မူလတန်းကျောင်းအုပ် အထက်တန်းပြလစာ၊ အလယ်တန်းကျောင်းအုပ် ပြန်တမ်းဝင်အဆင့် မကြာမီ တိုးမြှင့်ပေးမည်
- Details
- Category: ပညာရေးသတင်း
- Published on Thursday, 09 February 2012 09:15
- Written by မင်းသုအောင်
- Hits: 890
ရန်ကုန်၊ ဇန်နဝါရီ ၂၆
မူလတန်းကျောင်းအုပ်များကို အထက်တန်းပြဆရာလစာအဖြစ် တိုးမြှင့်သွားမည့်အပြင် အလယ်တန်းကျောင်းအုပ်များအား ပြန်တမ်းဝင်အရာရှိ အဆင့်ဖြစ်အောင် ဆောင်ရွက်ပေးသွားမည့် အစီအစဉ်ကို ရေးဆွဲနေပြီဟု ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးအေးကြူထံမှ သိရသည်။
”ဒါတွေကို အခုလုပ်နေပြီ။ ပြီးရင် သမ္မတကြီးကို တင်ပြသွားမယ်” ဟု ဒုတိယဝန်ကြီးက ဆိုသည်။
၎င်းတို့အနေဖြင့် ထိုကဲ့သို့ ဆောင်ရွက်ရခြင်းမှာ မြန်မာ့ပညာရေး အဆင့်အတန်း ပိုမိုမြင့်မားလာရေး အတွက်ဖြစ်ပြီး ပညာရေးကဏ္ဍ၌ အဓိကကျသည့် ဆရာ၊ ဆရာမ များကိုအဆင့်မြှင့်တင်ပေးလိုခြင်းဖြစ် ကြောင်းအဆိုပါပုဂ္ဂိုလ်ကပြောသည်။
”ဒီလို ဆောင်ရွက်ပေးမယ်။ ဒါပေမဲ့ ပြီးပြီးရော ရော့ အင့် ဆိုပြီး ချက်ချင်း အဆင့်တိုးမြှင့်ပေးသွားမှာတော့ မဟုတ်ဘူး။ အကဲဖြတ် ဆန်းစစ်မှုတွေနဲ့ ဆောင်ရွက်ပေးသွားမယ်” ဟု ဒုတိယဝန်ကြီးက ဆက်လက်ပြောသည်။
B.Ed ဘွဲ့ ရရှိထားသူများ၊ တောနယ်များ၌ တာဝန်ထမ်းဆောင် နေသူများ၊ ထူးခြားစွမ်းဆောင်ရည် ရှိသူများနှင့် စကောလားရှစ်ဆုကို ဆွတ်ခူးပေးနိုင်သည့် ကျောင်းများ သည် ရာထူးနှင့် လစာတိုးမြှင့်မှုကို ပိုမိုအခွင့်အရေး ရရှိနိုင်မည်ဟု ပညာ ရေးဝန်ကြီးဌာနမှ သိရသည်။
အကဲဖြတ်မှု မှတ်တမ်းအဆင့် အေ၊ ဘီ၊ စီ၊ ဒီ နှင့် အီး တို့အထိ ပိုင်းခြားစနစ်ဖြင့် မကြာမီ အကောင် အထည်ဖော်သွားမည်ဟု ဒုတိယဝန်ကြီးကပြောသည်။ ယင်းသို့ တိုးမြှင့်ခြင်းစနစ်သည် အခြခံပညာကျောင်းများသို့ အမျိုးသားဆရာများ ပိုမို ဝင်ရောက်လာစေရန်အတွက် ဖြစ်ကြောင်း၊ အနာဂတ်ကာလတွင် ကျောင်းဆရာ အလုပ်ကို အသက်မွေးဝမ်းကျောင်းဆိုင်ရာ အလုပ်ရွေးချယ်ရာတွင် ထည့်သွင်း လာစေရန်အတွက်ဖြစ်ကြောင်း ၄င်းက အနာဂတ် မျှော်မှန်းချက်ကိုပြောသည်။
လက်ရှိတွင် အခြေခံပညာအဆင့် ဆရာ၊ ဆရာမ စုစုပေါင်း သုံးသိန်းနီးပါးခန့်ရှိပြီး ဆရာ၊ ဆရာမ ၆ဝဝဝ ဦးတွင် ပြန်တမ်းဝင်တစ်ဦးသာ ရှိသည်။ ယခု ပြုလုပ်မည့် စနစ်အရ ဆိုလျှင် ဆရာ၊ ဆရာမ ၂ဝဝ ဦးတွင် ပြန်တမ်းဝင်အရာရှိ တစ်ဦး ရှိလာမည်ဟု ဒုတိယဝန်ကြီးက ပြောသည်။
မင်းသုအောင် (Popular Myanmar)
Notice: Undefined index: data in /home/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238









