သင်ရိုးညွန်းတမ်းနှင့် Hidden Curriculum
- Details
- Category: သူ့အမြင်
- Published on Monday, 06 February 2012 07:18
- Written by လှရွှေ
- Hits: 858

ဒီနေ့ စီဒီစီ အထက်တန်းကျောင်းမှာ တနှစ်တာအတွင်း သင်ကြားခဲ့တဲ့ သင်ရိုးညွန်းတမ်းနှင့် ဆိုင်တဲ့ ဆွေးနွေးမှုလေး တခုကို စီဒီစီ ကျောင်းနဲ့ ရွှေ့ပြောင်းမြန်မာကျောင်းတွေရဲ့ ပညာရေးအကြံပေးပုဂ္ဂိုလ် ဆရာသိန်းနိုင်က ဦးဆောင် ပြုလုပ်ခဲ့ပါတယ်။ သင်ရိုးညွန်းတမ်း သင်ကြားပြီးမြောက်မှု၊ ကျောင်းသားများ၏ ကျောင်းသင်ခန်းစာ အပေါ် စိတ်ဝင်စားမှုနှင့် ဆရာတွေရဲ့ သင်ကြားမှု ပိုင်းဆိုင်ရာကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။
ကျောင်းတွင်း ဒီမိုကရေစီနဲ့၊ ကျောင်းသားဗဟိုပြု သင်ကြားရေးကို စတင်ပျိုးထောင်နေတဲ့ ရွှေ့ပြောင်းပညာရေးရဲ့ အနေအထားက စိတ်ဝင်စားစရာ ကောင်းပါတယ်။ လွတ်လပ်တဲ့ ပညာသင်ကြားရေး စနစ်နဲ့အတူ ပါလာတဲ့ ကောင်းကျိုး ဆိုးကျိုးကလည်း၊ လာမည့်နှစ်တွေ အတွင်း မြန်မာနိုင်ငံအတွင်း ပေါ်ပေါက်လာဖွယ်ရှိတဲ့ ကျောင်းသားဗဟိုပြု ပညာသင်ကြားအတွက် ရှေ့ဆောင်လမ်း ပြလို့တောင် ပြောလို့ရပါတယ်။
ရွှေ့ပြောင်းကျောင်းတွေမှာ သင်ကြားတဲ့ ပညာရေးနဲ့ ပတ်သတ်ပြီး နည်းနည်း တင်ပြချင်ပါတယ်။ ဆရာ တယောက်က စာသင်နှစ်အစမှာ တနှစ်အတွင်း၊ တလအတွင်း၊ တပတ်အတွင်း သင်ကြားမယ့် တနှစ်လုံးဆိုင်ရာ သင်ခန်းစာကို ကျောင်းအုပ်ချုပ်ရေးတွေဆီကို တင်ရပါတယ်။ ဆရာတွေ တင်လိုက်တဲ့ သင်ရိုးက ကျောင်းသားတွေ လိုက်နိုင်မှု၊ အခက်အခဲ စတာတွေကို ကျောင်းတာဝန်ရှိ သူတွေနဲ့ လစဉ် (သို့) နှစ်လ တကြိမ်ဆွေးနွေး ရပါတယ်။
သင်ကြားရေးမှာလည်း အချို့သင်ရိုးညွန်းတမ်းတွေက မြန်မာနိုင်ငံမှာ သုံးနေတဲ့ သင်ရိုးညွန်းတမ်းတွေကို သင်ကြားနေပေမယ့် မတူတဲ့ နည်းစနစ်၊ ချဉ်းကပ်မှုတွေနဲ့ ကျောင်းသားဗဟိုပြုကို စမ်းသပ်လုပ် ဆောင်နေကြတာ နှစ်မနည်းတော့ဘူးလို့ ပြောလို့ရပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာကလေးတွေဘက်က ကြည့်ရင် အားနည်းချက်တွေ အများအပြားရှိသလို အားသားချက်တွေလည်း ရှိပါတယ်။ ဆရာတွေဘက်ကလည်း အားနည်းချက်တွေရှိသလို အားသာချက်တွေ အများအပြားရှိတာကို တွေ့ရပါတယ်။ ဒီနေ့ တွေ့လိုက်ရတဲ့ အားနည်းချက်က ကလေးတွေဟာ အင်္ဂလိပ် ဘာသာ စကားကို မြန်မာစာထက် ပိုမိုအားသန်ပြီးလေ့လာတာကို တွေ့ရပါတယ်။
