ရာသီဥတု ပြောင်းလဲမှု သင်ခန်းစာ အမေရိကန်ကျောင်းများတွင် ဟန့်တားခံနေရဆဲ

အမေရိကန်ပြည်ထောင်စုရှိ ကျောင်းများတွင် သင်ကြားရေးဆိုင်ရာ အကြံဥာဏ်များပေးနေသည့် ပညာရေးဆိုင်ရာ အမျိုးသား သိပ္ပံအသင်းကြီး (National Center for Science Education-NCSE) မှ ရာသီဥတုပြောင်းလဲမှု သင်ခန်းစာများအား သင်ကြားရန် ကမ်းလှမ်းလိုက်သည်။

အမေရိကန် ပြည်ထောင်စု လူမှုအသိုင်းအ၀ိုင်းတွင် လူသားတို့ကြောင့် ဖြစ်ပေါ်သော ရာသီဥတုဆိုင်ရာ ပြောင်းလဲမှုသည်၊ လိင်တူချင်း လက်ထပ်ထိမ်းမြားမှု၊ ပဋိသန္ဓေဖျက်ချမှု ကဲ့သို့ပင် ရှုပ်ထွေးလှသော အကြောင်းအရာ တရပ်ဖြစ်သည်။

အမေရိကန် ပြည်ထောင်စုရှိ ပညာရေးဆိုင်ရာ သိပ္ပံအသင်းကြီး (NCSE) သည်နိုင်ငံတ၀ှမ်းရှိ ကျောင်းများတွင် သင်ကြားရေးနှင့်ပတ်သတ်၍ အကြံပေးနေသော အဖွဲ့ကြီးဖြစ်သည်။ အမေရိကန်ပြည်ထောင်စုရှိ ကျောင်းအုပ်ချုပ်ရေးတာဝန်ရှိသူများ၊ ကျောင်းသားများနှင့် မိဘအများစုသည် ကျောင်းများတွင် ရာသီရာဥတု ပြောင်းလဲမှုသင်ခန်းစာများ သင်ကြားရေးနှင့်ပတ်သတ်၍ ကန့်ကွက် နေဆဲဖြစ်သည်။

NCSE အဖွဲ့ကြီးသည် နိုင်ငံတ၀ှမ်းရှိ ဆရာများအား ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ သင်ခန်းစာအား သင်ကြားနိုင်ရေး မည်ကဲ့သို့ ညှိနှိုင်းဆောင်ရွက် ရမည်ကိုအကြံပေးသွားမည်ဖြစ်သည်။

ဇန်ရ၀ါရီလ ၁၆ ရက်နေ့တွင်ပြုလုပ်ခဲ့သည့် ရီပါပလင်ကင် သမ္မတလောင်း စကားစစ်ထိုးပွဲတွင် ရာသီဥတု ပြောင်းလဲမှုနှင့်ပတ်သတ်၍ တဦးအပေါ်အဦး ပြစ်တင်ဝေဖန်သံများ တွေ့ရသည်။ ရာသီဥတု ပြောင်းလဲမှု သင်ခန်းစာသင်ကြားရေးသည် ယခင်က လူသားဆင့်ကဲဖြစ်စဉ် (Evolution) ကို သင်ကြားစဉ်က ကဲ့သို့ အခက်အခဲများရှိကြောင်း ပညာရေးဆိုင်ရာ အမျိုးသားသိပ္ပံ အသင်းကြီး၏ ဒါရိုက်တာ Eugenie Scott မှ ပြောဆိုခဲ့သည်။

ရာသီဥတု ပြောင်းလဲမှုသင်ခန်းစာ ဆန့်ကျင်ရေးလှုပ်ရှားမှုကို တက္ကသိုလ် အဆင့်တွင်ပြုလုပ်လေ့ရှိကြသည်။ ဗာဂျီးနီးယားပြည်နယ် ရှေ့နေချုပ် Ken Cuccinelli သည် ဗာဂျီးနီးယားတက္ကသိုလ်မှ ရာသီဥတု သိပ္ပံပညာရှင် Michael Mann ၏သိပ္ပံသုတေသန အထောက်အထားများကို တရားရုံးမှတဆင့် ရရှိကြိုးပမ်းနေသည်။

တက္ကသိုလ်၏ရှေ့နေမှ ရှေ့နေချုပ် Ken Cuccinelli သည် ပညာရှင်တို့၏ သုတေသန ဆိုင်ရာ လုပ်ငန်းများကို ထိပါးနေကြောင်း စွတ်စွဲ ပြောဆိုခဲ့သည်။

