ကျောင်းဆောင်ပြိုကျ၍ ကျောင်းသူ၊သား ၃၀ဦး ဒဏ်ရာရ

သက်ပြည့် ပင်စင်ယူမည့် ကျောင်းအုပ် ဆရာကြီးကို နှုတ်ဆက်စဉ် ကျောင်းဆောင် ပြိုကျ၍ ကျောင်းသူ၊ သား ၃၀ဦး ဒဏ်ရာရ 

မုံရွာ- ဇူလိုင် ၂၃ 
မုံရွာမြို့၊ ဒေါနခြံရပ်ကွက်၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ် ဆရာကြီး ဦးဝင်းဖေသည် ပင်စင် (သက်ပြည့်) ယူမည်ဖြစ်သဖြင့် ကျောင်းသားကျောင်းသူများနှင့် ဆရာဆရာမများ ကျောင်းအုပ် ဆရာကြီး ရုံးခန်းသို့အသွား ပင်မဆောင် အနောက်ထိပ် န၀မတန်း အဆောင်ရှေ့အရောက်တွင် ကျောင်းဝရံတာ ပြိုကျသဖြင့်ကျောင်းသား ကျောင်းသူ (၃၀) ခန့်နှင့်ကျောင်းဆရာ တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

“ပုံမှန်ရက်တွေမှာ ဒီဝရံတာက လူအများ သွားလာတာ မရှိပါဘူး။ဒီနေ့ ကျောင်းအုပ်ဆရာ ကြီးနှုတ်ဆက်ဖို့ ကျောင်းသား ကျောင်းသူတွေ အသွားများတော့ ပြိုကျသွားတယ်။ ၀ရံတာမှာ ခြပုန်းတွေ တက်နေတာကြာပြီ ဆိုတော့ဆွေးမြေ့ပြီး ပြိုကျ သွားတာပါ။

ထိခိုက်ဒဏ်ရာရတဲ့ ကျောင်းသားကျောင်းသူတွေ အားလုံး ဆေးဝါးကုသမှု ခံယူနေပါတယ်”ဟုအ.ထ.က (၂) မှ ကျောင်းဆရာမ တစ်ဦးကပြောသည်။

အဆိုပါပင်မ ကျောင်းဆောင် ၀ရံတာပြိုကျ ပျက်စီးမှုကြောင့် ကျောင်းဆရာတစ်ဦးနှင့် ကျောင်းသား ကျောင်းသူ ၃၀ ခန့် ဒဏ်ရာရရှိပြီး မုံရွာပြည်သူ့ဆေးရုံကြီးတွင်း အတွင်းလူနာအဖြစ် ကျောင်းသားကျောင်းသူ (၂၉) ဦး ပြင်ပလူနာ အဖြစ် (၂) ဦး ဆေးဝါးကုသမှု ခံယူလျက်ရှိကြောင်း သတင်းရရှိပါသည်။

မုံရွာမြို့တွင် အထက်တန်းကျောင်း ၃ ကျောင်းရှိပြီး အထက ၂ သည် ဒေါနခြံရပ်ကွက်၊ မုံရွာပြည်သူ့ဆေးရုံကြီး ဘေးကပ်လျက်တွင် တည်ရှိသည်။

ဓာတ်ပုံ- မျိုးမင်းဦး

7 Day News Journal

Powered by Bullraider.com