လွတ်လပ်တဲ့ ပညာရေးစနစ်နဲ့ အတူပါလာတဲ့ လွတ်လပ်စွာ ဆွေးနွေးတင်ပြခွင့်က မြန်မာနိုင်ငံမှာ လက်ရှိ ကျင့်သုံးနေတဲ့ စနစ်ထက် အားသာချက်ရှိတာကို တွေ့ရပါတယ်။ ပြည်ပရောက်နေတဲ့ ကျနော်တို့တွေရဲ့ ဘ၀ကိုယ်တိုင်က အားနည်းချက်များစွာနှင့် ဖွဲ့စည်းထားတဲ့ ဘ၀တွေပါ။ အချို့ကလေးတွေက စနစ်ကျတဲ့ မိဘအုပ်ထိမ်းမှု အောက်မှာ ကြီးပြင်းခဲ့ရတဲ့ ကလေးတွေမဟုတ်တော့ အပြုအမူ ဆိုင်ရာ ယဉ်ကျေးမှုမှာ အားနည်းချက်ရှိတာကို တော်တော် တွေ့ရပါတယ်။
ဒီနေ့ ဆွေးနွေးပွဲမှာ ကျောင်းသားတွေရဲ့ အပြုအမူဆိုင်ရာကို ဆွေးနွေးကြတော့ လွတ်လပ်ပါတယ်ဆိုတဲ့ ကျောင်းတွေရဲ့ ပြဌာန်းချက်တွေမှာ ကလေးတွေကို သင်ပေးရမယ့် ပြည်သူ့နီတိ ဆိုတာ ပျောက်ကွယ်နေတာ တွေ့ရပါတယ်။ ပြည်သူ့နီတိ ဆိုင်ရာ ပြဌာန်းချက်များ မရှိတော့ ဆရာတွေက သင်ရိုးညွန်းတမ်း အပြင် သင်ခန်းစာ ဆိုတာ စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်တွေ ဖြစ်လာပါတယ်။
ဆရာတဦးရဲ့ တာဝန်က သင်ရိုးညွန်းတမ်း အပြင် ကျယ်ပြန့်တဲ့ ဗဟုသုတ ရှိဖို့လိုအပ်လာပါတယ်။ ဥပမာ (Exploration and Trade) ဥရောပသားတွေရဲ့ စူးစမ်းရှာဖွေမှုနှင့် ကုန်သွယ်ရေး အကြောင်း သင်တော့မယ်ဆိုရင် အာရှကို ဥရောပ သားတွေ ဘယ်လို အကြောင်းတွေကြောင့် စိတ်ဝင်စားလာရ တာလဲဆိုတဲ့ အချက်အပြင်၊ ဘယ်အချိန်၊ ဘယ်လို အကြောင်း အရာတွေကြောင့် စိတ်ဝင်စားလာရသလဲ ဆိုတာ ဆရာအနေနဲ့ သိသင့်တဲ့ အရာတွေ ဖြစ်ပါတယ်။
ဥရောပသားတွေ အရှေ့အိန္ဒိယကျွန်းစု ကိုဘာကြောင့် စိတ်ဝင်စားလာရတာလဲ အပြင် ခရူးဆိတ်စစ်ပွဲ (ဘာသာရေး စစ်ပွဲ ပေါ်ပေါက်ပုံ) စတာတွေကို ဆရာက သိဖို့လိုအပ်လာပါတယ်။ ဒီအကြောင်း အရာတွေက ဆက်စပ်ဖြစ်ပေါ်နေတာတွေ ဖြစ်ပါတယ်။ ဒါတွေက ဆရာ တဦးအနေဖြင့် သိကိုသိရမယ့် အချက်တွေ ဖြစ်ပါ။ ဥရောပသားတွေရဲ့ ကုန်သွယ်ရေးနှင့်အတူပါလာမယ့် သာသနာပြုမှု၊ အာရှမှာ ယဉ်ကျေးမှု ဘယ်လို ဖြစ်ပေါ်ခဲ့ပုံ၊ စတာတွေက သမိုင်းဆရာ သိရမယ့်အချက်အလက်တွေ ဖြစ်ပါတယ်။
အမှန်တကယ်ဆိုရင် ဆရာဆိုတာ တာဝန်အကြီးဆုံး ပြည်သူ့ဝန်ထမ်းတွေ ဖြစ်သင့်ပါတယ်။