အမေရိကန် ပြည်ထောင်စု တ၀ှမ်းရှိ ကျောင်းများတွင် ဆရာများ အနေဖြင့် လူသားတို့ဆင့်ကဲ ပြောင်းလဲမှု သီအိုရီ ( Evolution)၊ ရာသီဥတု ပြောင်းလဲမှု ( Climate Change) နှင့် ပင်မဆဲလ် (Stem Cell) ကဲ့သို့သော အယူအဆများကို ကျောင်းများတွင် ဆွေးနွေးရန် ဥပဒေ ဖြင့် ကန့်သတ်ထားဆဲ ဖြစ်သည်။ လူဝီစီနီးယား ပြည်နယ်တခုသာလျင် ၄င်းအယူအဆများကို ဆွေးနွေးရန် ခွင့်ပြုထားသည်။

သို့ရာတွင် အချို့သောခရိုင်ရှိ ကျောင်းများသည် ရာသီဥတု ပြောင်းလဲမှုသင်ခန်းစာအား သင်ကြားရန် စိတ်ဝင်စားမှု ရှိလာကြပြီဖြစ်သည်။ ကယ်လီဖိုးနီးယား ပြည်နယ် Las Alamitos ခရိုင်တွင် ကျောင်းသား ၁၅၀၀၀ ကျော်ကို ကိုယ်စားပြုသည့် ကျောင်းအုပ်ချုပ်ရေးမှ ရာသီဥတု ဆိုင်ရာ ပြောင်းလဲမှုကို ကျောင်းများတွင် သင်ကြားရန် မဲပေးဆုံးဖြတ် ခဲ့သော်လည်း နောက်ပိုင်းတွင် ကျောင်းအာဏာပိုင်များမှ ၄င်းသဘောထားကို ပြောင်းလဲခဲ့သည်။

ရှုပ်ထွေးလှသော ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကို ဆရာများအား သင်ကြားရေး တောင်းဆိုမှုသည် လူသားတို့၏ ဆင့်ကဲဖြစ်စဉ် အယူအဆအား ကျောင်းများတွင် သင်ကြားစဉ် ဖန်ဆင်းရှင်များဘက်မှလည်း ၄င်းတို့အနေဖြင့် ကျောင်းများတွင် သင်ကြားရန် အချိန်ကို ညီတူညီမျှ ပေးသင့်ကြောင်း တောင်းဆိုမှုနှင့် တူကြောင်း ပညာရှင်များမှ ထောက်ပြခဲ့သည်။

အမေရိကန် အထက်တန်းကျောင်းများတွင် ရာသီဥတု ပြောင်းလဲမှုနှင့်ပတ်သတ်၍ အခြေခံကျသည့် ကမ္ဘာကြီး ပူနွေးလာမှုသည် လူသားတို့ လုပ်ရပ်၏ အစိတ်အပိုင်းတရပ်သာ ဖြစ်သည်ဟု သင်ကြားနေသည်။

လွန်ခဲ့သည့်နှစ်က ပြုလုပ်ခဲ့သည့် Nesta အဖွဲ့၏ သုတေသန စစ်တမ်းတွင် ဆရာ ၂၅ ရာခိုင်နှုန်းမှ ကျောင်းများတွင် ရာသီဥတု ပြောင်းလဲမှုနှင့်ပတ်သတ်၍ သင်ကြားရန် ကျောင်းသားများ၊ မိဘများ၊ ကျောင်းအုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် ပြသနာ ဖြစ်ခဲ့ကြောင်းတွေ့ရှိရသည်။

အမျိုးသားသိပ္ပံဆရာများအစည်းအရုံး ( National Science Teacher Association) မှပြုလုပ်သည့် စစ်တမ်းတွင် ရာသိဥတု ပြောင်းလဲမှုသင်ခန်းစာ သင်ကြားရေးနှင့် ပတ်သတ်၍ ဆရာ ၈၂ ရာခိုင်နှုန်းသည် အခက်အခဲရှိကြောင်း၊ ၂၆ ရာခိုင်နှုန်းသော ကျောင်းအုပ်ချုပ်ရေးတာဝန် ရှိသူများမှ ရာသီဥတု ပြောင်းလဲမှုသည် လူသားတို့၏ လုပ်ရပ်ကြောင့် ဖြစ်သည်ဆိုသော အယူအဆကို ယုံကြည်မှု မရှိကြောင်း တွေ့ရှိခဲ့သည်။

ရာသီဥတု ပြောင်းလဲမှု သင်ခန်းစာသင်ပြမှုအား ဟန့်တားနေပါက နောင်မျိုးဆက်သစ်တို့သည် ရာသီဥတု ပြောင်လဲမှု ဗဟုသုတ ကင်းမဲ့ကာ စိုးရိမ်ဖွယ်ရာ ဖြစ်ကြောင်း အမေရိကန် ဆရာတဦးမှ ပြောဆိုခဲ့သည်။

စောပြည့်ညို

Sources; US teachers offered support for climate change lessons

Powered by Bullraider.com
Robots also like to read your comments! ...yes, they have feelings too! ;)All students should learn that subject. | JSocial Comments by PloPixel