ အဲ့ဒီတော့ ကိုယ့်ဟာကိုယ် ရိုက်ထည့်ရတယ်။
 
Voice : ဒီ App က လောလောဆယ်မှာ ဘယ်နေရာတွေအတွက် အသုံးပြုလို့ ရပြီလဲ။ အချိန်ဘယ်လောက်ယူပြီး လုပ်ခဲ့သလဲ။
 
Team PPP : အချိန်က အားလုံးဆိုရင် ၈ လလောက် ယူခဲ့ရတယ်။ လောလောဆယ် ရန်ကုန်အတွက်တော့ ရပြီပေါ့။ အချက်အလက်တွေ ရနိုင်မယ် ဆိုရင်တော့ ဘယ်နေရာပဲဖြစ်ဖြစ် လုပ်ဖို့က မခက်ခဲဘူး။ တစ်နိုင်ငံလုံးက ရပ်ကွက်တွေ၊ လမ်းတွေကို ရိုက်ထည့်ဖို့အတွက် ကျတော့ ကျွန်တော်တို့ လူအင်အားနဲ့ မဖြစ်နိုင်ဘူး။ ရန်ကုန်မှာတောင် မြို့နယ် ၂၀ လောက်ပဲ ပြီးသေးတယ်။ လူနေထူထပ်တဲ့ နေရာတွေ အဓိကပေါ့။
 
Voice : App ကို စလုပ်တဲ့ အချိန်မှာ ဆိုက်ဘာ တိုက်ခိုက်ခံရတာတွေ ရှိခဲ့တယ်။ အဲ့ဒါတွေ အတွက်ကို ဘယ်လိုတုံ့ပြန်မလဲ။
 
Team PPP : ကျွန်တော်တို့ အတွေ့အကြုံ ရတာပေါ့။ ကျေးဇူးတင်ပါတယ်ဗျ။ လုံခြုံအောင် လုပ်တတ်သွားတာပေါ့။ လုပ်ခြုံရေး အတွက်ကို ထည့်စဉ်းစားရမယ် ဆိုတာကို သိသွားတာပေါ့။ လုံခြုံရေးနည်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ မသိသေးဘူးလေ။ တော်တော်များများက ကိုယ့်ဘက်က အားနည်းချက်ကြောင့် ဖြစ်သွားတာ များပါတယ်။ ဘယ်လိုအကာအကွယ်မှတော့ ရဖို့မလွယ်ဘူး။ ဥပဒေအရ အကာအကွယ် ရဖို့လည်း မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ဘက်ကတော့ အကောင်းမြင်ပါတယ်။ စစချင်းမှာတင်ပဲ အားနည်းချက်ကို ထောက်ပြတယ်လို့ မြင်ပါတယ်။ 
 
Voice : ဒီ App ကို လုပ်ခဲ့တဲ့ အချိန်မှာ အထောက်အပံ့ပေါ့။ ငွေကြေးသော် လည်းကောင်း အခြားအထောက်အပံ့သော် လည်းကောင်း ဘာတွေရှိခဲ့သလဲ။
 
Team PPP : Mekong Innovation က လုပ်တဲ့ App Competition မှာတော့ ကျွန်တော်တို့ ပထမဆု ရခဲ့တာ ရှိတယ်။ ကုန်ကျစရိတ် အနေနဲ့ကတော့ ဆာဗာဖိုးတွေ ကုန်ကျတာ ရှိတယ်။ ဒါကိုတော့ Myanmar Links သင်တန်းကျောင်းကနေပြီး ပံ့ပိုးပေးထားပါတယ်။ ဆာဗာရော ဒိုမိန်းရောပေါ့။ 
 
Voice : တခြားအခက်အခဲတွေရော ဘာတွေ ရှိခဲ့သေးလဲ။
 
Team PPP : အခက်အခဲက အချက်အလက် မရတဲ့ အပိုင်းပဲ။ ကျန်တဲ့ ဒီဘက်က App ကို ရေးတဲ့အပိုင်းက အချိန်အကန့်အသတ်တစ်ခု ပေးလိုက်ရင် သူ့ဘာသာ ပြီးသွားတယ်။ လမ်းတွေရဲ့ အချက်အလက်ကိုကျတော့ ရလောက်မယ်ထင်လို့ သက်ဆိုင်ရာကို သွားတောင်းကြည့်တယ်။ ဒါပေမဲ့ အဆင်မပြေဘူး။ အဲ့တော့ ကျွန်တော်တို့ ကြံရာမရဖြစ်ပြီး ကိုယ့်ဘာသာ ရိုက်ထည့်ရတာပါပဲ။ အဲ့ဒီမှာတင်ပဲ အချိန်တော်တော်ကြာတယ်။
 