ပြည်သူ့နီတီဆိုင်ရာ ပြဌာန်းချက်များ သီးသန့်မရှိတော့ ဆရာတွေ အားလုံးဟာ ကလေးတွေ အနာဂတ်မှာ နိုင်ငံ့သားကောင်း တွေဖြစ်လာဖို့၊ ပြည်သူ့နဲ့ဆိုင်တဲ့ သိသင့်တဲ့အချက်တွေ၊ လူတဦးချင်းစီရဲ့ တာဝန်နဲ့ ၀တ္တရားတွေကို ဆရာတွေက တာဝန်ယူ သင်ကြားပေးသင့်ပါတယ်။ မြန်မာနိုင်ငံက ပြဌာန်း သင်ရိုး ညွန်းတမ်းတွေထက် ရှေ့လျှောက်ရမယ့် ဘ၀ခရီးတွေ အတွက်ပြင်ဆင် ပေးသင့်တယ်လို့ ယူဆမိပါတယ်။
မြန်မာနိုင်ငံ ကလေးတွေက အထက်တန်း အောင်မြင်ပြီးရင် ဆေး၊ စက်မှု၊ ကွန်ပျူတာ၊ ဘာသာဗေဒ၊ ၀ိဇ္ဖာဘာသာရပ်၊ ဥပဒေ စတာတွေကို လေ့လာဖို့ ရည်မှန်းချက်တွေ ထားနိုင်ပေမယ့် ရွေ့ပြောင်းမြန်မာ ကလေးတွေက အထက်တန်း အောင်ပြီး ရှေ့လျှောက်ရမယ့် ခရီးက စက်ရုံလုပ်သား၊ ဒါမှမဟုတ်၊ တော်လှန်ရေးနဲ့ နီးစပ်တဲ့ ကလေးတွေက တော်လှန်ရေးထဲကို ၀င်ရာက်ကြပါတော့တယ်။
မိမိနိုင်ငံထဲမှာ ပညာသင်ကြားခွင့် မရခဲ့တဲ့ ကလေးတွေကို မိမိတို့လူမျိုးနဲ့ သက်ဆိုင်တဲ့ ဓလေ့ထုံးတမ်း စဉ်လာတွေ၊ အယူအဆတွေ၊ စကားပုံတွေ၊ သဘာဝ ရေမြေ တောတောင် စတဲ့အကြောင်းတွေကို ဆရာတွေ အနေဖြင့် စာသင်ခန်းတွင်းမှာ အချိန်ရသလောက် ပြောဆိုပေးသင့်ပါတယ်။ လူသားတယောက် အဖြစ်ကျင်လည်ရတဲ့အခါ လိုအပ်မယ်ထင်တဲ့ လူသားတဦးရဲ့ တာဝန်နဲ့ ၀တ္တရား၊ လူ့အဖွဲ့အစည်း၊ မိမိလူမျိုးစုနှင့် နိုင်ငံအပေါ် စောင့်သိရမယ့် တာဝန်တွေကို ကျောင်းသင်ခန်းစာနဲ့ အပြိုင် သင်သင့်တယ်လို မြင်မိပါတယ်။
ဆရာတဦးက ကလေးတွေ မယဉ်ကျေးတာ ကျောင်းရဲ့ အဖြပဲလို့ ပြောဖူးပါတယ်။ ဆရာပြောတဲ့ အချက်က ကလေးတွေ မယဉ်ကျေး တာဟာ ငယ်ငယ်ကတည်းက တနှစ်မှာ ရက်ပေါင်း ၂၀၀ လောက်သင် ကြားနေရတဲ့ ဆရာတွေမှာ တာဝန်ရှိတယ်လို့ ထောက်ပြလိုက်တဲ့ သဘောတွေ့ရပါတယ်။
ဆရာတွေဟာ ကျောင်းသင်ခန်းစာနဲ့ ဆက်စပ်နေတဲ့ အကြောင်းအရာ အပြင်၊ နိုင်ငံသားကောင်း တဦးနဲ့ဆိုင်တဲ့ ကိုယ်ကျင့်တရား တွေကို ယေဘူယအား ဖြင့်သိသင့်တဲ့ အချက်တွေလို့ မြင်မိပါတယ်။
ကျနော်တို့ဆရာတွေ အများစုက အတုယူဆရာအကြောင်း ကလေးတွေကို ပြောကြမယ်ဆိုရင် ခေတ်ဟောင်းစာပေ ဒါမှမဟုတ် နိုင်ငံခေါင်းဆောင်တွေ အကြောင်းပဲ ပြောကြတာများပါတယ်။ ဒါအပြင် အညတရ လူမသိသူမသိတဲ့ အကြောင်းအရာတွေကကော ကလေးတွေအတွက် အတူယူစရာ မဖြစ်နိုင်ဘူးလား စတဲ့အချက်တွေ ကိုလည်း ဆရာတွေနေနဲ့ စဉ်းစားသင့်ပါတယ်။
