ဝေါလ်စထရိလမ်းမကြီးကို သိမ်းပိုက်ကြ လှုပ်ရှားမှုအကြောင်းကို တက္ကသိုလ်များတွင် ဆွေးနွေးသင်ကြား

တက္ကသိုလ်၊ ကောလိပ်အတော်များများမှာ ရေပန်းစားလာခဲ့သော ဤသိမ်းပိုက်ရေးလှုပ်ရှားမှုသည် ကျောင်းပရ၀ုဏ်ထဲမှနေ၍ စာသင်ခန်းထဲသို့ ၀င်ရောက်လာခဲ့ပြီဖြစ်သည်။ အမေရိကန်နိုင်ငံတ၀ှမ်းလုံးရှိ တက္ကသိုလ်အများအပြားတို့၌ မကြာသေးမီက ဤလှုပ်ရှားမှု၏သမိုင်းအကြောင်း သင်ခန်းစာများ ပို့ချနေကြပါသည်။

ကျောင်းပရ၀ုဏ်များအတွင်း ဆန္ဒပြလှုပ်ရှားမှုများဟာ စာသင်ကျောင်းခန်းအတွင်း အရေးပါလှတဲ့ သင်ခန်းစာတွေဖြစ်လာကြပါတယ်

နယူးယောက်တက္ကသိုလ်မှ လီဆာဒတ်ဂန် (Lisa Duggan) သည် “ယဉ်ကျေးမှုများနှင့် စီးပွားရေးများ- ဝေါစထရိလမ်းမကြီးကို အဘယ့်ကြောင့် သိမ်းပိုက်သနည်း (Cultures and Economies: Why Occupy Wall Street?)” ခေါင်းစဉ်ဖြင့် ယဉ်ကျေးမှု ဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ ပိုင်းခြားသုံးသပ်ချက်သင်ခန်းစာကို ပို့ ချနေ လျှက်ရှိသည်။ ဒတ်ဂန်သည် “ယဉ်ကျေးမှုများနှင့် စီးပွားရေးများ” သင်ခန်းစာကို ပို့ချလာခဲ့သည်မှာ နှစ်အနည်းငယ်ကြာခဲ့ပြီဖြစ်သည်။ သို့ရာတွင် ဤနှစ်၌ ကျောင်းသားများကို ဆွဲဆောင်နိုင်ရေးအတွက် ဤအချိန်သင့်၊ အခါသင့် အကြောင်းအရာကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။  

ကျောင်းပရ၀ုဏ်များအတွင်း ဆန္ဒပြလှုပ်ရှားမှုများဟာ စာသင်ကျောင်းခန်းအတွင်း အရေးပါလှတဲ့ သင်ခန်းစာတွေဖြစ်လာကြပါတယ်

“ဒီနှစ်တော့ - ဝေါလမ်းမကြီးကို သိမ်းပိုက်ကြ - ဆိုတဲ့အကြောင်းကို ပို့ချဖို့ လိုလိမ့်မယ်လို့ထင်တယ်။ ဒီလိုကိစ္စမျိုးက ယဉ်ကျေးမှု တရပ်ထဲက စီးပွားရေးသမိုင်းကို သင်ကြားပို့ချရာမှာ ကျမ အသုံးချလို့ရတဲ့ ကိစ္စမျိုးပါပဲ” ဟု  WNET's Thirteen ၏ မေးဖြေခန်း တခုတွင် ဒတ်ဂန်က ပြောကြားခဲ့သည်။

