မြန်မာနိုင်ငံပညာရေးကို ပြန်လည်ဆန်းစစ်၍ ပြုပြင်ပြောင်းလဲဆောင်ရွက်ရန်အဆိုကို လွှတ်တော်အတည်ပြု


မြန်မာနိုင်ငံပညာရေးကို ပြန်လည်ဆန်းစစ်၍ ပြုပြင်ပြောင်းလဲဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၈) မှ ဒေါက်တာမြင့်ကြည်ကအဆိုပြုခဲ့ရာ အတည်ပြုခဲ့ကြောင်း သိရှိရသည်။ ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ဇန်န၀ါရီလ ၃၀ ရက်က ကျင်းပခဲ့ရာ ယင်းအဆိုကို  လွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြသည်။

၎င်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံဆွေးနွေးခဲ့ကြပြီး အဆိုနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးကြူက နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာများအဖြစ် အဆင့်မြှင့်တင်ပြုစုရန်နှင့် ခေတ်နှင့်အညီအသုံးချမှု လက်တွေ့ သင်ကြားပို့ချမှုများဖြင့် အသိဉာဏ်နှင့်ကျွမ်းကျင်မှုကို ပြုစုပျိုးထောင်ပေးရန်တို့အတွက် နှစ်စဉ်ဘာသာရပ်သင်ကြားရေးအဖွဲ့ အစည်းအဝေးများ ကျင်းပပြုလုပ်ပြီး မွမ်းမံရေးဆွဲ အတည်ပြုချက်ရယူ၍ သင်ကြားပို့ချလျက်ရှိကာ တတ်မြောက်မှုကို ဖော်ထုတ်သော စစ်ဆေးသည့်စနစ်ကို ကျင့်သုံးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံရှိ တက္ကသိုလ်တချို့သည် အာဆီယံတက္ကသိုလ်များ ကွန်ရက်အဖွဲ့ဝင် တက္ကသိုလ်များဖြစ်၍ အခြားအဖွဲ့ဝင် ထိပ်တန်းတက္ကသိုလ်များ၏ ပညာရေးအဆင့်မီစေရေးအတွက် ထိုတက္ကသိုလ်များ၏ အုပ်ချုပ်မှုစနစ်နှင့် လိုက်လျောညီထွေရှိသော အုပ်ချုပ်မှုစနစ်ဖြစ်အောင် ဆောင်ရွက်လျက်ရှိကြောင်း တက္ကသိုလ်များကို နိုင်ငံတကာတက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် မူဝါဒနှင့်ကိုက်ညီမှုရှိမရှိကိုသာစိစစ်ပြီး ကိုက်ညီပါက လွတ်လပ်စွာ ဆက်သွယ်ဆောင်ရွက်ခွင့်ပေးထားကြောင်း ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

Ph.D Thesis များနှင့် တခြားဘာသာရပ်ဆိုင်ရာအထူးပြု Level အလိုက် ဆောင်ရွက်လျက်ရှိသော သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာ၍ လက်တွေ့နယ်ပယ်တွင် တိုက်ရိုက်အသုံးချနိုင်သော အသုံးချသုတေသနများ ပိုမိုဆောင်ရွက်ခြင်းကို အားပေးလျက်ရှိပြီး ရရှိလာသော သုတေသန တွေ့ရှိချက်များကို သုတေသနစာတမ်းများအဖြစ်ပြုစု၍ သုတေသနရလဒ်များနှင့် တွေ့ရှိချက်များအား အသုံးချနယ်ပယ်တွင် ပေါင်းစပ်ဆောင်ရွက်ရန် အသိပေးလျက်ရှိကြောင်း နိုင်ငံတကာပညာသင်ဆုများဖြင့် ပါရဂူဘွဲ့သင်တန်းသား (၁၀၈) ဦး၊ မဟာဘွဲ့သင်တန်းသား (၉၆) ဦး၊ သုတေသန သင်တန်းသား (၁၄၈) ဦး၊ Training သင်တန်းသား (၈၀၆) ဦး၊ Study Tour (၅၀၃) ဦး၊ ဆွေးနွေးပွဲတက်ရောက်သူ (၈၉၈) ဦး စုစုပေါင်း (၂၅၈၆) ဦးတို့အား ပြည်ပသို့စေလွှတ်ခဲ့ပြီး နှစ်စဉ်တိုးချဲ့စေလွှတ်လျက်ရှိကြောင်း အခြေခံပညာကဏ္ဍတွင် ပညာရေး ရည်မှန်းချက်များနှင့်အညီ ဆရာအပါအ၀င် ပညာရေးဝန်ထမ်းများ၏ လူမှုဘ၀နှင့် အရည်အသွေးမြင့်မားရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး မိဘ၊ ဆရာပူးပေါင်း၍ ကျောင်းသားများ၏ ပညာရည်တိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်းဖြင့်  ပညာရေးဝန်ကြီးဌာန  ဒုတိယ၀န်ကြီး ဦးအေးကြူက ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကာ ယင်းအဆိုကို လွှတ်တော်က အတည်ပြုခဲ့ကြောင်း သိရသည်။

ရေးသားသူ - ထွန်းထွန်း (အင်တာနက်ဂျာနယ်)

Powered by Bullraider.com

Notice: Undefined index: data in /home/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238