သေမှာကြောက်သူများ

http://4.bp.blogspot.com/-MBgSzuyuPvI/Tu7W7k9xCKI/AAAAAAAAAGE/UimxWDH0Amg/s1600/DSC04259.JPG

မနေ့က ဒေါ်အောင်ဆန်းစုကြည် ပဲခူးကိုသွားတော့ ကျွန်တော်နေခဲ့တဲ့ ရပ်ကွက်ထဲကို သွားတယ်။ ဇိုင်းဂနိုင်း တောင်ပိုင်းဆိုတာ ကျွန်တော် ကြီးပြင်းခဲ့ရတဲ့နေရာ။ ဒေါ်အောင်ဆန်းစုကြည်ကို အောင်ဇေယျာ စာသင်တိုက်ထဲ လှေကလေးနဲ့ တွေ့လိုက်ရတယ်။ အဲဒီကျောင်းဝင်းထဲက ရေဟေ့ဆိုတာနဲ့ လက်ခုပ်တစ်ဖောင်လောက် နက်တဲ့ နေရာပေါ့။ အဲဒီနေရာကို ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် ဘာအသက်ကယ်အင်္ကျီမှလည်းမဝတ်ဘဲ သွားတာကို ကြည့်ပြီး စိုးရိမ်သွားမိတယ်။

သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းတုန်းကလည်း ဒီလိုပဲ။ အကွယ်တွေ၊ အကာတွေ ဘာတစ်ခုမှ ဂရုမစိုက်လို့ သေခဲ့ရတာ။ တိုင်းပြည်နဲ့ လူမျိုးအတွက်ပဲ စိတ်ထဲမှာထားပြီး တာဝန်နဲ့ စာနာစိတ်ရှိတဲ့ ပုဂ္ဂိုလ်မျိုးတွေမှာ သူတို့ အသက်ဆိုတာထက် ပြည်သူတွေရဲ့ အသက်ကိုပဲ စိုးရိမ် ပူပန်တတ်ကြတာလား။

ကျွန်တော် ဘာကို သွားသတိရသလဲဆိုတော့ ကျောင်းဖွင့်လို့ ရိုးမတောင်ကြောကို ပြန်မယ်ဆိုပြီး ဆရာ၊ ဆရာမ တွေ ပဲခူးကနေ စုထွက်ကြတယ်။ အဲဒီအချိန်က မိုးဦးစောပြီး ရေလမ်းပေါက်တာကြောင့် ပဲ့ထောင်နဲ့ သွားရမှာ ဆိုတော့ သက်သာသွားတာပေါ့။ လမ်းလျှောက်ရမယ်ဆိုရင် မိုင် ၃၀ ကျော်ခရီး လွယ်တာမှ မဟုတ်တာ။

ပဲ့ထောင်တွေက မနက် ၄ နာရီလောက်ဆိုရင် ထွက်ချင်နေပြီ။ ဒါမှ ရွာကို ရေဆန်တက်ရတာဆိုတော့ ည ၇ နာရီလောက်မှရောက်မှာ။ ခက်တာက ကျွန်တော်တို့ကျောင်းကို ကျောင်းအုပ်အသစ်လာမှာဆိုတော့ သူ့ကိုလည်း စောင့်ရသေးတယ်။ ရှားရှားပါးပါး ကျောင်းဖွင့်ချိန်မှာ ကျောင်းအုပ်လည်း ပါလာမှာဆိုတော့ ပျော်သွားကြတာပေါ့။ အားလုံး နာရီတကြည့်ကြည့်နဲ့စောင့်နေချိန်မှာ ၅ နာရီလောက်မှ ကျောင်းအုပ်ဆိုတာ ရောက်လာတယ်။

လာပုံကလည်း ကြည့်ဦး ဆိုက္ကားပေါ်ကဆင်းလာတော့ အသက်ကယ် အင်္ကျီကြီးဝတ်လို့။ အဝါရောင် အသက် ကယ် အင်္ကျီက အထင်းသား။ လက်ထဲမှာလည်း ပလတ်စတစ်ပုံးကြီးနှစ်လုံးကို ပိုက်လာသေးတယ်။ သူ့အထုတ်တွေကို ပဲ့ထောင်သမားလေးက သွားယူပေးပြီး ပဲ့ထောင်ကို ထွက်ခဲ့ကြတယ်။

ပဲ့ထောင်ပေါ်မှာ ဆရာ၊ ဆရာမ ၁၅ ယောက်လောက်ပါတယ်။ ကျောင်းအုပ်တစ်ယောက်တည်းက အသက် ကယ် အင်္ကျီကြီးနဲ့ ပလတ်စတစ်ပုံးကြီးနှစ်လုံးကို လက်က မချတော့ဘူး။ သူက

“ဦးတင်ညွန့် .. ခင်ဗျားတို့ ဘာလို့ အသက်ကယ် အင်္ကျီ မဝတ်တာလဲ” တဲ့။ ဆရာမလေးတွေဆီက တခစ်ခစ် ရယ်သံတွေ ထွက်လာတယ်။ ဒီလိုင်းမှာ ကျွန်တော် သွားနေတာ ၇ နှစ်လောက်ရှိပြီ။ တောသူတောင်သားတွေ ကြားထဲ အသက်ကယ်အင်္ကျီဝတ်လာတာ သူတစ်ယောက်တည်း တွေ့ဖူးသေးတယ်။ ဒါကြောင့် စိတ်ပေါက် ပေါက်နဲ့

“အားလုံးက သေလူတွေလို့ သဘောထားပြီး ဒီဒေသမှာ လာနေကြတာပါဆရာကြီး။ ရေနစ်သေတာလောက်က တော့ မမှုလောက်ပါဘူး” လို့ပြောလိုက်မိတယ်။

ဟုတ်ပါတယ်။ အားလုံးသော ဆရာ၊ ဆရာမလေးတွေက လှေမှောက်မှာ ရေနစ်မှာ ဘာမှ မစိုးရိမ်ဘဲ တာဝန်ထမ်းဆောင်ဖို့ လာနေချိန်မှာ အသက်ကယ်အင်္ကျီကြီးနဲ့ သေမှာကို ကြောက်နေတဲ့ ခေါင်းဆောင် တစ်ယောက်ကိုတော့ ကျွန်တော် စကတည်းက လေးစားလို့ မရတာအမှန်ပဲ။

၎.၈.၂၀၁၅

Powered by Bullraider.com