ကမ္ဘာ့အစိုးရသာ မဖွဲ့စည်းနိုင်လျှင် နည်းပညာက လူသားများကို ဖျက်ဆီးမည်ဟုဆို

http://www.trueactivist.com/wp-content/uploads/2016/04/sh.jpg

နည်းပညာသည် လူသား၏ချုပ်ကိုင်မှုကိုသာ ခံရန်လိုပြီး၊ အနာဂတ်တွင် တီထွင်မှုများကို ကမ္ဘာ့အစိုးရ ကဲ့သို့သော အဖွဲ့အစည်းတစ်ခုခုဖြင့် ထိန်းချုပ်နိုင်ခြင်း မရှိပါက လူသားတို့မျိုးပြုတ်သည်အထိ ဖျက်ဆီးခြင်း ခံရနိုင်ဖွယ်ရှိကြောင်း ကမ္ဘာကျော် ရူပဗေဒပညာရှင် စတီဖင် ဟော့ကင်း၏ ပြောကြားချက်ကို The Times တွင် ဖော်ပြထားသည်။

လူသားကဲ့သို့သော လုပ်ဆောင်နိုင်စွမ်းရှိသည့် ဉာဏ်ရည်တု (AI) စက်ပစ္စည်းများကို တီထွင်ထုတ်လုပ်လာ နိုင်ခြင်းက နျူကလီးယား သို့မဟုတ် ဇီဝလက်နက်စစ်ပွဲများကို ဦးတည်နေပြီး ထိန်းချုပ်နိုင်ခြင်းမရှိလျှင် ပျက်သုဉ်းခြင်းကို ဦးတည်သွားမည်ဖြစ်ကြောင်း ယင်းကဆိုသည်။

လူ့ယဉ်ကျေးမှုစတင်ကတည်းက ရန်လိုမှုများနှင့် မကင်းနိုင်ကြသေးသည့် လူ့ဘောင်တွင် နည်းပညာတိုးတက် လာမှုများကို ယုတ္တိနည်းကျကျ၊ အမြော်အမြင်ရှိရှိဖြင့် ထိန်းချုပ်ရန်လိုအပ်ကြောင်း စတီဖင် ဟော့ကင်းကပြော ကြားသည်။

လူသားတို့၏ တီထွင်မှုများနှင့် ရန်လိုမှုများအပေါ် ကမ္ဘာ့အစိုးရတစ်ရပ်အသွင်ဖော်ဆောင်ပြီး ထိန်းချုပ်ရန် ကလွဲ၍ အခြားနည်းမရှိကြောင်း၊ ကမ္ဘာပျက်ကိန်းသည် လူသားတို့ကြောင့်ပင် ဖြစ်လာစရာရှိကြောင်း လက်ရှိ ကင်းဘရစ်ခ်ျတက္ကသိုလ်၊ ရူပဗေဒဌာနတွင်တာဝန်ထမ်းဆောင်နေသည့် ပါမောက္ခဟော့ကင်းက The Guardian သတင်းစာမှ သူ၏ဆောင်းပါးတွင်လည်း ဖော်ပြထားသည်။

လူ့ဘောင်သမိုင်းတွင် အားလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်နေကြောင်း၊ ပတ်ဝန်းကျင် သဘာဝနှင့် ရာသီဥတု ပြုပြင်ပြောင်းလဲမှုများကလည်း လူသားကိုခြိမ်းခြောက်နေပြီး၊ အစားအစာများ ရှားပါး လာခြင်း၊ လူဦးရေပေါက်ကွဲလာခြင်း၊ သက်ရှိမျိုးစိတ်များ သေဆုံးပျက်စီးလာခြင်း၊ ကူးစက်ရောဂါများ ပိုမိုဖြစ် ပွားလာခြင်း၊ သမုဒ္ဒရာများ အက်ဆစ်ဓာတ်လွှမ်းမိုးလာခြင်းတို့ကလည်း လူသားတို့၏ ပျက်သုဉ်းမှုကို စိန်ခေါ်နေပြီး အားလုံးပြန်လည်ထူထောင်တည်ဆောက်ကြရန်လိုကြောင်း အကြံပြုရေးသားထားသည်။

လာမည့် နှစ်ပေါင်း ၁၀၀ အတွင်း လူသားတို့သည် အခြားဂြိုဟ်များပေါ်တွင် နေထိုင်နိုင်ရေးကို ကြိုးပမ်း ဆောင်ရွက်လာနိုင်သော်လည်း လက်ရှိအနေအထားတွင် အချင်းချင်းထိန်းသိမ်းပြီး စောင့်ရှောက်သွားနိုင်မှ သာလျှင် လူသားတို့၏ဘဝတည်မြဲနိုင်မည်ဖြစ်သည်။

ပါမောက္ခဟော့ကင်းသည် အလားတူသတိပေးချက်မျိုးကို ယခုနှစ်စပိုင်း ဇန်နဝါရီလ ၇ ရက်နေ့တွင် BBC သတင်းဌာနနှင့် အင်တာဗျူး၌ ပြောကြားခဲ့ပြီး၊ ယခုတစ်ကြိမ် The Times သတင်းဌာနနှင့် အင်တာဗျူးတွင် လည်း ကမ္ဘာကြီးသည် နည်းပညာကြောင့် ပျက်စီးသွားနိုင်ကြောင်း ထပ်မံသတိပေးခဲ့သည်။

Powered by Bullraider.com