ဆန္ဒကို သိက္ခာနှင့် မလဲပါနဲ့

http://www.globalnewlightofmyanmar.com/wp-content/uploads/2015/03/DSC00048-765x510.jpg

သားတို့ သမီးတို့ရေ----

မကြာခင်မှာ သားတို့ သမီးတို့ရဲ့ ဘဝအပြောင်းအလဲ အဆုံးအဖြတ်စာမေးပွဲကြီးကို ဖြေဆိုကြရတော့မယ်။ ခေတ်စကားနဲ့ ပြောရရင်တော့ Heart ထိနေပြီပေါ့။ နှလုံးသားကို တုန်လှုပ်စေနိုင်တဲ့ အနာဂတ်ဘဝကို ပုံရိပ် ဖော်မယ့်စာမေးပွဲကြီးဟာ သားတို့သမီးတို့တင်မက မိဘ ညီအစ်ကိုမောင်နှမများကိုပါ စိတ်နှလုံးလှုပ်ရှားစေပါတယ်။ ဦးဦးကိုယ်တိုင် ဒီဘဝကို ဖြတ်သန်းခဲ့ရလေတော့ ရင်ဘတ်ချင်းတူပါတယ်။ ကိုယ်ချင်းလည်း စာပါတယ်။

ကိုယ်စိတ်နှလုံး သုံးပါးစလုံး ပင်ပန်းနေကြပါပြီ။ အနာဂတ်မှာ သားတို့ သမီးတို့ရဲ့ဘဝလုံခြုံမှု၊ အောင်မြင် ချမ်းသာမှုဟာ ဒီစာမေးပွဲကြီးက အဆုံးအဖြတ်ပေးတော့မှာမို့ အထိမခံ ရွှေပန်းကန်လို ရည်မှန်းချက်ကြီးရင်ကြီးသလိုပိုပြီး ကိုယ်စိတ်နှလုံးပင်ပန်းနေကြပါတယ်။ မအိပ်နိုင်၊ မစားနိုင်ဖြစ်ပြီး တုန်လှုပ်ချောက်ချားစရာကောင်း လောက်အောင် ကြောက်စရာလည်း ကောင်းတယ်လို့ အထင်ရှိနေသူတွေအတွက် ဒီစာမေးပွဲတစ္ဆေဟာ နီးလေ ခြောက်လေပါပဲ။

ဘာကြောင့်လဲ ... ဘာလို့ ဒီလိုဖြစ်ရတာလဲ.. ဦးဦးက လွန်ခဲ့တဲ့ နှစ် ၄ဝ လောက်က သားတို့သမီးတို့ ခံစားရသလိုမျိုး မေးခွန်းမတိုးမှာ၊ မေးခွန်းလှည့်စားမှာ၊ ကျက်ထားတဲ့စာနဲ့ မတိုက်မှာ၊ ကျက်ထားတာတွေ အခန်းထဲရောက်မှ မေ့ကုန်မှာ၊ ဘာသာစုံဂုဏ်ထူးမရမှာ၊ ဆရာဝန်လိုင်း၊ အင်ဂျင်နီယာလိုင်းမရမှာ စတဲ့ ဘဝနဲ့ဆန္ဒ သဟဇာတမဖြစ်မှာကို တွေးပူခဲ့ရတာဟာ ဘဝအဆုံး အဖြတ်ပဲလို့ သတ်မှတ်ပေးခဲ့တဲ့ ပညာရေးစနစ်ကြောင့်ပဲဆိုတာ နားလည်စေချင်ပါတယ်။
စာမေးပွဲဖြေဆိုဖို့ အသင့်ဖြစ်နေပါလျက်နဲ့ ညညအိပ် နေရင်းတောင် စာတွေယောင်ပြီး ကျက်နေတာ၊ တစ်ရေးနိုးလန့်ပြီး သင်္ချာတွေ ထတွက်နေတာဟာ မူမှန်စိတ်၊ မူမှန်အတွေး မဟုတ်တော့ဘဲ အသိအမြင်မကြွယ်ဝသေးတဲ့ ကလေးတွေအပေါ်မှာ အနိုင်ကျင့်သလို၊ နှိပ်စက်သလို ဖြစ်နေတဲ့ စာမေးပွဲတစ္ဆေဟာ တုန်လှုပ်ချောက်ချားမှု၊ စားမဝင်အိပ်မပျော်မှု၊ မိမိကိုယ်မိမိ မယုံကြည်မှုနဲ့ စိတ်ဓာတ်ပျော့ညံ့မှုတွေကို Suicide ဆိုတဲ့ မိမိကိုယ်မိမိ သတ်သေတဲ့အထိ ချောက်ချားမှု၊ အရှုံးပေးမှုတွေကို ဖြစ်စေနိုင်တဲ့ အတားအဆီးကြီးသဖွယ်ဖြစ်နေတဲ့ ဆန်းစစ်မှုတစ်ခုဆိုတာ ကိုယ်တွေ့ကြုံခဲ့ရဖူးပါတယ်။