Voice : လမ်းနာမည် အချက်အလက်တွေ တောင်းဖို့ အဆင်မပြေဘူးဆိုတာ ဘယ်လိုအဆင်မပြေတာလဲ။
 
Team PPP : လမ်းတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို တောင်းတဲ့နေရာမှာ သူတို့ဘက်က ဒီအချက်အလက်တွေကို ဘယ်မှာသုံးမယ် ဆိုတာကို မယုံကြည်ဘူး။ နောက်တစ်ခုက သူတို့မှာ တကယ်ရှိရဲ့လား ဆိုတာလည်း ကျွန်တော်တို့ မသိဘူး။ နောက်ဆုံး ဒီအချက်အလက်တွေ သူတို့ဆီမှာ Digital Copy ရှိသလား။ ဒီအချက်အလက်တွေကို Open Data အနေနဲ့ ပေးလို့ရသလား။ အဲ့ဒါကို ကျွန်တော်တို့ မသိဘူး။ 
 
နောက်တစ်ခုက သွားတောင်းပြီးတော့ သူတို့ဘက်က တစ်ယောက်ယောက်က သူ့ခွင့်ပြုချက် တစ်ခုတည်းနဲ့ ပေးလိုက်ရင် အမှန်အတိုင်း ပြောရရင် မကောင်းဘူး။ ကျွန်တော်တို့ App ရေးတဲ့သူတွေ ဘက်ကလည်း ဒီအချက်အလက်တွေ မရရင် ရှေ့ဆက်လို့ မရတဲ့အတွက် ရိုက်ထည့်လိုက်ရော။ အဲ့လိုပဲ နောက်လုပ်ရမယ့် သူကလည်း ဒီလိုပဲ ရိုက်ထည့်နေရမယ်ဆိုရင် သိပ်အဓိပ္ပာယ် မရှိဘူး။
 
Voice : App မှာ မြန်မာစာစနစ်ကို အထောက်အပံ့ပေးဖို့ ကျတော့ရော ဘယ်လိုလုပ်ခဲ့ရသလဲ။
 
Team PPP : ဖောင့်ကို နှစ်မျိုးလုံးအတွက် အထောက်အပံ့ပေးအောင် လုပ်ပေးရတယ်။ ဘာနဲ့သုံးမယ် ရွေးတာမျိုးလောက် မဟုတ်ဘဲ Comment ပေးတာတွေ ပါလာတဲ့အတွက် နှစ်ခုလုံး လုပ်ရတာ အခက်အခဲရှိတယ်။ အဲ့ဒါကလည်း ယူနီကုတ်နဲ့ ပတ်သက်ရင် Developer တွေက မပြောင်းလဲဘူးဆိုတာ ဟုတ်ကို မဟုတ်ဘူး။ ဒီကိစ္စကြောင့် Developer တွေက ပိုပြီး အလုပ်လုပ်ကြရတယ်။ ကျန်တဲ့အပိုင်းက မြန်တယ်။ အဲ့အပိုင်း ရောက်လာရင် ကြာတယ်။ 
 
Voice : ဒီတော့ မြန်မာစာစနစ်ကို နည်းနည်း ဖြန့်ပြောရအောင်။ နှစ်ခုလုံးကို အထောက်အပံ့ပေးတဲ့ နေရာမှာ အခက်အခဲရှိတယ် ဆိုတာ ဘယ်လောက်အထိ အခက်အခဲ ရှိတာလဲ။
 
Team PPP : ကျွန်တော်တို့ App တွေမှာ ယူနီကုတ်ကတော့ ထည့်ကို ထည့်ပေးသင့်တယ်ဗျ။ ဒီအချက်အလက်တွေကို သိမ်းတာ၊ ရှာဖွေတာတွေ လုပ်ဖို့က ယူနီကုတ်နဲ့မှ အဆင်ပြေတယ်။ ဇော်ဂျီနဲ့ဆိုရင် ပြန်ပြီး ရှာတာတို့ ဘာတို့မှာ အဆင်မပြေတာတွေ ရှိတယ်။ အခုဆို ဇော်ဂျီ အသုံးပြုသူတွေ မြင်ရအောင်၊ ရေးလို့ရအောင်တော့ လုပ်ပေးထားတာ ရှိတယ်။ ဒါပေမဲ့ သိမ်းထားတဲ့ နေရာမှာတော့ ယူနီကုတ်နဲ့ပဲ သိမ်းရတယ်။ 
 
