တက္ကသိုလ် ဆရာ၊ ဆရာမများကို ဥရောပသမဂ္ဂအဖွဲ့က ခေါ်ယူသင်ကြား
- Details
- Category: ပညာရေးသတင်း
- Published on Monday, 13 February 2012 04:51
- Written by မေသဉ္စာ
- Hits: 855
ရန်ကုန်၊ ဖေဖော်ဝါရီ ၉ — သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်နှင့် ကောလိပ်တို့မှ သင်ကြားရေးဆိုင်ရာ ဆရာ၊ ဆရာမများအား ဥရောပသမဂ္ဂအဖွဲ့ (အီးယူ) မှ ခေါ်ယူ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါဝန်ကြီးဌာန လက်အောက်ရှိ ဆရာ၊ ဆရာမများအား စိစစ်ရွေးချယ်ကာ ယခုနှစ်အတွင်း စတင်၍ ခေါ်ယူမှုများရှိလာကြောင်း ၄င်းဌာနမှ သိရသည်။ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနလက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ်အသီးသီးတို့မှ စာမေးပွဲစစ်ဆေးသည့် စနစ်ပုံစံနှင့် သင်ကြားနည်းစနစ်ပုံစံတို့ကို ပြုပြင်ပြောင်းလဲနေမှုများ ပြုလုပ်လျက်ရှိသည့်အတွက် သင်ကြားရေး ဆရာ၊ဆရာမများ၏ အခန်းကဏ္ဍပိုမိုအရေးကြီးလာကြောင်း သိရသည်။
´´အခုဒီနှစ်ဆန်းမှာ သင်ကြားရေးပိုင်းနဲ့ ပတ်သက်ပြီး သင်ကြားပေးတာ၊ ဒါပထမဆုံးပါပဲ။ အရင်တုန်းက ဆက်သွယ်မှုတွေရှိခဲ့တယ်။ အခုအစပိုင်းမှာ နည်းနည်းစီပဲခေါ်သေးတယ်။ နောက်ပိုင်းမှာတော့ ဒီထက်ပိုပြီးခေါ်မယ်လို့ ထင်တယ်´´ဟု အဆိုပါဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ထိုကဲ့သို့ နိုင်ငံခြားတိုင်းပြည်များမှာသင်ကြားရေးပိုင်းကိုသာမ ဘွဲ့လွန်နှင့် ဘွဲ့ကြိုသင်တန်းသားများကိုလည်း ပညာသင်ကြားပေးရန် ကမ်းလှမ်းမှုများ ရှိလာကြောင်း သိရသည်။
´´အခုလိုမျိုး သင်ကြားပေးတာ သင်ယူစေတာမျိုးတွေ လုပ်သင့်တာ ကြာပါပြီ။ မြန်မာပြည်ရဲ့ ပညာရေးတစ်ခေတ် ဆန်းလာဖို့ မျှော်လင့်လို့ရပါပြီ။ ပညာသင်ဆု ပေးတာတွေက အရင်ကတည်းက ရှိတာပါ။ အခုနောက်ပိုင်းမှာ ပိုများလာတာအမှန်ပဲ။ အာရှနိုင်ငံတွေထဲမှာဆိုရင် တောင်ကိုရီးယား၊ တရုတ်၊ ထိုင်း၊ စင်ကာပူ၊ ဘရူနိုင်းနိုင်ငံတွေက ပိုပြီး ကမ်းလှမ်းလာကြတယ်။ အခု ဥရောပသမဂ္ဂအဖွဲ့က သင်ကြားပေးတာဆိုတော့ ပညာရေးအနေအထား ဒီထက်ပိုပြီး အခွင့်အလမ်များလာပါပြီ´´ ဟု နေပြည်တော်ရှိသိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
နောက်ပိုင်းတွင် ပြည်တွင်းရှိတက္ကသိုလ်၊ ကောလိပ်များတွင် ဆရာ၊ဆရာမများ ဖိဖိစီးစီးသင်ကြားနိုင်ရန် သက်ဆိုင်ရာဘာသာရပ်အလိုက် တက္ကသိုလ်များ ခွဲကာ သင်ကြားပေးသွာနိုင်ရန်စီစဉ်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ဘွဲ့လွန်နှင့် ပါရဂူတန်းများကိုလည်း ယခုနှစ်မှ စတင်ကာ ရန်ကုန်နှင့် မန္တလေးတို့ရှိ သတ်မှတ်ထားသည့်တက္ကသိုလ်နှစ်ခုတွင်သာ တက်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။
မေသဉ္စာ (ပန်းသတင်းဂျာနယ်)
Notice: Undefined index: data in /home/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238