သားတို့ သမီးတို့ရေ..
တကယ်တော့ စာမေးပွဲဆိုတာ ဆန်းစစ်ခြင်းပါ။ ဘာကို ဆန်းစစ်တာလဲဆိုရင် မိမိသိထား ကျက်ထားတာ၊ မိမိရဲ့ IQ ဆိုတဲ့ Intelligence Quotient အသိဉာဏ် အချိုး၊ မိမိကြိုးစားသင်ယူထားမှု ဘယ်လောက်ရှိသလဲဆိုတဲ့ အခြေခံပညာမူလတန်းမှ အထက်တန်းအထိ သင်ယူသင်ကြားခဲ့တဲ့ ရလဒ်ကို ဆန်းစစ်ခြင်းသာဖြစ်ပါတယ်။ ဘဝတစ်ခုလုံးရဲ့ အောင်မြင်ခြင်း၊ ဆင်းရဲချမ်းသာ ခြင်းကို အဆုံးအဖြတ်ပေးတဲ့စာမေးပွဲမဟုတ်ဘူးဆိုတာ ခွဲခြားနားလည်စေချင်ပါတယ်။
ဘာလို့ ဒီလိုပြောရသလဲဆိုရင် ၁ဝ တန်းစာမေးပွဲမှာ ခြောက်ဘာသာ၊ ငါးဘာသာဂုဏ်ထူးနဲ့အောင်ပြီး ဆရာဝန်၊ အင်ဂျင်နီယာလိုင်းတွေရောက်ကြပေမယ့် ဘဝလမ်းခုလတ်မှာ အကြောင်းအမျိုးမျိုးနဲ့ ကျဆုံးရသူတွေရှိကြသလို ဘာဂုဏ်ထူးမှ မရပေမယ့်လည်း သူ့ဘဝရဲ့အခြေအနေ ပေးမှုပေါ်မှာ ဆက်ပြီးကြိုးစား ရုန်းကန်ကြလို့ ချမ်းသာကြီးပွားအောင်မြင်နေသူတွေလည်း များစွာရှိနေတယ် ဆိုတာဟာ ကံ၊ ဉာဏ်၊ ဝီရိယဆိုတဲ့ ရေရှည်ကြိုးပမ်းမှုရလဒ်တွေက အဆုံးအဖြတ်ပေးနိုင် လို့ပါပဲ။

ဒီလိုပြောလို့ ခြောက်ဘာသာ၊ ငါးဘာသာဂုဏ်ထူးရှင်တွေနဲ့ ဆရာဝန်၊ အင်ဂျင်နီယာတွေကို စော်ကားခြင်း မဟုတ်ပါ။ ဘဝမှာအောင်မြင်တယ်ဆိုတာဟာ မိမိကြိုးပမ်းမှုနဲ့ ဝါသနာကို အရင်းခံတဲ့ လေ့လာကြိုးစားမှုက အဓိကကျပါတယ်။ မိဘက ဆရာဝန်ဖြစ်စေချင်လို့ ဆရာဝန်လိုင်း ယူခဲ့ရပေမယ့် တကယ်အလုပ်လုပ်နေတော့ ဘာသာမတူတဲ့ စီးပွားရေးလောကမှာ အောင်မြင်နေသူတွေဖြစ်နေကြပါတယ်။ ဒါဟာ တကယ်ကျတော့ မိမိအတွက်နဲ့ တိုင်းပြည်အတွက် နစ်နာတာပါပဲ။ မိမိဝါသနာပါရာ ဘာသာကို လေ့လာသင်ယူပြီး တတ်မြောက်တဲ့အခါ ကျွမ်းကျင်ပညာရှင်ဖြစ်ဖို့၊ ကျွမ်းကျင်တဲ့ပညာနဲ့ ပြည်သူနဲ့တိုင်းပြည်ကို အကျိုးပြုဖို့ဆိုရင် ငွေမကုန် လူမပန်းဘဲ တန်ဖိုးရှိတဲ့ ပညာရှင်တွေ၊ တိုင်းပြည်က အားထားရသူတွေ ဖြစ်လာမှာပါပဲ။