အားလုံးက ဇော်ဂျီသုံးနေတဲ့အတွက် နှစ်ခုလုံးကို အထောက်အပံ့ ပေးရတဲ့ ဒုက္ခက အကြီးဆုံးဒုက္ခပဲ။ မလိုအပ်ဘဲနဲ့ ကျွန်တော်တို့ဆီမှာရှိတဲ့ အချက်အလက်တွေ အားလုံးက ယူနီကုတ်လား၊ ဇော်ဂျီလားဆိုပြီး လိုက်ပြီး လုပ်နေရတာက တအားများတယ်။ 
 
ကျွန်တော်တို့အနေနဲ့က ရှင်းတယ်။ တစ်ခုတည်းကို ထောက်ပံ့ရမယ်ဆိုရင် ပိုပြီးကောင်းတယ်။ ယူနီကုတ်ပဲ ရေးပါဆိုရင် စိတ်ချမ်းသာတယ်။ ဇော်ဂျီပဲရေးပါ ဆိုရင်လည်း စိတ်ချမ်းသာတယ်။ နောက်တစ်ခုက အဲ့ဒီနှစ်ခုကို ထောက်ပံ့ဖို့ လုပ်နေရတဲ့ အလုပ်က အရမ်းစိတ်ညစ်စရာကောင်းတဲ့ အလုပ်ပဲ။ စိတ်ဝင်စားဖို့ မကောင်းဘူး။ 
 
Voice : ဒီ App ကို လုပ်ထားခဲ့ပြီးပြီ။ ဒါကို လူတွေအသုံးပြုဖို့ ဖြန့်တဲ့ လမ်းကြောင်းကကျတော့ နည်းနေဦးမလား။
 
Team PPP : အဲ့ဒါကျတော့ ကျွန်တော်တို့ရဲ့ App က Social Responsibility ကို သွားတာဖြစ်နေတယ်။ ဒါကိုဖြန့်တဲ့အကြောင်း စဉ်းစားမယ်ဆိုရင် ကြော်ငြာတွေထည့်၊ ဈေးကွက်ရှာဖွေရေးတွေလုပ်၊ ကိုယ့်ရဲ့ စာမျက်နှာကို Promote လုပ်တာတွေ လုပ်ဖို့ကျတော့ အဲ့ဒီပိုက်ဆံတွေ အကုန်ခံပြီး လုပ်လိုက်ပြီ ဆိုပါတော့။ ဒါကို ဘယ်လိုပြန်ရနိုင်မလဲ စဉ်းစားရမယ်။ ဘာမှမရှိဘူး။ ဒါကိုလုပ်တဲ့ နေရာမှာ Myanmar Links က ထောက်ပံ့ပေးထားတယ်။ ဘယ်လောက်အထိ လုပ်နိုင်မလဲ။ ကျွန်တော်တို့က ကျောင်းသားတွေ။ အိတ်ထဲက စိုက်ပြီး ဘယ်လောက်လုပ်နိုင်မလဲ ဆိုတာ အရေးကြီးတယ်။
 
ဒါကို ထောက်ပံ့ပေးတဲ့ နေရာမှာ လူမှုအဖွဲ့အစည်းအဆင့်၊ တိုင်းဒေသကြီး ပြည်နယ်အဆင့်၊ အစိုးရအဆင့်ဆိုပြီး သုံးပိုင်းရှိမယ်။ ဒါကို တကယ်တမ်း သွားသင့်တာက သမားရိုးကျ ဖြန့်နေတဲ့ ပုံစံတွေနဲ့ ဖြန့်တာထက် ဒီ App မျိုးသည် ဒီနိုင်ငံမှာ ရှိသင့်တယ်ဆိုပြီး ဝိုင်းပြီး မျှဝေဖြန့်ဝေပေးတာမျိုး ဖြစ်သင့်တယ်။ နောက်တစ်နည်းက ဥပမာ- စည်ပင်က ဒီ App ကနေ တင်ပြတာတွေကို သူတို့ဘက်က ကူညီဖြေရှင်းပေးပါမယ် ဆိုတာမျိုး ပြောသင့်တယ်။ နောက်တစ်ခုက နိုင်ငံအဆင့် အနေနဲ့ အထောက်အပံ့ ပေးသင့်တယ်။
 
ကျွန်တော်တို့ ဒီ App တွေက ပရဟိတ စိတ်ကူးကနေ ဖြစ်လာတာ။ အထောက်အပံ့က အဲ့ဒီလို မဖြစ်ရင် မရဘူး။ ဒီလမ်းကြောင်းတွေကနေ ဖြန့်ဝေပေးသင့်တယ်။
 
The Voice Daily (25.7.2016)
Powered by Bullraider.com