အင်တာနက်ခေတ်နှင့် မြန်မာသမိုင်းပါမောက္ခ
- Details
- Category: သူ့အမြင်
- Published on Thursday, 09 February 2012 06:42
- Written by မောင်ရမ္မာ
- Hits: 2192
တလောက ပြည်တွင်းက ဆရာတဦးနဲ့ အဆက်အသွယ်ရပါတယ်။ ဆရာက ကျနော့် ထိုင်းဖုန်းနံပါတ်ကို လှမ်းခေါ်လို့ တော်တော် အံ့သြခဲ့ရပါတယ်။ ဆရာနဲ့ ရှေးဟောင်းနှောင်းဖြစ် အကျိုးအကြောင်း ပြောဖြစ်ကြတယ်။ စကားပြောဖြစ်တော့ ဖုန်းနဲ့ ပြောရတာ ပိုက်ဆံကုန်တယ်၊ ဂျီတော့ (သို့) စကိုက်ပီကနေ ပြောရတာ ပိုအဆင်ပြေမယ် ပြောတော့ ဆရာပါမောက္ခက သူအခုအထိ အီးမေးလ် မသုံးတတ်ဘူးလို့ ပြောတယ်။ ကျနော်လည်း တော်တော် အံ့သြသွားတယ်။ အီးမေးလ်ကို မသုံးတတ်တဲ့ သမိုင်းဌာန တွဲဖက်ပါမောက္ခကို တော်တော် စိတ်မကောင်းဖြစ်သွားတယ်။ သမိုင်းကို သင်နေတဲ့ တွဲဖက် ပါမောက္ခက ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နည်းပညာတွေ နေ့စဉ်နဲ့ အမျှ ပြောင်းလဲနေတာကို အမီလိုက်နိုင်မယ့် နည်းပညာတွေကို မသိတော့ ဘယ်လိုခေတ်မီသင်ခန်းစာမျိုးကို တပည့်တွေကို ပို့ချမလဲ တွေးနေမိတယ်။

ကျနော်နဲ့ တစ်ကျောင်းတည်း လုပ်နေတဲ့ ဆရာတဦးက စာရေးဆရာတဦးလည်းဖြစ်ပါတယ်။ မြန်မာပြည်က ဘာသာပြန် စာအုပ်တွေကို ၀ယ်ဖတ်တယ်။ ဆရာက အင်္ဂလိပ်လို ဖတ်နိုင်၊ ရေးနိုင်တဲ့ ပုဂ္ဂိုလ်ပါ။ ဒါတောင် မြန်မာပြည်က ဘာသာပြန် စာအုပ်တွေကို ၀ယ်ဖတ်နေသေးတယ်။ တနေ့ ကျနော် အမှတ်မထင် ပြောလိုက်တဲ့ စကားက ဒီဆရာကို တော်တော် ပြောင်းလဲသွားစေခဲ့တယ်။ ဆရာ ဒီစာတွေက အင်တာနက်ကနေ ဆွဲချရင် ရတယ်။ Google Search Engine နဲ့ အခြားသော အင်တာနက်မှာ ပညာရှာတဲ့ ၀ဘ်ဆိုက်စနစ်ကို စနစ်တကျ သုံးတတ်ရင် သုတေသန စာတမ်းတွေနဲ့ အရေးပါတဲ့ စာတွေကို ရှာဖွေလို့ ရနိုင်ကြောင်း ပြောပြလိုက်တယ်။ လက်တွေ့လည်း သူလိုချင်တဲ့ စာတမ်းတွေ၊ ဆောင်းပါးတွေကို ရှာဖွေပြလိုက်တော့ တော်တော်သဘောကျသွားတယ်။