သားတို့သမီးတို့ရေ...
တကယ်တမ်း နားလည်ရမှာက မိမိဖြေဆိုမယ့် စာမေးပွဲမှာ မေးတဲ့မေးခွန်းကို ကောင်းစွာဖြေဆိုနိုင်ဖို့က အဓိကအကျဆုံးပါ။ ဆန်းစစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ကို အဖြေထုတ်ဖို့၊ ကောင်းစွာဖြေဆိုနိုင်ဖို့ မိမိကိုယ်မိမိ ယုံကြည်မှုတည်ဆောက်ရပါမယ်။ ကိုယ်ကျက်ထားတာကို ကောင်းမွန်စွာ ဖြေဆိုနိုင်ရမယ်။ ငါကောင်းစွာ ဖြေနိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက်ရှိရမယ်။ နောက်အရေးကြီးတာက ကောင်းစွာဖြေဆိုနိုင်ဖို့ဆိုရင် ကျန်းမာနေဖို့ အရေးကြီးတယ်။ မဖျားမနာပါစေနဲ့၊ အစစသတိထားပါ။ လန်းလန်းဆန်းဆန်းနဲ့ စာမေးပွဲအခန်းထဲကိုရောက်ပြီး ဘာသာစုံ ဖြေဆိုနိုင်ဖို့ အရေးကြီးပါတယ်။ ပန်းတိုင်အနီးကပ်မှ မှောက်လျက်လဲတာမျိုး မဖြစ်ပါစေနဲ့လို့ သတိပေးချင်ပါတယ်။

ဘယ်သူမဆို အနာဂတ်ကို ကြီးစွာမျှော်မှန်းတတ်ကြပါတယ်။ အရေးကြီးတာက မိမိကိုဆန်းစစ်လိုက်တဲ့ စာမေးပွဲ ကို တစ်ပွဲထိုး၊ တစ်ချက်ကောင်း၊ နံကြားလက်ညှိုးထိုး မေးခွန်းတိုက်ရင်ပြီးရော ဖြေကြမှာလား။ ဒါဆို အမှတ်များများရ၊ လိုင်းကောင်းကောင်းရရင် ဘဝတိုက်ပွဲအောင်ပြီး အနာဂတ်မှာ ချမ်းသာအောင်မြင်သူလို့ ကိုယ့်ကိုယ်ကိုယ် ခံယူမှာလား။ ဒီခေတ်ပညာရေးစနစ်ရဲ့ ကျေးကျွန်မှာ သားသမီးနဲ့ ဆရာ ဆရာမ၊ မိဘတွေဟာ အယူလွဲ၊ အတွေးလွဲ၊ ဘဝအလွဲတွေနဲ့ အောင်မြင်မှုကို တပ်မက်နေကြတာလို့ ပြောရပါမယ်။

ဒီနေရာမှာ အမှတ်များများနဲ့အောင်ဖို့ ခြောက်ဘာသာ၊ ငါးဘာသာတွေရဖို့ အဓိက၊ ကျန်တာနောက်မှ ကြည့်ရှင်းမယ်။ ဆေးကျောင်းရောက်ဖို့ နည်းမျိုးစုံနဲ့ ကြိုးပမ်းနေတဲ့သူတွေ၊ နည်းမျိုးစုံနဲ့ အနီးစပ်ဆုံး မေးခွန်းရချင်သူတွေ၊ တစ်ပွဲထိုးနည်းနဲ့အောင်မြင်ဖို့ နည်းလမ်းရှာနေ သူတွေကို သတိပေးလိုတာက ရိုးသားစွာနဲ့ ဖြေဆိုကြဖို့ ပါ။ သားသမီးတွေ ဖြေဆိုနိုင်ဖို့ Tips တွေ၊ မေးခွန်းပေါက် ကြားမှုတွေ၊ နည်းမျိုးစုံနဲ့ရင်းပြီး အောင်မြင်မှုကို လိုချင်နေကြတဲ့ မိဘတွေ၊ ကျောင်းနဲ့အတန်းထဲက တပည့်တွေ အောင်မြင်ကျော်ကြားဖို့၊ ညံ့တဲ့သူလည်း မအောင်အောင် အောင်လုပ်ပေးဖို့ ကြိုးပမ်းနေတဲ့ ဆရာ ဆရာမတွေကို သတိပေးချင်တာက ဆန္ဒကို သိက္ခာနဲ့ ထိန်းကြဖို့ပါပဲ။

ပြောရရင် လက်ရှိပညာရေးစနစ်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကျောင်းစာတော်ပြီး ဘဝကို အာမခံချက်မပေးနိုင်တဲ့ ပညာရေးစနစ်နဲ့ ကြိုးစားမှုတွေဟာ ရေရှည်မှာ ကျဆုံးနိုင်တယ်။ ဘက်စုံဖွံ့ဖြိုးမှုမရှိတဲ့ လူငယ်တစ်ယောက်၊ ပရဟိတ စိတ်ဓာတ်မရှိတဲ့ လူငယ်တစ်ယောက်ဟာ စာသာတော်ပြီး လူမှုရေး၊ အမျိုးသားရေးစိတ်ဓာတ် ခေါင်းပါးရင် ဂုဏ်ထူးတွေ ထွက်နေလည်း လူ့တန်ဖိုးမမြင့်မားနိုင် ဘူးဆိုတဲ့ အဓိပ္ပာယ်ကို ပြောသွားပါတယ်။