နိုင်ငံတကာအသိအမှတ်ပြု တကမ္ဘာလုံးဆိုင်ရာတိုက်ပွဲကြီး ဖြစ်မလာသေးမီ၊ စစချင်းမှာပင် ကျောင်းသားများက ဤလှုပ်ရှားမှုကြီးကို ကြိုဆိုခဲ့ကြသည်။ နိုဝင်ဘာလနှောင်းပိုင်း၊ ဝေါစထရိလမ်းမကြီးကို သိမ်းပိုက်ထားနေခဲ့စဉ် ကာလအတွင်းမှာ တက္ကသိုလ်ဌာနဆိုင်ရာနှင့် ကျောင်းသားရေးရာ စည်းရုံးရေးမှူးများက “ကျောင်းသားအကြွေးများ သိမ်းပိုက်ကြ” လှုပ်ရှားမှုကြီးကို စတင်ခဲ့ကြသည်။ ကျောင်းသား များက အရေးတော်ပုံကြီးနှင့် သွေးစည်းညီညွတ်ကြောင်း အလျှင်အမြန် ပြသကြကာ၊ ကျောင်းပရ၀ုဏ်များထဲတွင် တက္ကသိုလ်အကျိုးကို သာ ဦးစားပေးသော ဘတ်ဂျက်သတ်မှတ်ချက်များ၊  ကျောင်းသားကြွေးမြီများ ကိစ္စကို ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

ချီကာဂိုမှ ရို့စဘဲ့တက္ကသိုလ်မှာလည်း လှုပ်ရှားမှုသမိုင်းနှင့်ပတ်သက်၍ "နေရာတိုင်းကို သိမ်းပိုက်ကြ (Occupy Everywhere)" အမည်ရှိ နိုင်ငံရေးသိပ္ပံသင်ခန်းစာကို ပို့ချခဲ့သည်။ ဘရောင်းတက္ကသိုလ်မှ ဒဲရက် ဆေ့ဒမန်း (Derek Seidman) ကလည်း "သမိုင်း ဇာတ်ခုံပေါ်ရှိ သိမ်းပိုက်ရေးလှုပ်ရှားမှု (The Occupy Movement in Historical Context)" ဟု ခေါ်သော ဆွေးနွေးပွဲတရပ်ကို ဦးစီးဟောပြောခဲ့သည်။ ဆန်ဒိုင်ဂို၊ ကာလီဖိုးနီးယားတက္ကသိုလ်မှ အိုက်ဗန်အီဗန် (Ivan Evan) ကမူ သိမ်းပိုက်ရေးလှုပ်ရှားမှုကို အခြေခံလျက် "လူမှုရေးလှုပ်ရှားမှုများ"သင်ခန်းစာကို ပို့ချခဲ့သည်။

ကိုလံဘီယာတက္ကသိုလ်မှ မနုဿဗေဒကျောင်းသားများနှင့် ဘွဲ့ရပြီးကျောင်းသားများက လာမည့် ၃ လ ပတ် စာသင်ကာလမှာ "လေ့လာရေးနယ်မြေကို သိမ်းပိုက်ကြ - ကမ္ဘာ့ဘဏ္ဍာရေး၊ မညီမျှမှုနှင့် လူမှုအရေးတော်ပုံ (Occupy the Field: Global Finance, Inequality, Social Movement)" မနုဿဗေဒသင်ခန်းစာကို ဆည်းပူး လေ့လာနိုင်ကြမည်ဖြစ်သည်။

ဤသင်ခန်းစာကို ဝေါလမ်းမကြီးကို သိမ်းပိုင်ကြ လှုပ်ရှားမှုတွင် ပါဝင်နေသူတဦးဖြစ်သော ဟန်နာ့အက်ပယ် Hannah Appel ကိုယ်တိုင်ပို့ချမည်ဖြစ်ပြီး၊  သင်ခန်းစာက ကွင်းဆင်းလေ့လာရေးလုပ်ငန်းကို အဓိကထားသော သင်ခန်းစာဖြစ်ရာ၊ ၄င်းက ကျောင်းသားများအား စာသင်ခန်းပြင်ပ လှုပ်ရှားမှုတွင် ပါဝင်ကြစေမည်ဖြစ်သည်။

မောင်မောင်သန်း
Source: Occupy Wall Street Heads To Class With College Courses On The Movement, Huffington Post

Powered by Bullraider.com

Notice: Undefined index: data in /home/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238