ကွန်ပျူတာ သုံးတဲ့သူတွေ မရှိမဖြစ်လိုအပ်တဲ့ Adobe System ရဲ့ အရှေ့တောင်အာရှဆိုင်ရာ ဒါရိုက်တာ Vicky Skipp ပြောသွားတဲ့ အချက်က လေ့လာစရာကောင်းတဲ့ အချက်ပါ။ Vicky က အနာဂတ်မှာ ဖြစ်ပေါ်လာမယ့် ကျောင်းတွင်း သင်ပြခြင်းနဲ့ သင်ယူခြင်း နှစ်ခုလုံးကို ဒစ်ဂျစ်တယ် နည်းပညာက ဦးဆောင်ပုံဖေါ်တော့မယ်လို့ ပြောဆိုသွားပါတယ်။ ဒစ်ဂျစ်တယ် မီဒီယာက အနာဂတ် ပညာရေးမှာ အရေးပါမယ်လို့ ပြောဆိုလိုက်တာပါ။
အင်္ဂလိပ် 3Rs လို့ခေါ်တဲ့ အရေး၊ အဖတ်နဲ့ အတွက်အချက်တွေက ပညာရေးမှာ အရေးပါနေဆဲ ဖြစ်ပေမယ့် ဒီနေ့ခေတ်မှာ ဒီသုံးခုနဲ့ မလုံလောက်တော့ဘူးလို့ ပြောဆိုပါတယ်။ ၂၁ ရာစု ပညာရေးမှာ ဆင်ခြင်တွေးခေါ်ခြင်း၊ သတင်းနဲ့နည်းပညာ၊ ကျန်းမာရေးနဲ့ အသက်ရှင်နေထိုင်မှု၊ ပူးပေါင်းဆောင်ရွတ်တတ်မှု၊ ခေတ်အမြင်ရှိမှုနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ငွေကြေး တတ်နိုင်မှုတို့က အရေးပါလာတယ်လို့ ပြောဆိုလိုက်တာပါ။ အင်္ဂလိပ်လိုတော့ 3Cs - creativity, communication and collaboration တို့ဖြစ်ပါတယ်။
ကျောင်းသားတဦးရဲ့ ဗဟုသုတ ရရှိနိုင်မှုအတွက် သင်ကြားရေး ပုံစံက သိပ်ကိုအရေးပါပါတယ်။
သုတေသန တွေ့ရှိချက်တွေအရ ဆိုရင် ဆရာတွေ ပို့ချတဲ့ သင်ခန်းစာကနေ (၅) ရာခိုင်နှုန်း၊ စာဖတ်ခြင်းကနေ (၁၀) ရာခိုင်နှုန်း၊ ခေတ်ပေါ်နည်းပညာတွေဖြစ်တဲ့ ဗွီဒီယိုနဲ့ ရုပ်သံ အသုံးပြုခြင်းကနေ (၂၀) ရာခိုင်နှုန်း၊ သရုပ်ပြမှုတွေကနေ (၃၀) ရာခိုင်နှုန်း၊ အုပ်စုလိုက် ဆွေးနွေးခြင်းကနေ (၅၀) ရာခိုင်နှုန်းအထိ ဗဟုသုတ ရရှိနိုင်တယ်လို့ ဖေါ်ပြထားပါတယ်။ ကလေး တွေကို လုပ်ခွင့်ပြုပြီး လေ့ကျင့်ပေးခြင်းကနေ (၇၅) ရာခိုင်နှုန်းထိ ရရှိနိုင်တယ်လို့ ဖေါ်ပြထားပါတယ်။
ဒီနေ့ခေတ် ပညာရေးက နည်းပညာနဲ့ ကင်းကွာလို့မရတဲ့ ခေတ်ဖြစ်လာပါတယ်။ စာပေရေးသူပဲဖြစ်ဖြစ်၊ ကျောင်းဆရာပဲ ဖြစ်ဖြစ် ကွန်ပျူတာ ကျွမ်းကျင်မှုမရှိရင် နေ့စဉ်နဲ့အမျှ ဖြစ်ပေါ်နေတဲ့ အတွေးအခေါ် အယူအဆ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြောင်းလဲမှုတွေရဲ့နောက်မှာ ကျန်ရစ်ခဲ့မှာ ဖြစ်ပါတယ်။ သင်ရိုးညွန်းတမ်းနဲ့ ဆက်စပ်တဲ့ သင်ကြားရေးဆိုင်ရာ နည်းစနစ်တွေ၊ ဗဟုသုတတွေက အရင်တုန်းကလို စာကြည့်တိုက်တွေကို အချိန်ကုန်၊ ငွေကုန် လူပမ်းပုံစံမျိုးမဟုတ်ပဲ ငွေကြေးနဲ့ နည်းပညာ အတန်အသင့် ကျွမ်းကျင်မှုရှိရင် အိမ်ခန်း၊ ရုံးခန်းကနေ အသုံးပြုနိုင်တဲ့ ခေတ်ကို နိုင်ငံတကာနဲ့ မြန်မာ့အိမ်နီးချင်း တိုင်းပြည် တွေမှာပါ ရောက်နေပါပြီ။ သုတေသနစာတမ်းတွေ၊ အရေးကြီးတဲ့ စာအုပ်တွေကို အင်တာနက်ကနေ ဒီနေ့ထုတ် ဒီနေ့ဝယ်လို့ ရနေတဲ့ခေတ် ဖြစ်နေပါပြီ။
ဒီနေ့ခေတ် ဆရာတဦးက သင်ရိုးညွန်းတမ်း၊ ဖတ်စာတခုကို အကိုးအကားမပါပဲ သင်တဲ့ ဆရာကတော့ ခေတ်မမီတော့တဲ့ ဆရာ၊ တနည်းပြောရင်တော့ ဆရာမလုပ်သင့်တဲ့ အဆင့်ကို ရောက်နေပါပြီ။ ရည်ညွှန်းကျမ်းနဲ့ နောက်ဆက်တွဲ ဖတ်ရှုလေ့လာရမည့် စာအုပ်၊ စာတမ်း Vicky Skipp ကတော့ ထိုင်းအစိုးရသစ်ရဲ့ ကျောင်းသားတွေကို Tablet Computer တွေ ဝေငှတာကို အကောင်းဘက်ကနေ ရှုမြင်ပါတယ်။ ဒီကျောင်းသားတွေက အနာဂတ်ကာလမှာ ထိုင်းနိုင်ရဲ့ အရေးပါတဲ့ လုပ်သား အင်အားစုအတွက် နည်းပညာတပ်ဆင် ပေးလိုက်တာလို့ မြင်ပါတယ်။
မြန်မာနိုင်ငံမှာ ပညာရေးစနစ်တခုလုံးကို ပြုပြင်ပြောင်းလဲမှု မလုပ်ရင် ကမ္ဘာ့အဆင့်မပြောပါနဲ့ဦး။ ၂၀၁၅ ခုနှစ်မှာ ပေါ်ပေါက်လာမယ့် အာဆီယံ စီးပွားရေး အသိုက်အမြုံမှာတောင် ၀င်ဆန့်နိုင်ဖို့ တော်တော် ကြိုးစားနေရဦးမှာ ဖြစ်ပါတယ်။
သမိုင်းဌာန တွဲဖက်ပါမောက္ခတဦးက အီးမေးလ်၊ အင်တာနက် မသုံးတတ်ပဲ ခေတ်သစ်သမိုင်းကို သင်နေတဲ့ မြန်မာ့ပညာရေးစနစ်နဲ့ ခေတ်မီနိုင်မှာ မဟုတ်ဘူးလို့မြင်မိပါတယ်။ ဒီနေ့ ခေတ်တင် မဟုတ်ပါဘူး၊ လူ့ ယဉ်ကျေးမှု သမိုင်းခေတ်အဆက်ဆက်မှာ အတွေးအခေါ်နဲ့ နည်းပညာ နောက်ကျတဲ့ တိုင်းပြည်က ခေတ်နောက်ကျ ကျန်ရစ်ခဲ့တာကို တချိန်တုန်းက ကျနော့်ဆရာ သမိုင်းပါမောက္ခ သိမယ်ထင်ပါတယ်။
မောင်ရမ္မာ
Source: Getting creative in education
Notice: Undefined index: data in /home/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238