အတုယူစရာ အကြောင်းတွေ ကိုပြောရင်းနဲ့ လူ့အဖွဲ့ အစည်းမှာ မိမိတာဝန်ယူနိုင်တဲ့ နေရာက တာဝန်ယူတတ်အောင် အကြောင်းအရာ လေးတခုကို ပြောဖူးပါတယ်။ ဘန်ကောက်မှာ အထက်တန်း တက်နေတဲ့ ကလေး တယောက်အကြောင်း ပြောဖူးပါတယ်။ သိပ်ကြီးကျယ်တဲ့ အကြောင်းအရာ မဟုတ်ပေမယ့် ကလေးတွေရဲ့ စိတ်ဓါတ်ခွန် အားကို အားပေးနိုင်တဲ့ အတုယူစရာ လို့ထင်မြင်ကြောင်း ကလေးတွေဘက်က မှတ်ချက် ပေးခဲ့ကြပါတယ်။
ဘန်ကောက်မြို့တော်ဆိုတာ ယဉ်အသွားအလာ အရမ်းများတဲ့၊ ကမ္ဘာပေါ်မှာ လူနေထူထပ်မှု အများဆုံး မြို့တော်တခု ဖြစ်ပါတယ်။ ဆူခွန်ဆိုတဲ့ အထက်တန်း ကျောင်းသားလေးဟာ မိသားစုဝင်တွေဆီက သူမုန့်ဖိုးရတဲ့ ပိုက်ဆံကို စုပြီး စက်ဘီး တစီးနဲ့ အရေးပေါ် သူနာပြုမှု အတွက် လိုအပ်တဲ့ ဆက်စပ် ပစ္စည်းတွေကို ၀ယ်ယူပြီး ညနေကျောင်းဆင်းချိန်းမှာ သူနေထိုင်ရာ မြို့နယ်ထဲက ကားလမ်းပေါ် အဝေးပြေးလမ်းပေါ်မှာ တနေ့ကို လေးနာရီ အလုပ်လုပ်ပါတယ်။
မတော်တဆမှုဖြစ်တဲ့နေရာကို သူနာပြုဆေးရုံကားတွေ မရောက်မီ အရောက်သွားပြီး ရှေးဦးသူနာ ပြုမှုတွေနဲ့ ကူညီပေးနေတဲ့ အထက်တန်း ကျောင်းသား ကလေးဖြစ်ပါတယ်။ ဆူခွန်ဟာ ဒီအလုပ်ကို မလုပ်မီကတည်းက သူ့ရဲ့ မြို့နယ်ထဲမှာရှိတဲ့ ဆေးခန်း၊ ဆေးရုံ၊ အရေးပေါ်ဌာန၊ ရဲစခန်း စတာတွေနဲ့ ဆက်စပ်တဲ့ သတင်းအချက်အလက်တွေကို စာအုပ်တအုပ်နဲ့ မှတ်သားထားပါတယ်။
ကျောင်းဆင်းချိန် စက်ဘီးလေးကိုစီး၊ စက်ဘီးနောက်က ကယ်ရီယာပေါ်မှာ ရှေးဦးသူနာပြု ပစ္စည်းတွေ တင်ပြီး အလုပ်ရှုပ်နေတာကို လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က ထိုင်းနိုင်ငံက နာမည်ကျော် ရုပ်သံလှိုင်းတခုမှာ တိုက်ရိုက် ထုတ်လွှင့်သွားတာ လူကြိုက်အများဆုံး တိုက်ရိုက်ထုတ်လွှင့်မှု အဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။
ကြီးမားတဲ့ ဘ၀ရည်မှန်းချက်တွေ ထားလို့မရနိုင်တဲ့ ကျနော်တို့ရဲ့ ရွှေ့ပြောင်းကလေးတွေ အတွက် ဒီလိုအညတရ ကလေးတွေရဲ့ သူနေထိုင်တဲ့ လူ့အဖွဲ့အစည်းမှာ တာဝန်ယူ လုပ်ဆောင်ချက် လေးတွေဟာ သင်ရိုးညွန်းတမ်း အပြင် နောက်ကွယ်က ဖုံးကွယ်နေတဲ့ သင်ရိုးအဖြစ် သင်ကြားမသင့် ဘူးလားလို့ တွေးမိပါတယ်။
လှရွှေ
Notice: Undefined index: data in /home/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238