ထိုအဆိုကို ကျွန်တော်လက်ခံပါတယ်။ မိမိရဲ့ ကြိုးပမ်းမှုဟာ ဘဝအာမခံချက်ရှိရန်လိုပါတယ်။ မိမိရဲ့ ကြိုးစားမှုဟာ ရိုးသားဂုဏ်ရှိဖို့ လိုအပ်ပါတယ်။ မိမိရဲ့ ထူးချွန်မှုဟာ ၁ဝ တန်းစာမေးပွဲမဟုတ်ဘဲ တိုင်းပြည်အတွက် မိမိအတွက် လုံခြုံမှုပေးစွမ်းနိုင်မှု ဖြစ်ရန် လိုအပ်ပါတယ်။ ယခုဖြေဆိုမည့် စာမေးပွဲဟာ မြင့်မားသော အုတ်တံတိုင်းမဟုတ်၊ ခုန်ကျော်နိုင်လောက်သော ရေမြောင်းတစ်ခုလို သဘောထားဖို့လိုပါတယ်။ အခက်အခဲဆိုတာ နေရာတိုင်းမှာရှိပါတယ်။ သို့သော် ၁ဝ တန်း စာမေးပွဲကို စိတ်ပင်ပန်းလူပင်ပန်းစွာ ရင်ဆိုင်နေရသော အခက်အခဲကြီးတစ်ခုဆိုသော စိတ်ကိုဖယ်ရှားပါ။ လွတ်လပ်ပေါ့ပါးစွာ ဖြေဆိုနိုင်ပါလိမ့်မယ်။
နိုင်ငံရပ်ခြား ပညာရေးစနစ်များတွင် ယခုလို ချောက်ချားစရာကောင်းသော ၁ဝ တန်းစာမေးပွဲဟု ထင်နေကြသူ ကျောင်းသား ကျောင်းသူတွေ မရှိပါ။ အတန်းတင်စာမေးပွဲဆိုတာထက် အရည်အချင်းစစ်ခြင်းကို ပုံမှန်လုပ်သည့် သဘောမျိုးသာဖြစ်၍ ပင်ပန်း ဆင်းရဲမှုမဖြစ်ပါ။ နောင်တစ်ချိန်မှာ ပိုကြိုးစားသူတွေက ခေါင်းဆောင်တွေဖြစ်ကြ၊ သူဌေးတွေဖြစ်ကြပါတယ်။ ဘဝကို ကိုယ်ဝါသနာပါရာ ရပ်တည်ခွင့်ရပြီး ကျော်ကြား မှုတွေရကြပါတယ်။ အဆိုတော်၊ ရုပ်ရှင်၊ ဂီတ၊ စာပေနဲ့လည်း ချမ်းသာပြီး Celebrity (ကျော်ကြားသူ) တွေဖြစ်ကြပါတယ်။

သားတို့သမီးတို့ရေ...
မကြာခင်မှာ ဖြေဆိုတော့မယ့် အခြေခံပညာ အထက်တန်းစာမေးပွဲဟာ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ ဘဝရဲ့အဆုံးအဖြတ်ပဲလို့ ဖြေဆိုဖူးသူတိုင်း ခံယူခဲ့ကြပေမယ့် တိုးတက်ပြောင်းလဲလာတဲ့ ခေတ်စနစ်တွေအရ ကျယ်ဝန်းတဲ့ပညာစုံနယ်ပယ်မှာ ဆရာဝန်၊ အင်ဂျင်နီယာဖြစ်မှ လူတစ်လုံး သူတစ်လုံး ဖြစ်မှာ မဟုတ်သလို မိမိဝါသနာပါတဲ့ ဘာသာရပ်နဲ့ မိမိဘဝ၊ မိသားစုဘဝ၊ လူမျိုးနဲ့တိုင်းပြည်ကို စောင့်ရှောက်နိုင်တဲ့ဘဝကို ရရှိနိုင်ဖို့ အောင်မြင်စွာ၊ ကျန်းမာစွာ၊ သိက္ခာရှိ စွာနဲ့ ဖြေဆိုကျော်ဖြတ်နိုင်ကြပါစေလို့ ဆန္ဒပြုအပ်ပါတယ်။
''ရိုးသားသော ယှဉ်ပြိုင်ခြင်းဖြင့် ဘဝတိုက်ပွဲတစ်ခုကို အနိုင်ယူလိုက်ပါ။ ဆန္ဒကို သိက္ခာနဲ့ မလဲပါနဲ့''

MOI Webportal Myanmar
Powered by Bullraider.com