အိမ်သာမရှိတဲ့ ယောက်ျားကို ကျောခိုင်းခဲ့တဲ့ အိန္ဒိယ အမျိုးသမီး ဒေါ်လာ ၁ သောင်းဆုရ
- Details
- Category: မောက္ခနိုင်ငံတကာသတင်း
- Published on Tuesday, 14 February 2012 13:12
- Written by ၀င့်ထန်း
- Hits: 8526

အိန္ဒိယနိုင်ငံ Madhya Pradesh ပြည်နယ် ကျေးရွာတစ်ရွာမှ ပူပူနွေးနွေး လက်ထပ်ပြီးစ အမျိုးသမီးတစ်ဦးဟာ သူ့ယောက်ျားအိမ်မှာ အိမ်သာမရှိတဲ့အတွက်၊ အိမ်သာ ဆောက်ပေးဖို့ ပြတ်ပြတ်သားသား တောင်းဆိုခဲ့တာကြောင့် ယခုနှစ်မှာ သူရဲကောင်းဆု ချီးမြှင့်ခံရပါတယ်။
Anita Narre ဆိုတဲ့ အမျိုးသမီးငယ်ဟာ မနှစ်က မေလမှာ လက်ထပ်ခဲ့ပြီး၊ နှစ်ရက်အကြာမှာ သူ့ယောက်ျား Shivram ရဲ့ နေအိမ်ကနေ ဆင်းလာခဲ့ပါတယ်။ အကြောင်းကတော့ သူ့ယောက်ျားအိမ်မှာ အိမ်သာမရှိလို့ပါ။
ရှစ်ရက်ကြာပြီးမှ ယောက်ျားဖြစ်သူက သူ့ရဲ့ ချွေးနည်းစာနဲ့ ကောင်းမွန်တဲ့ အိမ်သာတစ်လုံး ဆောက်လုပ်ပေးမှ Anita Narre က အိမ်ပေါ် ပြန်တက်ခဲ့ပါတယ်။
ခင်ပွန်းဖြစ်သူကို အိမ်သာဆောက်ဖို့ ဖိအားပေးခဲ့တဲ့ Anita Narre ကို အမျိုးသမီး သူရဲကောင်းအဖြစ် အိန္ဒိယရှိ NGO အဖွဲ့တစ်ဖွဲ့က ဒေါ်လာ ၁ သောင်း မကြာခင်က ဆုချီးမြင့်ခဲ့ပါတယ်။
အိန္ဒိယ လူဦးရေ သန်းတစ်ထောင်ကျော်မှာ တစ်ဝက်က အိမ်သာမရှိဘဲ နေ့စဉ် ကြုံရာ အပြင်ဘက်မှာ အခင်းသွားလေ့ ရှိပါတယ်။ မိလ္လာနဲ့ ရေဆိုးစနစ် ညံ့ဖျင်းမှုကြောင့် အမျိုးသမီးတွေမှာ ကျန်းမာရေး မညီညွတ်မှုနဲ့ ကူးစက်ရောဂါတွေ ရရှိကြပါတယ်။
ခင်ပွန်းသည် Shivram က အလုပ်သမားတစ်ယောက်ဖြစ်လို့ သူ့ဝင်ငွေနဲ့ အိမ်သာဆောက်နိုင်စွမ်းမရှိကြောင်း ပြောပါတယ်။
“ကျနော် စုဆောင်းထားတာလေးရယ်၊ တရွာလုံးက ကျနော့်အဖြစ်ကို မကြည့်ရက်လို့ ၀ိုင်းပေးကြတာရယ်နဲ့ အိမ်သာ အမြန်ဆောက်လိုက်ပါတယ်။ အတော် သန့်ရှင်းသေသပ်တဲ့ အိမ်သာလေးပါ။ အဲဒါဆောက်ပြီးမှာ ကျနော့် မိန်းမ ပြန်လာပါတယ်”
Anita Narre ကတော့ ဘီဘီစီကို သူ အိမ်သာတောင်းဆိုရတဲ့အကြောင်း ပြောပြပါတယ်။
“ကျမတို့ အမျိုးသမီးတွေ အနေနဲ့ အိမ်ပြင်ထွက် အခင်းသွားဖို့ဆိုတာ ဘယ်လိုမှ မသင့်တော်ဘူး။ ကျန်းမာရေး အတွက်လည်း မကောင်းဘူး၊ အန္တရာယ်လည်း ရှိတယ်၊ လူလည်းမြင်တယ်၊ အိမ်တစ်အိမ်မှာ အိမ်သာတစ်လုံးတော့ ရှိသင့်တာပေါ့။ အမျိုးသမီးတိုင်း အိမ်သာ ကောင်းကောင်းရှိတဲ့ ယောက်ျားမျိုးကိုပဲ လက်ထပ်သင့်တယ်”
ယခုတော့ အိန္ဒိယအစိုးရနဲ့ NGO အဖွဲ့တွေ ပူးပေါင်းပြီး လူလတ်တန်းစားတွေအတွက် ရေဆွဲအိမ်သာ (toilet) နဲ့ ဆင်းရဲသားများအတွက် တွင်းအိမ်သာ (latrine) ရရှိရေး အပူတပြင်း လှုံ့ဆော်ဆောင်ရွက်နေပါတယ်။
Source: BBC
Notice: Undefined index: data in /home/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238








